Monday, August 1, 2016

k

သစ်ခက်သံလွင်၊ ဘဝပုံရိပ်မှတ်တမ်းများ- ညိုထက်(လမ်းသစ်ဦး) ရဲ့ ကျနော်နဲ့ ကဗျာရဲဘော်များ- ၁



ကျနော်နဲ့ ကဗျာရဲဘော်များ- ၁
 
www.istockphoto.com

တော်လှန်တဲ့နယ်မြေထဲ ကျနော်ပထမဦးဆုံးထိတွေ့ခွင့်ရတဲ့ကဗျာဆရာအဖြစ် ရဲဘော် တိုက်မောင်း၊ ကိုတိုက်မောင်းကို မှတ်တမ်းတင်မိတယ်။ သူကဗျာရေးတဲ့အခါ ကေကေဇံကလောင်အမည်ကို ပိုပြီး အသုံးပြုလေ့ရှိတယ်လို့ မှတ်မိနေတယ်။

လွယ်ဖီတောင်တန်းစစ်စခန်း၊ ကေကေးဇံနဲ့ကျနော်တို့ တွေ့ခဲ့ကြတယ်။ ပအို့ဝ်ဒေသရောက် ကျောင်း သားတွေက ကဗျာအာရုံတိမ်းညွတ်မှုများသူတွေ။ တပ်ဦးရဲ့အသံ ဒေါင်းအိုးဝေစာစောင်မှာ ၀င်ရောက်ရေး သားသလို အချိန်နဲ့တပြေးညီ အမှတ်တရကဗျာစာအုပ်တွေကို ဒေသတွင်း ဖြန့်ဝေလေ့ရှိကြတယ်။ ကျနော်တို့ကျိုက်လတ်သားတွေထဲ ကဗျာရေးသူတွေ ရှိတယ်။ နိုင်မိုးအောင်၊ တိုးသစ် (ကိုအေးမင်းနိုင် ကဗျာ စရေးကတည်းက တိုးသစ်ကလောင်အမည် ယူခဲ့တယ်)နဲ့ ကျနော်။  ကိုတိုက်မောင်းက ကျနော်တို့ ကို ပျော်ရွှင်တတ်ကြွစွာ ကြိုဆိုခဲ့တယ်။

ကျနော်တို့ဒေသတွင်းဖြန့်ဝေခဲ့တဲ့ အမှတ်တရကဗျာစာအုပ်တွေကို မှတ်မိသလောက် မှတ်တမ်း တင်ကြည့်မိတယ်။ ကျနော့်မှတ်တမ်းတင်မှုကို ကြိုတင်ပြောထားချင်တာ ရှိတယ်။ ကျနော် ရောက်ရှိချိန် ဖြန့်ချိတဲ့ကဗျာစာအုပ်တွေသာ ဖြစ်ပေလိမ့်မယ်။ ရဲရင့်ဂလက်စီရဲ့ထ္ထုပ္ပတ္တိ - အဲဒီ ကဗျာ စာအုပ်ကို ရုံးအဖွဲ့မှူးတာဝန်ယူတဲ့ ရဲဘော်အောင်ကြိုင်ကြီးက တာဝန်ယူတည်းဖြတ်တယ်။ စာမူရွေးတာ၊ မျက်နှာဖုံးပန်းချီ၊ စာအုပ်အမည်တွေကို အောင်ကြိုင်ကြီးကပဲ တာဝန်ယူ လုပ်ဆောင်တယ်။ ကိုတိုက်မောင်းတို့ ကျနော်တို့က ကဗျာရေးသူတွေ။ ဒီကဗျာစာအုပ်ကိုတော့ ရလလဖ (ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့) ဒေသထဲမှာ ဖြန့်ချိခဲ့တယ်။

နိုင်ငံရေးအထိမ်းအမှတ်နေ့တွေကို ကျနော်တို့တွေ ကဗျာတွေနဲ့ဖောက်ခွဲ နှိုးဆော်လေ့ ရှိ တယ်။ ကျနော်တို့ဗဟို ဒေါင်းဂွင် ဒေသထဲရောက်တဲ့အချိန် ကျနော်တို့တတွေ ကဗျာစာအုပ်တအုပ် လုပ်ကြတယ်။ လက်ကျန်ရှင်းတမ်း၊ အဲ့ဒီစာအုပ်ကတော့ လက်နှိပ်စက်နဲ့ လေးအောက်တည်ဆောက်ထားတဲ့ ကဗျာ စာအုပ်။ မောင်ခက်နိုင်ရဲ့ကဗျာအမည်ကို စာအုပ်အမည်ပေးထားတာ။

