Tuesday, September 13, 2016

k

သစ်ခက်သံလွင် အက်ဆေး၊ မောင်ကြီးပြည်စိုး၏ ကမ်းပါးနှစ်ဘက်၊ ဇစ်တချောင်းနဲ့ ငါ့ပါးပေါ်က အမွှေးရှည်ရှည်တချောင်း

ကမ်းပါးနှစ်ဘက်၊ ဇစ်တချောင်းနဲ့ 
ငါ့ပါးပေါ်က
အမွှေးရှည်ရှည်တချောင်း



မောင်ကြီးပြည်စိုး
 ...အမေက ကျနော်နဲ့ဘေးချင်းယှဉ်လှဲနေရာက ငေါက်ခနဲ ထထိုင်လိုက်ပြီး….…
ဟဲ့သား နင့်ပါးမှာ ဟိုအမွှေးရှည်လေးရှိသေးလားတဲ့၊ အဲဒီလို ကောက်ကာငင်ကာမေးလိုက်တာ။ ဒိုင်း ကနဲ ကျနော့်ရင်အုံပေါ် လမင်းကြီး တည့်တည့်ပြုတ်ကျလာသလို ကျနော်ခံစားလိုက်ရတယ်။

ပြီးခဲ့တဲ့တန်ဆောင်မုန်းလပြည့်ညက လမင်းနဲ့ရင်ဆိုင်ဖို့မဝံ့ရဲတော့တဲ့ကျနော်ဟာ အိပ်ရာစောစောဝင်ခဲ့တယ်၊

ဒီ့အတွက်ကြောင့်လည်း ကမ္ဘာလောကဟာ ကိုယ်တယောက်ထဲအတွက် လူတယောက်အလိုနဲ့ ကစားနေ ရမယ့်ဘောလုံးတသင်းလို ကစားကွက်ဟာနေခဲ့တာမျိုး ရှိမှာမဟုတ်ဘူးလို့တော့ ကျနော်ယုံကြည်တယ်။

တကယ်က လပြည့်ညဆို လူတိုင်းကိုယ်စီ စိတ်ကူးတွေတပွေ့တပိုက်နဲ့ ရွက်လွှင့်တတ်ကြတာမျိုးဆိုတော့ ဒီ တညရဲ့ကစားပွဲဟာ အကွက်ကိုစေ့နေမှာပါပဲ။ ဒါနဲ့တောင် ကိုယ့်ဟာကိုယ်မလုံမလဲဖြစ်ပြီး လမင်းကို အား နာမိသလိုလိုဖြစ်လာသေးတော့ ၀ရံတာဘက် ခဏထွက်ပြီး ကောင်းကင်ကြီးဆီ ကြည့်ငေးမိသေးတာ။

စိတ်ဟာ ကင်းခြေများတကောင် လောက်ခြေများလွန်းလှတော့လည်း ကျနော်ဟာ လမင်းမှာဝှက်ဝှက် ထားရ တဲ့ပုံရိပ်တွေကို ခုလိုလပြည့်နေ့မျိုးဆိုရင် မနေနိုင်မထိုင်နိုင် ပတ်စ်ဝဒ်တွေလျှောက်နှိပ် ဖွင့် ဖောက်မိခဲ့တာ ချည်း။

ဒါပေမဲ့ ဒီတခါ တန်ဆောင်မုန်းလကြီးပြည့်တော့မယ်ဆိုကတည်းက ကျနော်စိတ်သိပ်လှုပ်ရှားနေခဲ့တယ်။ မှန်တာဖွင့်ပြောရရင် ကျနော်သိပ်ဝမ်းနည်းနေခဲ့တာ။ ကျနော်သိပ်ငိုချင်နေခဲ့တာ…

ဟော…. ပြောရင်းကိုပဲ မျက်ရည်က စို့လာပြန်ပါပြီ၊ ဒါကို အမေသာတွေ့ရင် ပြောအုံးမှာ။

ငါ့သား မျက်ရည်ခံမှည့်တွေက အလွမ်းသယ်ရတတ်သကွဲ့၊ မျက်ရည်လွယ်ရတတ်သကွဲ့ …တဲ့။ မျက်ရည်ခံ မှည့်နဲ့ကောင်ဟာ ပြောရင်း(တွေးရင်း)ကိုပဲ မျက်ရည်ကျလာခဲ့ပြီအမေ…

တကယ်ဆို လွန်ခဲ့တဲ့ လေးလငါးလ ၀ါဆိုပြီးကတဲက ကျနော့်ရင်ထဲမှာ အလွမ်းဆူးကြီးတချောင်း ထိုးဝင် စိုက်နေတော့တာ။ မှတ်မှတ်ရရ ကျနော့်အသက် ၅၀ ပြည့်နေ့တုန်းကပေါ့အမေ။

