သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ဇေမှိုင်း၊ ငြိမ်းချမ်းအောင်၊ ယောဟန်အောင်တို့၏ကဗျာများ

လွန်ခဲ့သော
totallyhistory.com 
 
အချိန်တွေ အများကြီးပါ
         မလုပ်ချင်လို့ မလုပ်ခဲ့တာနဲ့
         မလုပ်နိုင်လို့ မလုပ်ခဲ့တာပဲ,
         လုပ်လို့မရတာတော့မပြောကြေးလေ...
         
         သေချာပြီဆိုပြီး
         ငြင်းခုန်နေကြသူတွေ
         အများကြီး ဘေးနားမှာရပ်လို့
         ငေးမောကြည့်
         " အကြည်ရေ..ရရင်....ဆိုတဲ့ စကားနဲ့
                        လက်ကာပြရင်း( လက်အုပ်ချီတာမဟုတ်)
           လူလိုမြင်တတ်သူကြီးတွေ
          အများကြီး....."
           လောကကြီးမှာ ဗျာ
            အဲသလို လူတွေမှ
            တပွင့်ပြီး တပွင့် ကြွေလွင့်ကုန်ကြရတာ
            အေးပေါ့လေ...
            ကိုယ့်ကိုကိုယ် မသနားတတ်တဲ့လောက
            အလေးအပင်ချင်းတူတာတောင်
            အမှောင်ထုကိုမှ ထမ်းချင်တတ်တဲ့လောက
            ကျောချမှ ဓားပြမှန်းမသိတဲ့လောက
            ရှေ့ဘဝ, နောက်ဘဝဆိုတာလေးနဲ့
            ချွေး သိပ်တတ်တဲ့လောက
            ငါကတော့ တစ-ပြင် အဝမှာစောင့်လို့........။

    ( လွန်ခဲ့တဲ့ရက်ပိုင်းကမှ လွန်သွားခဲ့ကြရသော လွန်သူများ သို့ )

ဇေမှိုင်း -၁၉၁၆
                            
…..

အချင်းကပ်တဲ့ ကောင်
www.metmuseum.org
 ကံကြမ္မာ အောက်ဖဲ
မိဘပေးတဲ့ ပညာ
ပေါင်းစပ်ထားတဲ့ဘ၀တခုဟာ
စနစ်ဆိုးတခုကို ဖြတ်သန်းရင်း
အဆိုးတွေကို ကျောပိုး
ကောင်းနိုးနိုး မျှော်လင့်ချက်
တနေ့တော့
အလင်းရောင်တွေ့မယ်ဆိုပြီး
ခရီးထွက်ခဲ့တယ်။

လူငယ်ဘဝ
တောထဲမှာ ကုန်
ထောင်ထဲမှာ ဆုံး
အပျော်တွေ အငွေ့ပျံ
အချိန်တွေ ပုပ်သိုး
မြစ်တွေ ခမ်းခြောက်
အိမ်ပြန်မရောက်တာလည်း
နှစ်ပေါင်းက ၂၀ ကျော်
သြော်
အဖေနဲ့ အမေလည်း အိုလှရောပေါ့။

ပြည်တွင်းစစ်တွေ
ကျည်ဆံမုန်တိုင်းတွေကြား
သူ့သား ကိုယ့်သား
ဘယ်သူ့သားပဲဖြစ်ဖြစ်
သေကြ ကျေကြ
ရင်ဘတ်တွေ မကွဲအက်ပေမဲ့
နှလုံးသားတွေ သေဆုံးနေတဲ့နိုင်ငံကြီး
အမုန်းတရားတွေက သန္ဓေတည်
ဆင်ခြင်စဉ်းစားဉာဏ်တွေ ပေါက်ဖွား
မတော်လောဘတွေ ကြီးပြင်းနေတော့
တော်တော်နဲ့တော့
ပြုပြင်လို့ ရမယ်မထင်။
-
ဘာပဲဖြစ်ဖြစ်
ခင်ဗျားချစ်တဲ့
ကျနော်ချစ်တဲ့
နိုင်ငံတော်တခုမှာ
မျိုးဆက်သစ်တွေ
ကောင်းမွန်စွာ ပညာသင်ကြားခွင့်ရမယ်ဆိုရင်တော့
အနာဂတ်ဟာ
လူသားရင်းမြစ်တွေနဲ့
လှပလင်းလက်နေလိမ့်မယ်။