အဲဒီစာအုပ်ထဲမှာ ကျနော်က-သူပုန်ကြေး၊ တိုးသစ်က-ပြောင်းပြန်ကြိုးစားခြင်း၊ မောင်ခက် နိုင်က-လက်ကျန်ရှင်းတမ်း၊ ဂင်ကြီးရဲ့အချစ်ရေ ၀ါဆိုပန်းခူးကြရအောင်၊ အဲဒီကဗျာတွေ ထည့်သွင်း ထားတာကို မှတ်မိနေတယ်။ ဗဟို ဂွင်ထဲ ရင်ခုန်လှုပ်ရှားစေတဲ့ စာအုပ်ဖြစ်ခဲ့တယ်။

ကရင်နီဒေသထဲရောက်တော့ ကဗျာစာအုပ် ၂ အုပ် ဖြန့်ဝေဖြစ်တယ်။ ကမ္မဇလေရဲ့ ရင်ခုန်သံ များ၊ နေလောင်ခံအခက်သစ်၊ ကမ္မဇလေရဲ့ရင်ခုန်သံများစာအုပ်က ကျနော့်ကဗျာကို စာအုပ်အမည်ပေး ထားတာ။ နေလောင်ခံ အခက်သစ် ဒီအမည်ကတော့ တိုးသစ်ရဲ့ကဗျာနဲ့ မောင်ခက်နိုင်ရဲ့ကဗျာတွေ ကိုပေါင်းပြီး ပေးထားတာ။ အဲဒီစာအုပ် ၂ အုပ်လုံးရဲ့ ကဗျာရွေးချယ်မှုတွေကို ကျနော်တာဝန်ယူလုပ်ခွင့်ရ ခဲ့တယ်။

ကိုဒေါင်းနီ(အိမ်ဒေါင်းနီ)နဲ့တွဲပြီး ၂၀၀၀ ခုနှစ်မှာ ကဗျာစာအုပ်လုပ်ဖြစ်ကြတယ်။ အိပ်မက် ပြတိုက်။ အဲဒီစာအုပ်ထဲ ကဗျာရွေးချယ်မှုကို ကိုဒေါင်းနီ တာဝန်ယူတယ်။ ကျနော်က စာအုပ်အပြင် အဆင်ဆောင်ရွက် မှုနဲ့ မျက်နှာဖုံးဒီဇိုင်းတွေကို ကွန်ပြူတာကျွမ်းကျင်တဲ့တဦးနဲ့တိုင်ပင်ပြီး လုပ်ခဲ့တယ်။

ကျနော်တို့ဒေသတွင်း ကဗျာဆရာတွေကို မှတ်မိသလောက် မှတ်တမ်းတင်ကြည့်တယ်။ ကေကေးဇံ၊ ညိုထွန်း အောင်၊ တိုးသစ်၊ ညိုထက် (လမ်းသစ်ဦး)၊ အိမ်ဒေါင်းနီ၊ မောင်ခက်နိုင်၊ ဂင် ကြီး၊ ပျိုး၊ ရိုး (သရေခေတ္တရာ)၊ ညိုပု၊ ကစဲဒို။

မှတ်မှတ်ရရ အဲဒီအချိန်တွေက ကျနော်တို့မှာ ဒေါင်းအိုးဝေစာစောင်သာလျှင် ရေးစရာနေရာ ရှိနေ ခဲ့တယ်။ ကျနော်တို့ တွေနေရတဲ့နေရာက ပအို့ဝ်ဒေသ။ ဒါ့ကြောင့်ပဲ ဒေသတွင်း ကဗျာစုစည်းမှုတွေ လုပ်ဆောင်ခဲ့ကြ တယ်။ ၉၄ လောက် ကိုဒေါင်းနီတာဝန်ယူတဲ့ အမြဲစိမ်းစာစောင်ပေါ်လာတယ်။ တော်လှန်နယ်မြေတွင် ပထမဦးဆုံး စာမူခပေးသည့်စာစောင်။ ဒီစာစောင်တွက် ကျနော်တို့ထဲက ကေကေးဇံနဲ့တိုးသစ်တို့ ၀င်ရောက်ရေးခဲ့ကြတယ်။ သူတို့ရတဲ့စာမူခတွေကို ကျနော်တို့ ၀ိုင်းဝန်း အားပေးခဲ့ကြတယ်။

