သစ်ခက်သံလွင် တကိုယ်တော်ကဗျာ၊ ဆောင်းခူးလက်၏ကဗျာများ

ကမ္ဘာနှင့်လူသား
www.brooklynrail.org
လူသားက တီးခတ်
ကမ္ဘာက က ခုန် ။
ကမ္ဘာက ကခုန်
လူသားက သီဆို ။
လူသားက
လူ့ဆက်တင်ပြောင်း
ကမ္ဘာက
ကမ္ဘာ့ဆက်တင်ပြောင်း
အခြေအနေကောင်းဖို့
ဟာမိုနီအကြောင်းသင်ယူစို့ ။ ။

ဆောင်းခူးလက်
 တိုက်ဆိုင်မှုဟာ ခလုတ်တခု
www.abstract-art.com
တိုက်ဆိုင်မှုဟာ
ခလုတ်တခုဖြစ်တယ်ကွယ်။
အမေ..ရေ
ပစ္စုပ္ပန်တိုက်ဆိုင်မှု
ခလုတ်တခုဟာ
အတိတ်ကိုသွားဖွင့်မိပြီး
ပွင့်သွားတဲ့အတိတ်ဟာ
ခလုတ်တခုလို
အနာဂတ်ကို
လှန်းဖွင့်လိုက်တယ်ဆိုတာ
မိုးတွေပွက်ပွက်ရိုက်အောင်မိတဲ့
ဒီမနက်မှာပဲ အသေအချာ
သိလိုက်တယ်အမေ ။

ဆိုပါစို့
လက်ရှိမိုးတွေမိတော့
အမေဟာ
ပူဗျာပါနဲ့ ရေနွေးသောက်ဆေးတိုက်တဲ့
အတိတ်က မိုးမိခြင်းဟာ
ပွင့်သွားတဲ့အခါ
မေတ္တာရဲ့ကြီးမြတ်မှုကို အောက်မေ့ငတ်မွတ်ရ
အဲ့ဒီခံစားမှုကို
တဆင့်ပြန်တက်တွေးတော့
အတိတ်က ငါဟာ လူမမယ်တယောက်
လက်ရှိမှာ
ကြီးမြတ်တဲ့မေတ္တာနဲ့
လောကကိုထွေးပွေ့ရမယ်အရွယ်
အဲ့ဒီမှာပဲ
အနာဂတ်ခလုတ်ဟာ
ပွင့်သွားတယ်
အလွမ်းနဲ့
ငိုင်နေတဲ့ခေါင်းဟာ ထောင်လာတယ်
နံရံကိုမှီထားတဲ့ ကျောရိုးဟာ မတ်သွားတယ် ။ ။

ဆောင်းခူးလက်
31_8_2016
 …
 ကန္တာရလမ်း 
www.abstract-art.com
 နေ့စဉ်ရက်ဆက်
သေပန်းတွေပဲပွင့်တယ်။

ကျက်တီးကုန်းမြေက
ထွန်သွားတွေ ကျောမွဲရဲ့
အရောင်မွဲမွဲမျက်လုံးတွေဆီမှာ
ရာသီဥတုက အဆီအသား ခမ်းလွန်းတယ် ။

ရေသောက်မြစ်ဆိုတာ
ဘယ်တော့မှ နောက်ပြန်မဆုတ်ဘူး ။

ရုန်းကန်းခဲ့သမျှ
တဘဝလုံး ပွင့်ခွင့်မသာရှာတဲ့သစ်ပင် ။

သစ်ခြောက်ပင်ဘဝနဲ့သာ
ပန်းပမာချန်ခဲ့။

ဒါလည်း
သိသူအနည်းသာ
မသိသူအများမှာ ရယ်စရာပုံပမာ။ ။

ဆောင်းခူးလက်
4.9.2016
 …..
 တနင့်နင့်လမ်း 
www.huffingtonpost.com
ဆုံးပြီဆိုတဲ့စကားမှာ
ဘဝတခုဆုံးတယ်
အသက်တခုလျှော်ခဲ့တယ်
ဒါပေမဲ့
လျှောက်ရမယ့်လမ်းက
မဆုံးသေးဘူး
ရှင်းရမယ့်အမှိုက်တွေက
သခင်ပြန်အလာမျှော်ရင်း
လွင့်ကျန်နေတုန်း ။ ။

ဆောင်းခူးလက်
1.9.2016
 …
 ဆက်ဆံရေး 
stephentruax.com
 မျက်လုံးကို ဆက်ဆံနေပြီ
အရောင်တွေ
နားကိုဆက်ဆံနေပြီ
အသံတွေ
နှာခေါင်းကိုဆက်ဆံနေပြန်ပြီ
အနံ့တွေ
လျှာထဲစိမ့်အောင်ဆက်ဆံနေတယ်
အရသာတွေ
တကိုယ်လုံးသိမ်းကျုံးဆက်ဆံနေပြန်ပြီ
ထိစရာတွေ
ငါတို့အမြဲတန်းဆက်ဆံနေကြတယ်
ဆက်ဆံရေးကအရေးကြီးပါတယ်လို့
ငါမပြောဘူးလား။ ။

ဆောင်းခူးလက်

Comments