စိတ်ထဲစူးဝင်နေတဲ့အလွမ်းကို သက်သာရာရလိုရငြား ကျနော်လုပ်နိုင်တာကအဝေးက အမေ့ကို ရည်စူးပြီး ၀ါဆိုသင်္ကန်းတစုံ လှူနိုင်ခဲ့တာလေးပါပဲ။ အမေသိစေချင်လိုက်တာလေ။ ဒါလေးတောင် အမေ့ကိုလှမ်း မပြောနိုင်တဲ့ ကျနော့်အဖြစ်ကလည်း ကမ္ဘာကြီးနှစ်ခြမ်း ဟက်တက်ခွဲထားသလိုဖြစ်နေတဲ့ ကမ်းပါးနှစ်ဘက် ကို ဇစ်တချောင်းဆွဲစေ့ပစ်လိုက်သလို မလုပ်နိုင်ခဲ့သေးတာကိုပေါ့။ အဲဒါ ရင်ဘက်ဟပြဲကြီးဖြစ်နေတဲ့ ကျနော့် ရဲ့ပွက်ပွက်ထဆာလောင်မှုပေါ့။

ဟုတ်တယ်။ အဝေးကနေ အမေကလှမ်ပြီး သာဓုအနုမောဒနာခေါ်ဆိုပေးနိုင်ဖို့လေးကိုပဲ ဟောဒီ့ ကမ်းပါးနှစ် ဘက်ကို ကျနော်တို့ ဆွဲစေ့မပစ်နိုင်ခဲ့သေးဘူး။ တံတားတွေအတန်တန်ထိုးခဲ့ကြပေမယ့် ကမ်းပါးတွေအဖန် ဖန် ပြိုပြိုကျခဲ့ပြန်တော့ အမေနဲ့ကျနော်အကြား နှစ်ပရိစ္ဆေဒအလွမ်းမြစ်ကြီးကသာ နာကျည်းဖွယ်အဖြစ် တအိ အိနဲ့ တွင်တွင်စီးမြဲစီးလျက်ပေါ့အမေ။

ကျနော်အသက်ငါးဆယ်ပြည့်တဲ့နေ့တုန်းက ဒဂျစ်တယ်ကင်မရာလေးတလုံးအကူအညီနဲ့ ကျနော့်ကိုကျနော်   ပြန်မြင်ခဲ့ရတယ်။ မောပန်းနွမ်းလျဖွယ်ကောင်းလှတဲ့ ကာလရှည်ရှည်ကြားမှာ တိုရေရှား ရေကျဲပါးလှတဲ့ အမေ့ဆီကစကားတခွန်းကို လွန်ခဲ့တဲ့သုံးနှစ်လောက်က ကျနော်ရတော့ အဖေ့ရုပ် ကြွင်းဓါတ်ပုံကို အမေက ကျနော်လို့သာ ထင်မှတ်နေတော့သတဲ့။ အမေသတိမကောင်းတော့ဘူး သူငယ်ပြန်ချင်နေပြီဆိုတာ ကျနော်ဖြင့် မကြားရဲရဲကြားလိုက်ရတာ ဆင်းရဲဒုက္ခကြီးလိုက်တာလေ။ နောက်တခုက မိသားစုတစုလုံး အကြိမ်ကြိမ်စိုက်ခဲ့ဖူးပါလျက် အုန်းပင်လေးတပင်ဖြစ်ဖို့ ဒုလ္လဘ တရားဟာ ကျနော်အိမ်က ထွက်ခွာသွားရ လိမ့်မယ်လို့မထင်ထားတဲ့တချိန်တုန်းမှာ အမှတ်မထင် စိုက်ခဲ့ရာက အခုတော့ဖြိုင်ဖြိုင်ကိုသီးလို့တဲ့။ အဲဒါကိုတော့ အမေက ငါ့သားစိုက်ခဲ့တဲ့ အုန်းပင်လေး ဆိုပြီး တဖွဖွတသသရယ်ပဲတဲ့လေ။ အင်း … အဖေက တော့ အုန်းပင်မှမဟုတ်ပါဘူး၊ ဘာပင်ကိုမှ စိုက်ခဲ့ဖူးတာမှမရှိဘဲလေ။