ကျနော်ရဲ့ဘ၀ထဲ ဒေသခံကဗျာဆရာတွေအပြင် တွေ့ခွင့်ရတဲ့ကဗျာဆရာထဲ ဌေးအောင်က ပထမ ဦးဆုံးပဲ။ 
သူ့ကို ကယန်းပြည်သစ် သစ်ကျိတ်ရွာထဲ တွေ့ခွင့်ရတယ်။ အဲဒီအချိန် ဆရာစောကြီးက ကယန်းပြည် သစ်ပါတီရဲ့နိုင်ငံရေးမှူး။ ဌေးအောင်အမည်နဲ့ ကဗျာတွေရေးတယ်။ ကမ္ဘာလောက ရဲ့သမီးပျို၊ ရွှေရုပ်ထု ကဗျာတွေ အောင်မြင်တယ်။ စာရေးခဲပေမယ့် ရေးတဲ့စာတိုင်း သတိထားရ လောက်တဲ့ကဗျာတွေ စာတွေ။ စကားပြေတွေ (အထူးအားဖြင့် နိုင်ငံရေး သဘောထားပေးတဲ့ စကားပြေတွေ) ရေးလေ့ရှိတယ်။ ကျနော်တို့တွေ့ကြချိန် တဦးအပေါ်တဦး ၀မ်းမြောက်ဝမ်းသာ သဘောထားရှိကြတယ်။ 
ကယန်းပြည်သစ်ကလုပ်တဲ့ ကေဒါသင်တန်းကို ဗိုလ်ရွှေအေးနဲ့ ဆရာ စောကြီး သင်တန်းမှူးလုပ်ပြီး ကျနော့်ကို မှတ်တမ်းတင်တာဝန်ပေးလို့ သူတို့ပေးတဲ့ နိုင်ငံရေးသင်တန်း တက်ခွင့်ရခဲ့တယ်လို့ ပြောလို့ ရတယ်။ ကျနော်နဲ့ဆရာစောကြီး ပြည်ရန်အေးစခန်းမှာ ၁ နှစ် လောက်အတူတူတွဲပြီး နေထိုင်ခဲ့ရတယ်။ ဆရာစောကြီးရဲ့ နိုင်ငံရေးတည်ကြည်မှုကိုတော့ ကိုယ် တိုင်တွေ့ခွင့်ရခဲ့တယ်။ ကျနော်ဒေါင်းအိုးဝေထဲ ကဗျာတွေစာတွေရေးနေတော့ လူကြုံနဲ့ ၀မ်းသာ ကြောင်း စကားလက်ဆောင်ပေးခဲ့တယ်။ အားပေးခဲ့တယ်။

ပအို့ဝ်၊ ကရင်နီ၊ အထူးဒေသ၊ ကယန်းပြည်သစ်။ ၂၀၀၀ ခုနှစ်တွင် ဗဟိုတာဝန်ယူရတယ်။ စည်းရုံးရေးမှူးတာ ၀န်နဲ့အတူ ဒေါင်းအိုးဝေအယ်ဒီတာ ဖြစ်လာတယ်။ ကျနော်ရဲ့ကဗျာရေးသားမှု ဒေသတွင်းစာစောင်များမှာ ရေးသားနေရာက ဒေါင်းအိုးဝေအတွင်း ရေးသား လာခဲ့တယ်။ ၂၀၀၀ ခုနှစ် စတင်ပြီး ABSDF ကို ပြန်လည်ထူထောင်ရေးလုပ်ရင်း ဒေါင်းအိုးဝေကို ထူထောင် ခဲ့ကြရတယ်။ အဲဒီအချိန်တွေရဲ့ စည်းရုံးရေးဝါဒဖြန့်ချီရေးအနေအထားတွေက ဒေါင်းအိုးဝေကို ဗဟိုပြုနေရတဲ့ အနေအထား။ ဒေါင်းအိုးဝေကနေ ကျနော်တို့တပ်ဦးရဲဘော်တွေရဲ့သဘောထားတွေကို တိတိကျကျ တင်ပြနေကြတဲ့အချိန်။

