သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မြတ်လှိုင်း၊ တည်ဘွားဦး၊ ဒီလူ(တောင်တွင်းကြီး)၊ ဖေတင်ညွန့်တို့၏ကဗျာများ

ငါ့အတွေးနဲ့ သူများမြို့ပြ
ficboek.blogspot.com
 ဒီနေ့
ငါလာခဲ့တယ်
ငါကိုယ်ငါ ထမ်းပြီးလာခဲ့တယ်
အလွမ်းမပါခဲ့နဲ့လို့
ငါ့အတွေးကိုကြေညာပြီး ငါလာခဲ့တယ်။
ဟောဒီမြို့ပြထဲ
ငါ တောခိုလာခဲ့တယ်
စိတ်ဓါတ်ဝတ်စုံကိုလုံခြုံရဲ့လားလို့
ကြိမ်ဖန်များစွာအမေးအမြန်းထူပြီး
ငါခံနိုင်ရည်အားကိုဖိနပ်အဖြစ် စီးနင်းခဲ့တယ်။
ငါလာခဲ့တဲ့
လွတ်လပ်တက်ကြွလေရိုင်းကို
ဟန့်တားထားတဲ့အစိမ်းရောင်တောင်ကုန်းတွေဆီ
ဦးခေါင်းမပါ ဒူးခေါင်းမပါပဲ
ရင်ဘတ်ကိုဗုံအရိုင်းလိုတီးပြီး လာခဲ့တယ်။
နေရစ်ခဲ့တော့ မီ
တေးသီသံတွေက မချိုဘဲ
ဒုက္ခကချိုနေတဲ့လမ်းဟာ
လေးဘက်နံရံကိုခပ်ကြမ်းကြမ်းနမ်းနေရမယ်
မင်းလွမ်းချင်လွမ်းကြည့်ပါ
တစ်တောလုံးကြွေနေတဲ့အနီရောင်ပန်းတွေ
လွမ်းကြည့်စမ်း။
ညှော်နံ့တွေနဲ့
ခန္ဓာကိုယ်ပုတ်အဲ့နေတဲ့မြို့ပြဟာ
လက်နက်ချသွားတယ်
ကန်းသွားတဲ့ကျေးလက်တွေ ကျူးကျော်ဝင်ရောက်လာကြ
အနာဂတ်မရှိတဲ့ပေတရာတွေအပေါ်မှာ
ဥဒဟိုလျှောက်ရင်းလမ်းပျောက်နေကြတဲ့
ဦးခေါင်းအခွံတွေ
ငါ့ရဲ့မအံ့သြတတ်တော့တဲ့စိတ်ထဲ
ခိုးကြောင်ခိုးဝှက်ရောက်လာတယ်။
ငါမအံ့သြတတ်တော့ဘူး
လူကလူဟန်ပြန်ဆောင်နေရတာလောက်
ဘာကပိုအံ့သြစေမှာလဲ
ငါတွေကိုပြပြီးဆန်တောင်းလို့မရပေမယ့်
ငါတွေရဲ့အဆီအနှစ်ကိုစုတ်ယူနေကြတယ်
အဲဒီတော့
အရိုးချည်းကျန်ခဲ့တဲ့မြို့ပြ
မနက်ဖြန်တွေ အတုန်းအရုန်း ပွင့်နေကြမယ်
ဒါလှတယ်ဆိုပြီးပြောနေကြတဲ့လူတွေကို
ငါဘဝတစ်ခြမ်းနဲ့
အလွမ်းတွေဝေငှပေးခဲ့ရတာ
မတန်ဘူး မီ။     ။

မြတ်လှိုင်း
 …
 ကြက်တူရွေး 
www.judaica-art.com
စာမတတ်တဲ့ နိုင်ငံတော်ကြီးမှာ
မင်းက
စာတော်တော်တတ်နေတာလား
မင်းက
ကြက်တူရွေးလား
မင်းက
ရွှေခဲလား
စာမတတ်တဲ့ နိုင်ငံတော်ကြီးမှာ ။ ။

တည်ဘွားဦး
၂၂ ၁ ၂၀၁၂
 လူ-အထာ(၃)
loniduekart.wordpress.com
 ကိုယ့်ကီးနဲ့ကိုယ်ဟစ်ပြီး
ဝင်သွားတဲ့ အသံက နောင်တ
မျှော်လင့်ချက်ကိုဘရိတ်မဖမ်းမိတာ မှားပြီ\မှန်ပြီ
မသေသေး လို့ မသိသေးဘူး
ငါ့ကိစ္စကို ဘယ်လိုကျန်ရစ်သူတွေ
အိပ်မက် မက်ပြကြမလဲ။ ။

ဒီလူ(တောင်တွင်းကြီး)
10.8.2016
 ပန်းချီကားနှင့်ကဗျာဆရာ
6iee.com
  ပန်းချီကားတစ်ချပ်တန်ဖိုးက
ကဗျာဆရာရဲ့အိတ်ကပ်ကိုစိတ်
ကြွလာအောင်နိုးဖို့ခက်တယ်
သိမ်ငယ်စိတ်နဲ့အားနာစိတ်
ထပ်တူကျသွားတဲ့အချိန်
ပန်းချီကားကိုကြည့်ဖို့တောင်မဝံ့ရဲခဲ့
လေလံဆိုတဲ့ယဉ်ကျေးမှုထဲ
ကဗျာဆရာက ဟိုးတဖက်စွန်းစွန်းမှာ
စာနာနားလည်မှုကို
ကဗျာဆရာတွေကြား
ဖြန့်ခင်းပေးလိုက်တဲ့ပန်းချီဆရာရဲ့အကြည်သားဓာတ်ဟာ
အနုပညာအားကြီးမှုကို
မီးမောင်းထိုးပြစရာမလိုတော့
ပန်းချီကားတစ်ချပ်ကို
ဘယ်သူမလိုချင်ဘဲရှိပါ့မလဲကွယ်
အရေအတွက်မညီမျှလို့
မဲနဲ့ဆုံးဖြတ်ခံလိုက်ရတဲ့မြားက
ကျနော့်ရင်ဘတ်ထဲတည့်တည့်ကြီးအေးခနဲခံစားရ
ကိုယ့်ကံကြမ္မာကို ယုံကြည်လွန်းလို့
မမျှော်လင့်ခဲ့ပါဘူးကွယ်
မြားချက်ကပြင်းလွန်းလို့
ဟန်ဆောင်ငြင်းငြင်းဖို့တောင်မေ့သွာခဲ့ပြီ
ကဗျာဆရာဘဝမှာ
ပန်းချီကားတစ်ချပ်အပိုင်ရဖူးတာ
ပထမဆုံးအကြိမ်ဖြစ်လို့
ဒီပန်းချီကားကိုလည်းတန်ဖိုးမဖြတ်ရဲ
ဒီပန်းချီဆရာကိုလည်းတန်ဖိုးမဖြတ်ရဲ
ဒီကဗျာဆရာကတော့ မိုးမမြင် လေမမြင်ပျော်လို့ ။ ။

*ပန်းချီဆရာကိုငယ်'(ပုဂံ) သို့


ဖေတင်ညွန့်


Comments