ကိုယ့်ကိုယ်ကို ပြန်မြင်ရတာလေးပြောအုံးမယ်အမေ။ ကျနော်သာအမေ့လိုများ သတိတွေဖောက် ပြန်နေခဲ့ရင် ကိုယ့်ပုံကိုအဖေလို့များထင်နေမလား မဆိုနိုင်ဘူး။ တထေရာတည်း တဖြတ်တည်းပဲ အမေ။တူလိုက်သမှ။ (တကယ်က အဖေ့လောက်ကျနော်ကမချောဘူးလို့ အဖေမသေခင် ကိုယ်တိုင် ပြောခဲ့ဖူးတာအမှတ်ရမိပါတယ်)အဖေလည်းငါးဆယ်ဝန်းကျင်လောက်ဆို ဆံပင်တွေ ဆွတ် ဆွတ်ဖြူနေတာ ကျနော်မျက်လုံးထဲစွဲနေတုန်းလေ။ အခု ကျနော်လည်း ဒီလိုပါပဲအမေ။ ကျွဲကော်ကိုင်း မျက်မှန်အောက်က အဓိပ္ပာယ်တွေပျောက်ဆုံးနေတဲ့ အဖေ့မျက်လုံးအစုံလို ကျနော့်မှာဖြစ်နေလေမလား ဆိုတာကိုတော့ အမေကလွဲပြီးဘယ်သူမှ ခွဲခြားနိုင်မယ်မထင်ဘူး အမေ။

ကျနော်အသက် သုံးဆယ်အရွယ်တုန်းက လပြည့်ညလေးတညကိုတော့ အောက်မေ့ပါသေးရဲ့။

အမေက ဟိုးရန်ကုန်နဲ့မိုင်ငါးရာလောက်ဝေးတဲ့ မြို့တမြို့မှာတာဝန်ကျနေတဲ့ တကိုယ်ရေတကာယသမား အစ်မဆီလိုက်နေရတုန်းကလေ။ ကျနော်ကတော့ မိသားစုပိုင် အိုအိုမှေးမှေး ခယိုးခယိုင်အိမ်လေးကို အစောင့်အဖြစ်တယောက်ထဲ ကျန်ခဲ့တဲ့အခါတုန်းကပေါ့။ ဘယ်အိမ်ထောင်မှုဒုက္ခကိုမှမရှာဘဲ အမေ့ကို ပင်တိုင်လုပ်ကျွေးနေတဲ့ အစ်မရဲ့စိတ်မချနိုင်မှုတွေထဲက အမေဟာလေ အမယ်မယ် အကြောင်းကြောင်း   တွေပြပြီး ရန်ကုန်ရေစီးထဲ ဖြစ်သလိုကျင်လည်နေရတဲ့ကျနော့်ဆီ မရောက် ရောက်အောင် တယောက် ထဲ ပေါက်ချလာတတ်တယ်လေ။ အဲဒီ့ရက်တွေထဲက တန်ဆောင်မုန်းလ ပြည့်တညပဲပေါ့။


အဲဒီ့ညမှာ မိုင်ငါးရာခရီးကို အသက်အရွယ်ကိုမှမထောက်ဘဲ အပန်းကြီးပန်းပြီးလာခဲ့ရတဲ့ အမေဟာ အနားလေးတောင်မယူနိုင်ဘဲ ကျနော့်ကို မျက်လုံးပေမှေးကလေးလေးတယောက်ကို ကြည့်သလို မျိုးစေ့စေ့ကြည့်နေရှာတယ်။အဲဒီ့အကြည့်က ကျနော့်အရည်ပြားတွေထဲ တိုးဝင်ပြီး ခန္ဓာကိုယ်တခုလုံးကို တစိမ့်စိမ့်စီးဝင်နေသလားလို့တောင် ကျနော်ဖြစ်နေခဲ့တယ်။ ကျနော် တယောက်ထဲဘယ်လို စားသလဲနေ သလဲ အမေပူရှာတယ်။ လုပ်လက်စမဂ္ဂဇင်းလေးကလည်း ပြုတ်သွားတော့ အလုပ် လက်မဲ့ဖြစ်နေတဲ့ သူ့သားဒုက္ခအိုးကြီးအတွက် အမေ့မှာမအေးရရှာဘူး ထင်ပါရဲ့။ အမေအိပ်တော့လေ ပင်ပန်းလာတယ်ဆိုလဲ မအိပ်ဘူး။ကျနော့်အိပ်ရာဘေး ပွစာထနေတဲ့ ဟိုစာအုပ်လေးကောက် လှန် ဒီစာအုပ်လေးကောက် လှန်နဲ့(တကယ်က အမေကစာမဖတ်တတ်ရှာပါဘူး)ကျနော့်မျက်နှာကို ပဲ ငေးငေးလေးကြည့်နေတော့ တာပါပဲ။