အခြေအနေအရပြောရရင် တပ်ဦးရဲ့မျိုးဆက်ဟောင်းခေါင်းဆောင်အများစုထွက်ခွာသွားတဲ့ အချိန်။ ကျနော်တို့ ဒုတိယမျိုးဆက်တပ်ဦးရဲ့နိုင်ငံရေးတာဝန်တွေ ယူကြရတဲ့အချိန်။ ကျနော်တို့ အားကောင်းမောင်း သန်တပ်ဦးရဲ့နိုင်ငံရေးနဲ့ တပ်ဦးရဲ့တည်ရှိမှုကို ကလောင်ထမ်းပြီး ကာကွယ်၊ တည့်မတ်ခဲ့ကြရတယ်။ အဲဒီအချိန် တပ်ဦးနဲ့အတူ ရပ်တည်ခဲ့ကြတဲ့ ကလောင်တွေရဲ့အား တန်ဖိုးကြီးမားတယ်လို့ မှတ်ချက်ပြု မိတယ်။

အဲဒီအချိန်တွေ ဒေါင်းအိုးဝေရဲ့ပင်တိုင်ကလောင်ရှင်တွေအဖြစ် တာဝန်ယူခဲ့ကြတဲ့ တပ်ဦး ရဲဘော်တွေကို မှတ်တမ်းတင်ပေးချင်တယ်။ မောင်လွမ်းဏီ၊ တိုးသစ်၊ ပွင့်သစ် (ကရိန်ကန်)၊ ကမာ ပုလဲ၊ ညိုထက် (လမ်းသစ်ဦး)။ ဒီ ၅ ဦး က ဒေါင်းအိုးဝေရဲ့ပင်တိုင်ကလောင်တွေလို ဖြစ်နေတယ်။ ၂၀၀၀-၂၀၀၁ လောက်အချိန်တွေ ကိုရဲနည်သတင်းဆောင်းပါးတွေလုပ်ပေးခဲ့တယ်။ သံခဲ (ဆေး/ မန်း) ပေါ် လစီဆောင်းပါးတွေ ရံခါရေးပေးတယ်။ အာရုံရတဲ့အခါ ကဗျာ၊ ၀ထ္ထုတိုတွေ ရေးလေ့ရှိတယ်။ တမာခင်ရဲ့အက်ဆေးတချို့။ တပ်ဦးအဖွဲ့ဝင်မဟုတ်ပေမယ့် ဒေါင်းအိုးဝေကို ၀န်းရံပေးကြတဲ့ ကလောင် ရှင်တွေ ရှိတယ်။ အနီးအနား မဲဆောက်ဒေသကနေစပြောရရင် ကိုထိန်လင်း၊ လင်းနွေးအိမ်။ အရှေ့မြောက် ဒေသကနေ၀န်းရံပေးကြတဲ့ ကလောင်တွေ။ ငြိမ်းချမ်းသူ၊ အောင် ငြိမ်း၊ မောင်လှဝင်း (မြင်းခြံ)၊ ဖိုးသံ (လူထု)၊ ဂါမဏိ၊ ဗိုလ်ထွန်းငြိမ်း။

အဲဒီကလောင်ရှင်တွေထဲ ကျနော်နဲ့ လူချင်းတွေ့ဆုံ ရင်းနှီးကြသူတွေကို ရေတွက်ကြည့် တယ်။ ကိုထိန်လင်း၊ လင်းနွေးအိမ်။ ကိုထိန်လင်းနဲ့ကျနော်တို့တွဲပြီး စာပေဟောပြောပွဲ လုပ်ခဲ့ ကြတယ်။ တွေးတွေး ဆဆနဲ့ အနေအေးတဲ့လူ။ သတိပြုမိတဲ့ ကိုထိန်လင်းရဲ့ထူးခြားချက်ရှိတယ်။ တော်လှန်နယ်မြေထဲ ကလေး စာပေပြုစုပျိုးထောင်ချင်တဲ့ အာသီသရှိတဲ့လူ။ လူငယ်တွေအပေါ်မှာ အထူးပြုလေ့လာလေ့ရှိတဲ့လူ။ လူငယ်တွေနဲ့ကိုထိန်လင်း၊ လူငယ်ဆောင်းပါးတစောင်နဲ့ ဒေါင်းအိုးဝေ ပွတ်တိုက်မှုလေးတွေရှိခဲ့ဖူးတယ်။ လင်းနွေးအိမ်ကတော့ ကျနော့်နဲ့အရွယ်မတိမ်းမရိမ်း။ အက်ဆေးအရေး ကောင်းတယ်။

