သစ်ခက်သံလွင်၊ တကိုယ်တော်ကဗျာ - သုအိုင်စံ၏ ပြည်ထောင်စုဂီတ



((( ပြည်ထောင်စုဂီတ )))
blogs.yis.ac.jp
ခင်ဗျားတို့သူပုန်တွေရဲ့ လွတ်မြောက်ရေးသံစဉ်ထဲက
သေနတ်ပေါက်သံရှည်တွေကို ဖြုတ်ပစ်ပေးပါ
ကျုပ်တို့အစိုးရရဲ့နိုင်ငံတော်သီချင်းဟောင်းထဲက
ကြီးနိုင်ငယ်ညှဉ်းစာသားတွေကို ဖြုတ်ထုတ်ပေးမယ်
ပြီးရင်
တိုင်းရင်းသားတွေအားလုံး လိုက်ဆိုနိုင်မဲ့ Key တခုကိုရှာမယ်
အဲဒီထဲမှာ ဒီသံစဉ်ကို အားလုံးပါဝင်ပူးပေါင်း ယက်လုပ်မယ်
စာသားကိုတော့ မြန်မာဘာသာစကားနဲ့ ဆိုတာ အဖြစ်သင့်ဆုံးပါပဲ
ခင်ဗျားက မြန်မာလိုမတတ်ရင်လည်း သံစဉ်ကို လိုက်ဝါးနေလိုက်ပေါ့
အဲဒီအတွက်ကြောင့်တော့
ခင်ဗျားဟာ မြန်ပြည်သားအဖြစ်က တပြားမှ မလျော့သွားစေရပါဘူး
ခင်ဗျားတို့ တိုင်းရင်းသားအားလုံးရဲ့
စိတ်ကူးတွေနဲ့ ဖြစ်ချင်တာတွေကို ဒီစာသားထဲ လာပစ်ထည့်ပါ ဝိုင်းစဉ်းစားမယ်
ဒီသီချင်းမှာ အဓိက မဖြစ်မနေ အားလုံးလိုက်နာရမှာ တချက်ပဲရှိတယ်
ဒီသီချင်းဟာ
(၁) ဓမ္မစကြာရွတ်သံတွေနဲ့ ကင်းဝေးနေရမယ်
(၁) ဗလီထဲက ဝတ်ပြုသံတွေနဲ့ ကင်းဝေးနေရမယ်
(၃) ဘုရားကျောင်းထဲက ခေါင်းလောင်းသံတွေနဲ့ ကင်းဝေးနေရမယ်
(၄) ဟိန္ဒူမီးနင်းပွဲက ဆိတ်သားရေဗုံရိုက်သံတွေနဲ့ ကင်းဝေးနေရမယ်
(၅) နောက်ဆုံးဗျာ….မိစ္ဆာဒိဌိတွေရဲ့ကမ္ဘာပျက်တေးသံတွေနဲ့လည်း ကင်းဝေးနေရမယ်
ဒါဟာ အတွေးအခေါ်သစ်ရဲ့ ညီညွတ်ရေးသော့ချက်ပဲ
လက်ကို လက်ခံနိုင်ရမယ်၊ လက်ခံမှလည်း ရှေ့ဆက်လို့ရမယ်
ကျုပ်တို့အားလုံးဟာ
ဘုရားမုန်းခိုင်းခဲ့တဲ့ အမုန်းတရားအားလုံးကို မေ့ပစ်ရတော့မှာပဲ
ဒီသံစဉ်ရဲ့ Notes တိုင်းမှာ အဓိက ခပ်ဖွဖွလေးတီးမဲ့ နောက်ခံကျောရိုးကို
အစကနေ အဆုံးအထိ
ကျုပ်တို့က ဧရာဝတီမြစ်ကြီးရဲ့ ရေစီးသံကို ဗဟိုလိုင်းမှာ ဖြန့်ခင်းချင်တယ်
ဝေးဝေးက ရှမ်းအိုစည်ပုတ်တီးသံကို ဘယ်ဘက်ဘေးလိုင်းမှာ ကပ်ပူးထည့်မယ်
တောင်ဟိန်းသံပါတဲ့ ဖားစည်ရိုက်သံကို ညာဘက်ဘေးလိုင်းမှာ ကပ်ပူးထည့်မယ်
ခင်ဗျားတို့ တိုင်းရင်းသားအားလုံးရဲ့ တူရိယာတွေကို ယူလာကြပါ
ပတ္တလားသံနဲ့ စောင်းသံဟာ Intro မှာ သုံးနိုင်သလို