ဒီလိုနဲ့နေရင်း ကျနော်ကအမေအိပ်သွားအောင် အိပ်ရာပေါ်ကျနော်ကိုယ်တိုင် အသာလှဲချလိုက် တယ်။ ဒါမှ အမေလိုက်အိပ်မှာမဟုတ်လား။

ဒါပေမဲ့  မဟုတ်ဘူးဗျာ… အမေက ကျနော်နဲ့ဘေးချင်းယှဉ်လှဲနေရာက ငေါက်ခနဲ ထထိုင်လိုက်ပြီး….…
ဟဲ့သား နင့်ပါးမှာ ဟိုအမွှေးရှည်လေးရှိသေးလားတဲ့၊ အဲဒီလို ကောက်ကာငင်ကာမေးလိုက်တာ။ ဒိုင်း ကနဲ ကျနော့်ရင်အုံပေါ် လမင်းကြီး တည့်တည့်ပြုတ်ကျလာသလို ကျနော်ခံစားလိုက်ရတယ်။ အို အမေရယ်လို့ စိတ်ထဲကပြောရင်း နင့်နေတော့တာပါပဲ။ ကြည့်လေ၊ ကျနော်တို့မှာက မောင်နှမ ၆ ယောက်ရှိတယ်၊ အမေက အဲဒါတွေအားလုံးကို ဒီလောက် အသေးစိတ်မှတ်နေရရင် သေရောပေါ့။ အမေရယ်မပင်ပန်းဘူးလား။

ဟုတ်တယ်။ကျနော်လူပျိုပေါက်လေးဖြစ်လာတော့ ဘယ်ဘက်ခြမ်းကပါးပေါ်မှာ အမွှေးဖြူဖြူရှည် ရှည်လေး တချောင်း ပေါ်ခဲ့ဖူးတယ်။ အဲဒီ့အမွှေးလေးက သာမန်ထက်တော်တော်လေးကို ရှည်နေတော့ တလွင့်လွင့်နဲ့ မို့ ထူးထူးဆန်းဆန်းဖြစ်ပြီး အမေ့ကိုပြောပြဖူးတယ်။ အမေက ကျနော့်ပါးပေါ် ကအမွှေးနုနုလေးကို ပွတ်သပ်ကြည့်ပြီး တအံ့တသြဖြစ်လို့။ မျက်နှာပေါ်မှာလည်း ကမ္ဘာဦးရဲ့ နေ့သစ်တနေ့လို တောက်ပချိုမြိန်လို့။

အို … သိပ်ကောင်းတာပဲသားရေ၊ အဲဒါလေး ကျွတ်မသွားစေနဲ့နော်တဲ့။ ဒါနဲ့ ကျနော်လဲ ဘာကောင်းတာလဲ အမေရဲ့လို့ မေးတော့တာပေါ့။ အမေပြောတာက ဒီလိုအမွှေးဖြူလေးရှိတဲ့လူဟာ ဘုန်းကြီး တယ်။ (ဘုန်းတန်ခိုးကိုဆိုလိုတာပါ)၊ အခြွေအရံလူချစ်လူခင်ပေါတယ်။ မင်း လည်းဖြစ်တတ်တယ်။ ချမ်းလည်းချမ်းသာမယ်တဲ့။ အဲဒီ့တုန်းက ကျနော်ကလည်း ဘာမှသိပ်သိသေးတာမဟုတ်တော့ အမေ့ အဟောကို သဘောအကျကြီးကျလို့။ အမွှေးရှည်ရှည်လေး တချောင်းကတန်ခိုးတယ်ရှိတယ် ထင်တာကိုး။

ခုတော့ နှစ်ပေါင်းလည်းတော်တော်ကြာသွားမှပဲ။ ကျနော်ဖြင့် ဒီအမွှေးလေးတချောင်းကို ဘယ်လို မှတ်မှတ်ရရရှိနိုင်တော့မှာလဲ၊ အမေပြောသလို ဘုန်းကြီး၊ မင်းဖြစ်၊ ချမ်းသာ တာတွေဖြစ်နေခဲ့ ရင် တော့တမျိုးပေါ့၊ ခုဟာက လောကဓံနဲ့ကျနော်နဲ့ စာရင်းရှင်းပွဲတွေမှာ ကိုယ်ဘက်ကချည်းအတုန်း အရုံးအလူးအလဲဖြစ်နေခဲ့တာတွေဆိုတော့ …