အရှေ့မြောက်ဒေသကလောင်ရှင်တွေထဲ အောင်ငြိမ်းနဲ့ကျနော် စာပေဘ၀အရရော၊ နိုင်ငံရေး ဘ၀အရရော အထိအတွေ့များတယ်။ ကျနော်ရောက်ခါစ လပဒတ (လူမျိုးပေါင်းစုံ ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစု) ရဲ့ သေနတ်သံဂျာနယ်လုပ်တော့ အောင်ငြိမ်းအယ်ဒီတာတာဝန်ယူရတယ်။ အမှတ်(၁)ဂျာနယ်ထဲ ကျနော်သိသောကွန်မြူနစ်ဝါဒကို ကျနော်မောင်မှိုင်းထက် ကလောင်အမည်နဲ့ရေးခဲ့ သလို အမှတ် (၂) ဂျာနယ်ထဲ ကမ္ဘာပုတ်ခြင်းကဗျာကို မြင့်ဘုန်းနိုင်ကလောင်အမည်နဲ့ ရေးဖြစ်တယ်။ ကျနော်ထိတွေ့ဖူးတဲ့ ပထမဦးဆုံးအယ်ဒီတာအဖြစ် မှတ်ချက်ပြုဖူးတယ်။

 ဗိုလ်ထွန်းငြိမ်းကိုတော့ ပအို့ဝ်ရွာတရွာမှာ အမှတ်မထင်ပုံစံနဲ့ တွေ့ဖြစ်ခဲ့ကြတယ်။ ပုံခြုပ်လို့ အမည်ရ တဲ့ ပအို့ဝ်ရွာထဲ ကျနော်နဲ့ ရဲဘော်ဝိုင်းမော်ရောက်တော့ ဗိုလ်ထွန်းငြိမ်း ရှိနေတယ်။ တွေ့တာနဲ့ တရား တန်းဟောတော့တာပဲ။ ကျနော်ကလည်း ကျနော်ရဲ့တပ်ဦးပေါ်လစီတွေနဲ့ ပြန်လှန်ပက်ခဲ့တာ ကိုတွေးမိတော့ ပျော်ရွှင်စွာပြုံးမိတယ်။ တကယ် တမ်းပြောရရင် အဲဒီအချိန် ကျနော်တို့ကို တရားတွေ လှိမ့်ဟောနေတဲ့ပအို့ဝ်ကြီးက ဗိုလ်ထွန်းငြိမ်းဖြစ်တဲ့အကြောင်း ဒီအချိန်တွေမှ ကျနော် မှတ်မိလာတာ။ အဲဒီအချိန်တွေက လူငယ်ပီပီ နိုင်ငံရေးမာန်မာနတွေနဲ့ ခံပက်ခဲ့တာ။ ဗိုလ်ထွန်းငြိမ်းကတော့ ခေါင်း တညိတ်ညိတ်။ ဗိုလ်ထွန်းငြိမ်းနဲ့ကျနော် အဲဒီတကြိမ်ပဲလူချင်းတွေ့ခဲ့ကြပေမယ့် ဒေါင်းအိုးဝေမှာ ကလောင်ချင်း တွေ့ကြတယ်။ တပ်ဦးနဲ့ ဒေါင်းအိုးဝေကို စေတနာမှန်နဲ့ ၀န်းရံတဲ့ ရဲဘော်တွေ။

၂၀၀၂ ဗဟိုဒေသကနေ မဲဆောက်အရောက် ပြည်တွင်းကလောင်ရှင်တွေ ရောက်နေကြ တယ်။

အဲဒီကလောင်ရှင်တွေထဲ ဒီကနေ့အထိ ကျနော်တို့တူညီနေတဲ့ ရဲဘော်တွေရှိတယ်။

ခင်လွန်း (ကိုခင်လွန်း)။ ရောက်လာသမျှထဲ အကြီးဆုံးကဗျာဆရာ။ လူကြီးပီသတယ်။ ကျနော့်အပေါ်၊ အထူးအားဖြင့် ကျနော့်ရဲ့စာအရေးအသားတွေအပေါ် တန်ဖိုးထားတယ်။ တွေ့တဲ့ အခါတိုင်း စာတွေရေးဖို့တွန်းအားပေးလေ့ရှိတယ်။ သူရဲ့တောကြီးပင့်ကူ ၀ထ္ထုက ကျနော်တို့ကို ခပ်စပ်စပ်ရိုက်လိုက် သလိုပဲ။ တွန့်ခနဲ ဖြစ်ခဲ့ရတယ်။

