သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ငြိမ်းဝေ(ကဗျာ့ အိုးဝေ)၊ ထွန်းဝင်းငြိမ်း၊ သင်းရည်လွင်၊ ကိုချမ်းမှိုင်းတို့၏ကဗျာများ

တောင်ပေါ်က လိမ့်ကျသွားတဲ့ သုံးလေးရက်
KT#
ရုတ်တရက်
တောင်ကမ်းပါးစွန်းတခုက
ငါ့ရှေ့မှာ ဘွားခနဲပေါ်လာတယ်။
လူသွားလမ်းကလေးဟာ တောင်ထိပ် ကမ္ဘားစွန်းမှာ လာပြီးမေးတင်လိုက်တယ်။
တောင်ထိပ်အစွန်း ခြေတဖ၀ါးစာ မြေကွက်ကလေးမှာ ငါရပ်တယ်
တဟူးဟူးနဲ့ ညှင်းသွဲ့သွဲ့ ကြားနေရတဲ့ လေတိုးသံကို ငါ နားထောင်တယ်
စစ်တောင်းမြစ်ဟာ ငွေဖဲကြိုးဖြူတချောင်းလို အရောင်တလက်လက်နဲ့ စီးနေတယ်
ကွင်း အစိမ်းနု အစိမ်းရင့်
တိမ် အနီရင့်ရင့် အနီနုနု။
ငါ
ခုန်ချလိုက်ပါပြီ
သုံးလေးရက်လောက်
ငါ့ခန္ဓာကိုယ်ဟာ လေထဲမှာ ၀ဲနေသေးတယ်
သစ်တောတွေပေါ် ရှပ်တိုက်သွားနေသေးတယ်
လယ်ကွင်းတွေပေါ် တရိပ်ရိပ် ဖြတ်လာခဲ့တယ်
ကျောက်တုံးတွေက ငါ့ခြေထောက်ကို မမီမကမ်း လှမ်းဆွဲတယ်
အဲဒီအချိန်
အဲဒီအခိုက်အတန့်မှာပဲ
ငါ့နားထင်ဆီဦးတည်လာနေတဲ့ ကျည်ဆံတတောင့်
ငါ့ခေါင်းကို ဖောက်ထွက်မသွားခင်
ငါ
အသက်ရှူ ရပ်ပစ်လိုက်ပြီး
ဘ၀ကို အနိုင်နဲ့ ပိုင်းလိုက်ရရင် ကောင်းမလား။ ။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)


အခင်းအကျင်း - ၂၁
Tun Win Nyein ဖေ့စ်ဘွတ်မှယူသည်

“လှေနံနှစ်ဖက် မနင်းပါနဲ့ မမြဝင်းရယ်
နင်းမယ့်နင်း ကျနော့်ဖက်သာ ရဲရဲကြီး နင်းလိုက်စမ်းပါ”

လွတ်လပ်ရေးခေတ်ဦးက
ဗိုလ်အောင်ဒင်ရဲ့
ခပ်ဖွဖွ ရယ်သံဟာ
ကျနော့်နောက်ကျောကို
မနေ့ညက လာမှန်ခဲ့တယ်။

အားလုံးမျှော်တဲ့အရာမို့
စနစ်တကျ ဖိတ်ခေါ်ပြီး
စင်ပေါ်က စော်ကားနေလည်း
သင့်မြတ်ရေးအပြုံးနဲ့
နှလုံးမွေ့နေရမယ်။

မိတ်ဆွေဆိုသူများရဲ့
နောက်ကြော ဓားနဲ့ထိုးတာလည်း
ခံနိုင်ရည်ရှိရမယ်။

အများညီနေတဲ့
ဤ ကိုလည်း ကျွဲ လို့
ဖတ်တတ်ရမယ်။

ခေါင်းညိတ်တတ်ပြီ
အရောင်ပြောင်းတတ်ပြီလား
ဘီလူးလိုလို၊ သိကြားလိုလိုနဲ့
ငါဟဲ့ ဘီကြားလို့ အော်ရဦးမယ်။

ရောယိမ်းလိုက်
ဘသားယိမ်းလိုက်တွေ
ကျားဖြစ်နေမှတော့
လူစင်စစ်က
ဖါးဖြစ်ဖြစ် ခရုဖြစ်ဖြစ်
ဈေးမဆစ်ရ ကြွေးကြော်သံတွေ
ပလူကို ပျံလို့။

တကယ် ကစားကြည့်တော့
ထိပ်တိုက်ဆိုတာချည်းပဲ
အချိန်တွေ မဖြုန်းချင်ဘူး
တုံးဆိုလည်း တိုက်မယ့်သူ
ကျားဆိုလည်း ကိုက်မယ့်သူ
အလိုရှိကြတာ ဆန်းသလား။

သူတို့တလျှောက်လုံး
အော်နေကြတာက
ဘယ်လိုဖြစ်ဖြစ် နိုင်ရမယ်
ရှုံးလည်းနိုင်ရမယ်တဲ့။

ငြိမ်းချမ်းရေး ဈေးပေါင်ကျိုးကာမှ
ပရိဿတ်ကို အားမကိုးရင်
အားပေးရကျိုး နပ်မယ်လို့
ခင်ဗျားတို့ရော ထင်မိပါသလား။

ထွန်းဝင်းငြိမ်း
(၃၊ ၉၊ ၂၀၁၆)


အ သံ သေ တ္တာ  
KT#
စိတ် လို လက် ရ
မ သီ ကြူး နိုင် တဲ့ နေ့  ရက် တွေ မှာ
စ ကား တို့ 
ရေ လို အေး ခဲ စေ ပြီး
မြုံ နေ တဲ့  အ နာ ဟောင်း လေး ကို
ဘယ် သူ မှ မ သိ အောင်
ကွယ် ဝှက် ထား ခဲ့  ။

သင်း ရည် လွင်
၂၀၁၆ ဇွန်


နိုင်ငံရေး
KT#
 ဒီဥဒါန်းမှာ ...
ရှင်ကွဲတွေ ကွဲခဲ့ကြ
သေကွဲတွေ ကွဲခဲ့ကြ

သူ့ ဓားကို
ရင်ဘတ်နဲ့  ထိုးသွင်းခဲ့သူချည်း ... ... ... ။

ကိုချမ်းမှိုင်း
သြဂုတ် ၊ ၂၀၁၆ ။

Comments