အင်း ၊ ကျနော့်စိတ်ထဲမှာ ဘယ်တုန်းကမှန်းမသိ ရှိမနေတော့တဲ့ ဒီအမွှေးလေးတမျှင်က အမေ့ဆီမှာ ကျန်ရှိနေတုန်းကိုး။ ကျနော့် အသက် သုံးဆယ်အရွယ်လွန်လွန်ထိ ရှိနေတုန်းကိုး။

ပြီးခဲ့တဲ့ ၀ါဆိုက ကျနော့်အသက် ၅၀ ပြည့်ခဲ့ပါပြီအမေ။

အမေက ယောက်ကျားဝါဆို မိန်းမပြာသိုဆိုမြတ်တယ်ဆိုလား သားတယောက်အတွက် အဲဒီ့စကား လေး သာသာထိုးထိုးဖြည့်တွက်ပြီးပြောခဲ့ဖူးသလို အမေဆက်ပြီးယုံကြည်ပေါသေးလား အမေရယ်။ မပင်ပန်းဘူးဆိုရင် ကိုယ်ယုံတာလေး ကိုယ်ပွေ့ပိုက်ထားပြီး အသက်ဆုံးတိုင်နေသွားမှာပါ။

အမေရယ်၊ တပင်ရွှေထီးအလောင်းအလျာရဲ့ နဖူးတည့်တည့်အလယ်မှာ မွေးကတည်းက ရွှေရောင် အမွှေးရှည်ရှည်လေးတချောင်းပါသတဲ့။ဘုန်းမီးနေလတောက်စားမယ့် ဘုရင်တပါးရဲ့အတိတ်နမိတ် တဲ့။ အဟုတ်ပဲ သူကဘုရင်ဖြစ်လာသတဲ့။

ကျနော့်ပါးပေါ်က အမွှေးဖြူဖြူရှည်ရှည်လေးတချောင်းကရော ဘာဖြစ်ဦးမှာလဲအမေ။ ကျနော့် ၅၀   ပြည့်မွေးနေ့ဓာတ်ပုံမှာတော့ တခေါင်းလုံးဖွေးဖွေးလှုပ်အောင်ဖြူနေပါပေါ့။ ဘုရင်ဖြစ်ဖို့ ဘယ်တုန်းကမှ ဆုကြီးမပန်ခဲ့ဘူးပေမယ့် အမေနဲ့ပြန်ဆုံဖို့တော့ သားမွေးနေ့မှာဆုတောင်းခဲ့တယ်အမေ။

အရွယ်ရှိတုန်းက သားရှိရာကို ဘယ်လောက်ဝေးဝေးနေရာကဖြစ်ဖြစ် ပန်းလို့ပန်းရကောင်းမှန်း မသိ 
 နွမ်းလို့နွမ်းရကောင်းမှန်မသိ အပြေးလာတတ်တဲ့အမေဟာ အခုအသက်ရလာထောက်လာလို့ ကွင်းကျယ်ကြီးအထိ လိုက်မကစားနိုင်တာမျိုး မဟုတ်မှန်းသိပေမယ့် သားအမိချင်း ခြားထားတဲ့ ကမ်းပါးနှစ်ဘက်က အမြင်နီးသလောက် ဝေးလွန်းလှပါပကောအမေရယ်။

ဟော့ဒီ့ မြစ်ကမ်းပါးနှစ်ခုကိုသာ အမေပြောသလို ကျနော်ကဘုန်းကြီးတဲ့ သားတယောက်အဖြစ် ဆွဲစေ့ပစ်နိုင်တဲ့ လက်ရုန်းဘုန်းကံများရှိခဲ့ရင် … အမေရယ် အမေ့ရင်ခွင်ထဲ ခေါင်းထိုးဝင်ပြီး သားပါး ပေါ်က အမွှေးဖြူဖြူလေးတချောင်းရှာပါအုံး တော့လား နိမိတ်ကောင်းအတိတ်ကောင်းတွေ ဟောပါအုံးတော့လားလို့ ပြောလိုက်ချင်တာလေ။

(မိခင်၏ စိန်ရတုမွေးနေ့ကိုပူဇော်ခြင်း)
မောင်ကြီးပြည်စိုး
နိုဝင်ဘာ ၂၆၊ ၂၀၀၇

(ဒေါင်းအိုးဝေ အတွဲ(၁) အမှတ်(၄) အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ ၂၀၀၇)… မှ …
စာရေးသူ၏ဝန်ခံချက်။ ။ စာသားအချို့နှင့်ဝါကျတချို့အနည်းငယ်ပြင်ဆင်ဖြည့်စွက်သည်။