သစ်ခက်သံလွင် ကဗျာစင်မြင့် ၂၊ ဝါကျဖြူ ၊ ဆောင်းခူးလက်၊ ညိုထက်ညိုတို့၏ကဗျာများ

ရိုးတံနှင်းစက်...မြူခက်မှောင်မှောင် 

archive.nyu.edu
 ကျမ နားရွက်ပေါက်ထဲ ဝင်အိပ်တော့မဲ့ နှင်းဟာ
ဘာတွေများ ရှုပ်လိမ်နေပါသလဲ ။
နက်နက်ရှိုင်းရှိုင်း ရှင်သန်မှုတို့ရဲ့နိုင်ငံတော်
အရေပြားအောက်ကသေဆုံးသွားကြတဲ့
ရင်းစားမဲ့ ဆဲလ်အမျှင်တွေ
သွေးကြောဟာ ပြတ်တောက်...အထစ်ပြီး
နှလုံးသားဆီ...မီးခတ်တယ် ။

နေ့ရက်တွေဟာ
အညံ့စားကော်ဖီတခွက်နဲ့
စကားဆိုဖို့ အားယူနေဆဲကလေးငယ်ရဲ့
ဆိုရှယ်မီဒီယာကြားကို လက်ပူတိုက်ပြီး
ကားတခေါက်တော့ ပြေးရပေဦးမယ် ။

အခုအချိန်အထိတော့
လူနဲ့နိုင်ငံတော် ကြားမှာ
စစ်ပွဲတွေဟာ ကျမ်းတုံးဖြစ်နေတုန်းပဲ
ငရဲသွားရာလမ်းလား
ကောင်းကင်ဘုံလား
မြူထုတွေဟာ အဆက်မပြတ် ။ 

ဝါကျဖြူ
18.09.2016 

...

တိုက်ဆိုင်မှုဟာ ခလုတ်တခု 
laurabarbosa.wordpress.com
 တိုက်ဆိုင်မှုဟာ
ခလုတ်တခုဖြစ်တယ်ကွယ်။
အမေ…ရေ
ပစ္စုပ္ပန်တိုက်ဆိုင်မှု
ခလုတ်တခုဟာ
အတိတ်ကိုသွားဖွင့်မိပြီး
ပွင့်သွားတဲ့အတိတ်ဟာ
ခလုတ်တခုလို
အနာဂတ်ကို
လှန်းဖွင့်လိုက်တယ်ဆိုတာ
မိုးတွေပွက်ပွက်ရိုက်အောင်မိတဲ့
ဒီမနက်မှာပဲ အသေအချာ
သိလိုက်တယ်အမေ ။

ဆိုပါစို့
လက်ရှိမိုးတွေမိတော့
အမေဟာ
ပူဗျာပါနဲ့ ရေနွေးသောက်ဆေးတိုက်တဲ့
အတိတ်က မိုးမိခြင်းဟာ
ပွင့်သွားတဲ့အခါ
မေတ္တာရဲ့ကြီးမြတ်မှုကို အောက်မေ့ငတ်မွတ်ရ
အဲ့ဒီခံစားမှုကို
တဆင့်ပြန်တက်တွေးတော့
အတိတ်က ငါဟာ လူမမယ်တယောက်
လက်ရှိမှာ
ကြီးမြတ်တဲ့မေတ္တာနဲ့
လောကကိုထွေးပွေ့ရမယ်အရွယ်
အဲ့ဒီမှာပဲ
အနာဂတ်ခလုတ်ဟာ
ပွင့်သွားတယ်
အလွမ်းနဲ့
ငိုင်နေတဲ့ခေါင်းဟာ ထောင်လာတယ်
နံရံကိုမှီထားတဲ့ ကျောရိုးဟာ မတ်သွားတယ် ။ ။

ဆောင်းခူးလက်
31_8_2016


မိုးဟေကို တွေ လာနေပြီ
Nyo Htet Nyo ဖေ့ဘွတ်မှ...
 ကုန်သည်လေတွေ တိုက်တဲ့အခါ
သင်္ဘောကြီးက ထွက်တော့မှာ
သရက်သီးတွေ ချဉ်တုန်းပဲ
ဂျလေဘီတွေ ချိုတုန်းပဲ
ငယ်တုန်းက
ငယ်တုန်းက အနမ်းတွေနဲ့
နှုတ်ခမ်းတလန် ပန်းတလန်တွေနဲ့
စကားအရာ ပျားသကာတွေနဲ့
မပီကလာ ပီကလာ
အမည်သညာ ခေါ်စရာတွေနဲ့
ပန်းတွေနဲ့ ပန်းတွေနဲ့
ညိုထက်ညို ဆန်သွားတာတွေနဲ့
ရှက်တယ်ကွာ မီးပိတ်လိုက်ပါ တွေနဲ့
အစ်ကိုရေ မြန်မြန်မောင်းပေးပါ
ကျွန်တော် မလာတာ နှစ်လကြာနေပြီ တွေနဲ့
အရိုးပေါ် အရေတင်ကြည့်ပြီး
ကဗျာချည်း ကျန်ခဲ့တာတွေနဲ့
ခြေတစ်လှမ်း ကုဋေတစ်သန်းတွေနဲ့
အသည်းနာ အသည်းခိုက် နေလောင်ကျပ်တိုက်တွေနဲ့
ထိုသို့ ထင်မြင်ယူဆမိပါ၍
ဤသို့ ကျွန်တော်ပြုလုပ်ခဲ့ပါသည်တွေနဲ့
ကိုယ့်ဖိနပ်ကိုယ် မှားစီးခဲ့တာတွေနဲ့
အိုးလေးလှုပ်ပါဟေ့ ဆိုပြီး
အိုးကြီး လှုပ်ပြတာတွေနဲ့
ခုမေးမယ် အဲဒါဘူလေးလဲ တွေနဲ့
လောကသုံးပါးစလုံးမှာ
ဟောဒီကောင်ဟာ
မင်းခန္ဓာငါးပါး စလုံးကိုချစ်တုန်းပဲ
မိုးတွေလာနေပြီ
မိုးတွေရွာနေပြီ
ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံး
ဟုန်းဟုန်းထ
တစ်စစီ တောက်ပကျွမ်းလောင်ပြလိုက်တယ်
အနာဂတ်မှာ အနားကပ်မှာ အနားသတ်မှာ
ဟောဒီ ညိုမောင်းတဲ့ အသွေးအရောင်တွေကြားမှာ
တပင်မထူမီ တပင်လှဲသင့်တာပေါ့ကွာ ။ ။

ညိုထက်ညို (၂၀၁၀)

Comments