-
ငြိမ်းချမ်းအောင်
စစ်ပွဲကြီးတွေ ပြီးတဲ့အခါ
www.mfa.org
 ကောင်လေးရေ..
ဒီရွာကို ပြန်ရောက်သေးတယ်နော်..
နင့်ဗိုက်က အတော်ထွက်လာပေါ့
မြို့သားတရုတ်ပုံ ဖြူဖြူ ၀တုတ်တုတ်နဲ့
အရင်လို ၀ါးခြမ်းဖျား ငှက်ဖျားရုပ်မဟုတ်တော့ဘူး။
အမိုး ပြောတယ်ဟုတ်
ငါတို့ တောင်ပေါ်ကလူတွေအတွက်တော့
ဒုက္ခ ခံမနေပါနဲ့..
သင့်ရာတော်ရာမှာ
'နင့်ဘ၀ နင်ကျောင်းတော့' ဆိုတာ။
ကောင်လေးရေ..
မင်းတို့ ကျောင်းသားသူပုန်တွေ အရင် ၃-ရက်လမ်းလျှောက်လာရတဲ့
ငါတို့ရွာ
အခု ဆိုင်ကယ်လမ်းပေါက်ပါပကော...
ဒါပေသိ .. တောတွေပြုန်းလာလို့
နေတော့ကျောကုန်းကော့အောင် ပူသနော့။
စစ်ပွဲကြီးတွေ ပြီးကတည်းက ဆိုပါတော့...
တို့ရွာမှာ ကုမ္ပဏီတွေ ရောက်လာ..
ရွှေတွေရှာ.. သစ်တွေခုတ်ကြ
မြစ်ကြီးလည်း ပိတ်ပစ်မယ် ပြောတာပ
သူတို့ သိမ်းသွားကြတဲ့ ငါ့ကွမ်းသီးခြံထဲလည်း
ရုံးတွေ၊ တန်းလျားတွေ၊ အလုပ်သမားတွေနဲ့ စည်စည်ပင်ပင်။
စစ်ပွဲကြီးက တို့ဖိုးခွား၊ တို့ ဖိုးဒိုမူတွေကို စားခဲ့တယ်။
စစ်ပွဲကြီးက ရွာတွေ၊ သစ်တောတွေကိုစားတယ်။
စစ်ပွဲကြီးက ငါတို့တောင်ယာ၊ ငါတို့ ဘုရားကျောင်းတွေကို စားတယ်။
စစ်ပွဲကြီးက ငါ့ယောက်ျားခြေတစ်ဖက်ကိုတောင် စားလိုက်သေး
စစ်ပွဲမီးတောက်ကြီးက တောင်တန်းတွေကိုပါ စားပစ်ခဲ့တာပေါ့။
ရွာဟောင်းတော့ကွယ် ... မှတ်မိစရာ ဘယ်ရှိမလဲ
လူတွေလည်းပြောင်း၊ အိမ်သစ်တွေလည်းပေါင်း
မီးစက်တဂျောင်းဂျောင်း မောင်းလို့ ဗီဒီယိုကြည့်ကြ
အရက် ဘီယာချောင်းစီးကြ
ကမ္ဘာ့ဘောပွဲကြီးကို လောင်းကြ
ချဲသမားတွေလည်း တယ် နေရာကျသကွဲ့။
အရင်တုန်းက အမိုးတို့ တောင်ယာခုတ်တော့
ရေဆုတ် တောပြုန်းတယ် နင်တို့ပဲပြောကြ
အခုစစ်ပွဲပြီးတော့မှ တောင်တွေက ကတုံးတွေချည်း
စီမံကိန်းကြီးတွေလည်း ရောက်လာတယ်
ပြောင်သလင်းခါအောင် တောတွေခုတ်
ငါတို့ စပါးနဲ့ငြုတ်စိုက်ခဲ့တဲ့နေရာမှာ
အခုတော့ ရာဘာနဲ့ ၀ါခင်းတွေချည်း
စက်မှုသီးနှံဆိုပြီး စိုက်ကြတာပ
တရုတ်ဆီက အတော်အ၀ယ်လိုက်ဆိုလား။
အရင်က သောက်ရေခပ်တဲ့ စမ်းတွေ
ချောက်သွားပြီလေ
မြစ်ရေတွေတောင် နောက်ကျိနေပါပေါ့
ငါတို့ဘ၀ကတော့ ပင်ပန်းတုန်း၊ ပင်ပန်းဆဲပါပဲ
တချို့လည်း ရှမ်းပြည်သွား
တချို့လည်း မြို့များမှာ အိမ်ဖော်လုပ်
တောပန်းအလှလေးတွေတောင်
ရွာကိုနှုတ်ဆက် ထွက်သွားကြတာကြာပေါ့။
အဘိုးကြီး၊ အဘွားကြီးနဲ့ ကလေးတွေပဲ များနေတဲ့ရွာ
မြို့က သူတို့ ပို့စာလည်းစား
ကလေးကလောင်လည်း ထိန်း
မိသားစု ကောက်သိမ်းပွဲတွေလည်း လွမ်းစရာဖြစ်ကုန်ပြီကွဲ့။
မင်းတို့ တပ်မှူးကျလို့
မြှုပ်ခဲ့တဲ့နေရာလား
အဲသည်မှာ မတွေ့လား
အခု ဘူဒိုဇာ ရပ်ထားတဲ့နေရာလေ....။


ယောဟန်အောင်
၂၀၁၂ ခုနှစ်၊ ဇန် ၁၉ 

Comments