စာအုပ်တွေခိုးဖတ်
မွန်ထရီစီးကရက်တွေခိုးသောက်
ဂီတာကိုခိုးတီး
ကဗျာကိုခိုးရေး
နှင်းသီတာကိုခိုးငေးခဲ့ရတဲ့နေ့များ။
လက်ဖက်ရည်ဆိုင်တွေခိုးထိုင်
ကြယ်တံခွန်အချစ်ကလေးရေ
ပြန်ဆုံရာလမ်းဝေးနေတဲ့
ကြိတ်ဆွေးခဲ့တဲ့နေ့များ
ထန်းရည်တွေခိုးသောက်
ပန်းချီတွေခိုးဆွဲ
တက်တူးတွေခိုးထိုး
ငြီးငွေ့ဖွယ်စာသင်ခန်းတွေက
ဘယ်လိုမှမစွဲဆောင်နိုင်တဲ့နေ့များ။
ခင်ဗျားတို့ထပ်ပြီး
ဆူဆူပူပူလုပ်နေဦးမယ်ဆိုရင်တော့
စစ်တပ်ဆိုတာ
ဘယ်တော့မှမိုးပေါ်ထောင်ပစ်မှာမဟုတ်ဘူး
ရက်စက်လှတဲ့ဦးနေဝင်းရဲ့နောက်ဆုံးမိန့်ခွန်းနဲ့
ညစ်တွန်းတွန်းနေတဲ့ ပြည်သူတွေကြား
ဘောင်းဘီထဲလက်နှိုက်ပြီး
ပလက်ဖောင်းဘေးက
လျှောက်သွားခဲ့ရတဲ့နေ့များ။
နေပူသလိုအသည်းပူတယ်
ဘာကြောင့်လဲသိရဲ့လား
အော်ဆိုခဲ့တဲ့နေ့များ
မွေးရပ်မြေက
တရွေ့ရွေ့မှောင်မည်းချောက်ကပ်လာ
စစ်အစိုးရထပ်ရောက်လာချိန်
လူငယ်ဘဝအကောင်းဆုံးအရွယ်တိုင်း
သွေးထွက်အများဆုံးနေ့များ။
စာအုပ်တအုပ်နဲ့
လက်ဖက်ရည်တခွက်နဲ့ရင်ထဲမှာမီးများတောက်
စောင့်ရတာ မောလွန်းလို့
ငါမင်းဆီအပြေးလာခဲ့ရတဲ့နေ့များ
နှလုံးသားအိမ်မှာပူတယ်
ဆောင်းနှင်းမြူအေးတယ်
အခါးဆုံးအရက်ကိုမိတ်ဆွေလုပ်မယ်
ချိုပါတယ်ခဲ့ရတဲ့နေ့များ
လူငယ်ဟာ လူငယ်
မော်တော်ယာဉ်ဖန်ဆင်းခဲ့တယ်
မော်တော်ယာဉ်ကျော်ကာ လေယာဉ်ပျံတီထွင်သွားကြတယ်နဲ့
လမ်းထိပ်အုတ်ခုံထိုင်ပြီး
အားတင်းအော်ဆိုခဲ့ကြတဲ့နေ့များ
ကိုယ့်ကိုပျော်ရွှင်ယဉ်ကျေးအောင်
မထိန်းနိုင်ကျောင်းနိုင်ခဲ့တဲ့ကျောင်းတွေကို
စိတ်ပျက်လက်ပျက်အချိန်တွေမှာ
အသိုက်မရှိဘူး
ကူးချင်ရာကိုကူး
သွားချင်ရာကိုလွတ်လပ်တယ်လို့ရွဲ့ခဲ့တဲ့နေ့များ
တနေ့ပြီးတနေ့
ပြာပုံဖြစ်လာတဲ့နှစ်တွေထဲ
အံတွေကြိတ်ပြီး
သူပုန်စိတ်မွေးခဲ့ရတဲ့နေ့များ
ငါတို့မျှော်လင့်ချက်တွေကို
သေနတ်အလက်ပေါင်းများစွာနဲ့ဝိုင်းချိန်ထားတဲ့ခေတ်မှာ
ငါတို့တတွေ
ကဗျာတွေသီချင်းတွေနဲ့တော်လှန်ရေးခဲ့ကြ
မြင်နိုင်ရင်လေ
ကိုယ့်ရင်ထဲ
တားဆီးကြည့်မနေနဲ့
မြေအောက်နည်းလမ်းနဲ့
ကြံဖန်အသည်းကွဲရတဲ့နေ့များ
စာဖတ်တဲ့လူငယ်တွေရန်ရှာခံရမယ်
လူငယ်တယောက်ဟာ
အာာဏာရှင်ကိုမကျေနပ်လို့ရတဲ့နည်းနဲ့ပေါက်ကွဲပြီးရင်
ပြေးပေါက်တွေရှာထားရ
သယ်ဆောင်ရာအိတ်လည်းပြင်
ယာဉ်မြန်ကိုစီး
ခရီးထွက်ဖို့ဒို့လာနေပြီလေသီချင်းကိုဆိုရင်း
အိမ်ပြေးဖြစ်ခဲ့တဲ့နေ့များ
ဒီမိုကရေစီရမှ
ဆံပင်တွေညှပ်ပစ်မယ်
ငါတို့မတိုင်ပင်ဘဲ
တပြိုင်တည်းဆံပင်ရှည်ရှည်
လူငယ်တွေရဲ့နေ့များ။
ဟုတ်ခဲ့ပါတယ်
လူငယ်ဘဝ
ကြွေရွက်ဝါနေ့များ။
သြော်
လူငယ်လေးတဦး
လူငယ်လေးတဦးတွေ
ငါတို့လူငယ်လေးတဦးတွေ။
အောင်ခိုင်မြတ်
၁၄၊
ဖော်ဖော်ဝါရီ ၂၀၁၆
Comments
Post a Comment