ကိုခင်လွန်းကနေတဆင့် အက်ဆေးတွေအရေးကောင်းတဲ့ ခွာညိုနဲ့ ခင်မင်ခွင့်ရခဲ့တယ်။ ၀တ်စားဆင်ယင်မှုရော စကားပြောတဲ့လေယူလေသိမ်းရော အတော်ရိုးတယ်။ အဲဒီဟန်တွေက သူ့ စာအရေးအသားကို ထင်ဟပ်တယ်။ ရိုးရိုးနဲ့လှပတဲ့အက်ဆေးတွေ သူ့ဆီကဖတ်ရလေ့ရှိတယ်။ သူတို့ဆီကနေတဆင့် သုတေသနမှတ်တမ်းပြုစုမှုနဲ့ ကောက်ချက်၊ သုံးသပ်ချက်တွေကောင်းတဲ့ မိုးကြိုး အယ်ဒီတာနေသွင်နဲ့ ခင်မင်ခွင့်ရခဲ့တယ်။

မိုးကြိုးသတင်းစဉ်ကို နေသွင်အယ်ဒီတာ တာဝန်မယူခင်တာဝန်ယူခဲ့တဲ့လူက ကိုပုည။

မောင်တောက်ကလောင်နဲ့ သွက်လက်တဲ့အာဝဇွန်းရွှင်တဲ့ စာတွေရေးတယ်။ ဒေါင်းအိုးဝေ ကို ၀န်းရံပေးတဲ့ကလောင်ရှင်။ ကဗျာဆရာနေဇော်နိုင်။

သူ့ရဲ့ကျနော်ဆွဲဖွင့်မိသောတံခါးများကို အပတ်စဉ်ဂျာနယ်တစောင်မှာ ရေးသားခဲ့တာကို သတိရနေ တယ်။ မဲဆောက်ထဲလုပ်ခဲ့တဲ့ စာပေဟောပြောပွဲတွေတိုင်း အာဝဇွန်းရွှင်တဲ့စာရေးဆရာအဖြစ် လူကြိုက်များ လှတယ်။ ဆရာ တင်မိုးကို အတော်ကြည်ညိုလေးစားတဲ့သူ။

ဆရာတင်မိုးအကြောင်းတော့ ကျနော့်မှာ ပြောစရာတချို့ရှိတယ်။ ဆရာတင်မိုးနဲ့ ကျနော် စတင်တွေ့ ခွင့်ရတာ ၂၀၀၁။ ကိုလွမ်းဏီတို့အိမ်။ ဆရာတင်မိုးကိုဝေယျာဝစ္စလုပ်ပေးရင်း တွေ့ခဲ့ကြတယ်။ ဒုတိယအကြိမ်ကတော့ နည်းနည်း များတယ်။ ကျနော်နဲ့ကျနော့်အကိုကြီး ဘိုးတော်နီတို့ ဆရာတင်မိုးကို သွားတွေ့ကြတယ်။ အဲဒီအချိန်တွေက မဲဆောက် အလုပ်သမားတွေရဲ့ သားသမီး တွေအတွက် စာသင်ကျောင်းတွေဖွင့်လှစ်ပေးနေတဲ့လုပ်ငန်း အတော်လေးအရှိန်ရနေတဲ့အချိန်။ BMWEC ရဲ့ တိုက်တွန်းမှုကြောင့် ကျနော့်အကိုကြီးကသင်ရိုးညွန်းတမ်းရေးနေတဲ့အချိန်။

ဆရာတင်မိုးမဲဆောက်ရောက်လာလို့ ကျနော်တို့ညီအကိုသွားတွေ့ပြီး ရေးထားတဲ့သင်ရိုး ညွန်းတန်းထဲက ကလေးကဗျာတွေကို ပြကြတယ်။ ဆရာတင်မိုးက တချို့ကဗျာတွေကို တည်းဖတ်ပေး တယ်။ ဘိုးတော်နီရေးတဲ့ ကလေးကဗျာတွေက မော်ဒန်ကလေး ကဗျာတွေလို့ ပြောရ မယ်ထင်တယ်။ သတိရမိတာလေးမိတ်ဆက်ပေးရရင်...


ဟယ်မော်တော်ကား

နင့်မျက်လုံးကပြုး၊

ငါတို့ဘယ်ကိုသွားသွား လိုက်ပို့ပေးတတ်ရဲ့

ဟယ်မော်တော်ကား

ခြေထောက်လေးဘီးနဲ့

…….