ကျွဲချိုမှုတ်သံနဲ့ ချင်းတွေရဲ့နှာခေါင်းပုလွေမှုတ်သံလည်း Solo မှာ သုံးနိုင်တာပဲ
မွန်တွေရဲ့မိချောင်းတူရိယာသံကိုလည်း ထည့်ရမယ်
ရခိုင်တွေရဲ့ဗျောစည်ရှည်ရိုက်သံကိုလည်း ထဲ့ရမယ်
ဂျိန်းဖောတွေရဲ့ခေါင်ရည်သောက်ပြီး နတ်ခေါ်တဲ့တီးလုံးကိုလည်း ထည့်ရမယ်
ပအိုဂ့်တွေရဲ့ထုံထိန်းအိုးစည်ပိုက်ပြီး တီးသံကိုလည်း ထည့်ရမယ်
စပါးပင်တွေကို လေဖြတ်တိုးတဲ့အသံတွေလည်း ထည့်ရမယ်
ချယ်ရီပန်းတွေ ဝတ်မှုန်ကူးကြတဲ့အသံတွေလည်း ထည့်ရမယ်
ချင်းတောင်တန်းက ဇလပ်ပန်းတွေ ကျောက်မြေပေါ် ကြွေကျသံကိုလည်း ထည့်ရမယ်
သဇင်ပန်းခိုင်တွေ အချင်းချင်း အလှပြိုင်အသံတွေလည်း ထည့်ရမယ်
ဟင်္သာတွေ တောင်ပံရိုက်ခတ်သံတွေလည်း ထည့်ရမယ်
အောက်ချင်းငှက်တွေ ချစ်တင်းနှောသံတွေလည်း ထည့်ရမှာပဲ
ရွှေတြိဂံက ဘိန်းခင်းတွေထဲ လေပြေဝင်တိုက်သံတွေတော့ ထည့်လို့ မဖြစ်ဘူးဗျ
(ဒါကိုတော့ သက်ဆိုင်သူတွေ နားလည်မှုပေးနိုင်ရမယ်)
ဒီသီချင်းဟာ ငြိမ်းချမ်းရေးသံစဉ်ဖြစ်လို့
ဂစ်တာကို ဓားပြတိုက်တီးတဲ့ နားမုဒိမ်းကျင့်တီးလုံးတွေကို လုံးဝ လက်မခံဘူး
(ဒါကိုလည်း လူငယ်တွေက နားလည်ပေးနိုင်ရမယ်)
ညီညွတ်ရေးသီချင်းမို့ သပ်ရပ်တဲ့ ဟာမိုနီ များများထပ်ပေးနိုင်ရင် ပိုကောင်းတယ်
မတူတဲ့ဟာမိုနီလိုင်းတွေကို တိုင်းရင်းသားစကားတွေနဲ့ဝင်ဆိုမယ် မကောင်းဘူးလား
မြန်မာ့ဂီတလို သံစဉ်ကို နှဲတလက်တည်းနဲ့ ထိန်းချုပ်ထားတာမျိုးကို မလုပ်ရဘူး
လိုအပ်ရင် Chorus အပိုဒ်ကို ပတ်မကြီးနဲ့ ဝင် ဝင်အုပ်ပေးမယ်
ဒရမ်ကို ရှိရှိသမျှ တိုင်းရင်းသားဗုံတွေနဲ့ ဝိုင်းရံပြီး တီးမယ်ဗျာ
လွယ်လွယ်တီးလို့ရတဲ့ ဟော်လိုဂစ်တာ ၁၃၅ လက်နဲ့သံစဉ်ကို ရင်ဖွင့်ထားလိုက်မယ်
ကဲ... ဘာတွေကျန်သေးလဲ ဘာတွေလိုအပ်သေးလဲ
မြန်မြန်ဆန်ဆန် ဆွဲတင်ပြီး ငြိမ်းချမ်းရေး ရထားပေါ်တက်ခဲ့ပါ
တိုင်းရင်းသားအားလုံး
ရန်ကုန်ကိုလာပါ
အဲဒီမှာ အောင်ဆန်းကွင်းကို မိုးလုံလေလုံ ပိတ်ပြီး သီချင်းတိုက်ကြမယ်
ဖေဖော်ဝါရီလ ၁၂ ရက်နေ့အမီပေါ့...။ ။

သုအိုင်စံ
၁၇-၁၀-၂၀၁၃

Comments