သစ်ခက်သံလွင် ကဗျာစင်မြင့်၊ သူရနီ၊ ဆောင်းဝေ(နတ်မောက်)၊ အောင်ခိုင်မြတ်တို့၏ကဗျာများ

အုတ်ဂူဘေးက ကနုတ်ပန်း (၅ )
www.wikiart.org
သမင်လိုက်အကလေလား
ဇာပန်းခက်ထိုးနေပုံလား
ပန်းတွေတဇောင်း ပွင့်နေဟန်လား
ပွင့်ဦးကို ဝဏ္ဏပဘာနဲ့ လွမ်းရတယ်
သစ္စာကိုတော့ သည်ဆောင်းဟေမာန်နဲ့လွမ်း
ဆည်းဆာကိုတော့ ရတုဘုရင်နဲ့လွမ်းရမယ်
မိုးသက်လေနှင်ကတော့
ဘယ်တော့မှ မကျက်တဲ့အနာပဲ။
ဂီတနက်သန်တေးသွားတွေက
လူတစ်ရစ် နတ်တစ်ရစ်ပြုလုပ်ထားတဲ့
လိမ္မော်ရောင် လိရိကတွေဟုဆိုလျှင်
အလွမ်းနဲ့ အတိပြီးတဲ့ နတ်ဘုရားက
စောစောငြိမ်းသွားတဲ့ ကိုစောညိန်းဖြစ်တယ်။

သူရနီ
နာကျင်သောရေစိုစက္ကူ 
fr.wahooart.com
 ပိုသိလာတာ ကြိုက်ပေမယ့်
အသက်ပိုကြီးလာတာတော့ မကြိုက်ဘူး
မကြိုက်လည်း like ခဲ့ရတော့မှာပဲ
အစက ကော်ဖီမှာတံဆိပ်ကိုရွေးတယ်
ခု အရသာက ငါ့ကိုရွေးတယ်
Comment ကိုရှောင်ကွင်းကာ
အာရုံကိုပြောင်းရွေ့ကြည့်တော့
အမြဲချောင်းမြောင်းနေတဲ့အချစ်ကိုတွေ့ရှိ
ငါလည်း အနာခံပြီးဓားနဲ့ထစ်ကြည့် ။
ဒါဟာ
မနေ့ညကပြောဖို့ကျန်ခဲ့တဲ့ဆက်သွယ်ချက်ပါ
ဘယ်မှမရောက်ရှိလိုဘဲနဲ့ ကားပေါ်ပြေးတက်မိ
အချစ်ကို နံရံဆီပစ်ပေါက်ခဲ့သော်လည်း
ပြန်ကန်ထွက်လာတဲ့အချစ်က
သူရှေ့တည့်တည့်ကကမ္ဘာကြီးကိုသွားမှန်ပါတယ်
အချစ်နဲ့ဝေးတော့
ဒဏ်ရာနဲ့ပိုနီးလာပါတယ်။
ဘ၀ဆိုတာ ရောက်တဲ့နေရာကနေ
ဘာသာစကားနဲ့လိုက်ဆက်ရတာမဟုတ်လား
ငါကုန်သွားတာတောင်
စကားတွေက
ဒီဘ၀မကုန်တော့ဘူးလား
ငါ့မှာ ကုန်စရာမရှိတော့ပါ။
ရှင်းလင်းနေတာကို
မင်းမကြိုက်တော့တဲ့အခါ
မင်းကိုယ်တိုင် ရှုပ်ထွေးပစ်လိုက်ပါ
ဒီရေကိုနောက်ကျိပစ်လိုက်ပါ
ဘယ်လောက်ပြေးပြေး
အချစ်နဲ့မလွတ်နဲ့သွေးကြောပဲ
နာမည်တခုနဲ့အမြဲတိုက်မိပြီး
လဲလဲကျနေတဲ့လမ်းမပဲ ။
“နောက်ဆို
အရင်လိုတယောက်ထဲ တွေးတွေးမနေတော့နဲ့နော်” ဆိုတဲ့စကားနဲ့
ငါတယောက်တည်း
ပျက်ကျစွန်တွေလိုက်ငေးနေပါတယ်
မျက်နှာလွဲလိုက်ပါ
ငါက ရေစီးထဲမျောလာလို့ပါ
ကြည့်နေဆဲသက်တန့်တွေဟာ
တခုပြီးတခု ကွေးညွှတ်ပျောက်ကွယ်သွား
အချို့ နာမည်များဟာ ရွတ်ဆိုလို့ မကောင်းတော့ပါ ။
မင်းမျက်နှာမူရာအရပ် ရွေ့လျားသွားတဲ့အခါ
နံရံချိတ်တိတ်ဆိတ်ဂစ်တာမှာ တေးသွားမရှိတော့ပါ ။
နာကျင်သောရေစိုစက္ကူမှာ
နောက်ထပ်ရေးသား၍မဖြစ်နိုင်တော့ပါ ။ ။

ဆောင်းဝေ(နတ်မောက်)

တော်လှန်ရေးဝါဒီ
 
www.artbylt.com
တော်လှန်ရေးဝါဒီဟာ
တိတ်ဆိတ်ပြင်းထန်တယ်။
တော်လှန်ရေးဝါဒီဟာ
အနုပညာကိုခိုးဝှက်ပေါင်းသင်းတယ်။
တော်လှန်ရေးဝါဒီဟာ
အချိန်နဲ့အမျှ ရင်ကိုဖွင့်ထားတယ်။
တော်လှန်ရေးဝါဒီမှာ
တော်လှန်ရေးဟာဇိမ်ခံပစ္စည်း။
တော်လှန်ရေးဝါဒီဟာ
မိန်းမလျာလည်းဖြစ်နိုင်တယ်
ယောက်ျားလျာလည်းဖြစ်နိုင်တယ်။
တော်လှန်ရေးဝါဒီဟာ
ကဗျာလည်းရေးချင်ရေးမယ်၊
တော်လှန်ရေးဝါဒီကို
လူတွေကချစ်ကြတယ်။
အာဏာရှင်က
တော်လှန်ရေးဝါဒီကိုသတ်ပစ်ချင်တယ်။
ဒီကမ္ဘာက
တော်လှန်ရေးဝါဒီကိုမသေအောင် အမြဲကာကွယ်တယ်။
ဒီကမ္ဘာက
တော်လှန်ရေးဝါဒီကို
မြို့နာမည်တွေပေး
လမ်းနာမည်တွေပေး
ရုပ်တုတွေထု
တော်လှန်ရေးဝါဒီဟာ
ဘယ်တော့မှမသေဘူး။

အောင်ခိုင်မြတ်
ဇူလိုင်

Comments