သစ်ခက်သံလွင် ကဗျာစင်မြင့်၊ စိုးခိုင်ညိန်း၊ ဝါကျဖြူ ၊ လင်းမြတ်အိမ် တို့၏ ကဗျာများ

ဗလာ
www.arthistoryarchive.com
 မမြင်ရတဲ့ တစ်စုံတစ်ရာကို ရှာဖွေနေတယ်
ဘာစဉ်းစားနေသလဲ သေချာစဉ်းစားကြည့်မိ
ကိုယ်စဉ်းစားနေတာ ဘာမှစဉ်းစားမရဘူး
စိတ်ရှုပ်ထွေးစွာ ကော်ဖီကို လျှာပေါ်လောင်းထည့်
လျှာထဲ စိမ့်ဝင်သွားတဲ့ အရသာမှာလည်း အဖြေမပါ
တခုခုရလေမလား မတ်တပ်ရပ်နေတဲ့ သစ်ပင်တွေကို လိုက်ကြည့်
သစ်ရွက်တွေက ဘာကိုမှ ရွက်မထားဘူး
ပါးပေါ်က တွဲလွဲကျနေတဲ့ သူ့အပြုံးကို လှမ်းခွါယူလိုက်တော့
မျက်တောင်အခတ်မှာ အောက်ပြုတ်ကျသွားတယ်
လေနဲ့ ဖုံးကွယ်ထားတဲ့ သူ့စကားသံကို အမျိုးမျိုး ဖျင်ကြည့် ဖြဲကြည့်
လေထဲမှာ လေပဲတွေ့လို့ တကယ်ပဲ လေပါတယ်
ကိုယ့်ဟာကိုယ် ခါးကြားထိုးထည့်ပြီး
ကိုယ့်ဟာကိုယ်ပျောက်ဆုံး ကိုယ့်ဟာကိုယ် လိုက်ရှာ
ကောင်းကင်ကြီးထဲမှာလား ၊ မြေကြီးထဲမှာလား
ငါ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ အသက်ထဲမှာလား
တွေ့လိုက်တော့ ကိုယ်ထားခဲ့တဲ့ နေရာမှာ ငါက မရှိတော့ဘူး။ ။

စိုးခိုင်ညိန်း 
19, 9, 15


ကုတ်နံပါတ်များ 
www.quora.com
 ပြာလဲ့လဲ့ လျှပ်စစ်စက်ကွင်းတွေဟာ
ကျမကိုအနားသတ်တခုဆီဆွဲခေါ်သွားတယ်။

ကမ္ဘာဟာ
ကိုယ်တဝမ်းတခါးအတွက်
သံသယနဲ့စိုက်ဝင်နေတဲ့ဆူးကို မဖယ်ထုတ်နိုင်သေးဘူး။
ကျေးဇူးပြုပြီး
ပြိုင်ပွဲဝင်နေတဲ့ဘတ်စ်ကားတွေကြားက
စကားတခွန်း လွတ်ကျကျန်ရစ်ခဲ့တယ်။
စကားလုံးတွေကိုနံပါတ်တွေတပ်မထားကျပေမဲ့
ကျမတို့ကိုကုတ်နံပါတ်တွေပေးထားကြတယ်
ကျမတို့လုပ်အားတွေချရောင်းနေတဲ့ရှော့ပင်းမောလား။
သင်္ချာဂဏန်းတွေကလျှပ်စစ်တွေစီးလို့
နေရောင်ဟာဂဏန်းနဲ့နှိပ်ပြီးအိပ်ရာထတယ်
တနေ့တာကိန်းဂဏန်းတွေအရေးပါမှုက
ကမ္ဘာကြီးရဲ့အူတိုင်ပဲ
ကိန်းဂဏန်းစဉ်ပေါ်မှာ
မိုးလင်းနဲ့မိုးချုပ်ကိုဓါတ်လှေကားနဲ့တက်နေတယ်။

စိတ်ကျန်းမာရေးနဲ့ကမ္ဘာကြီးရဲ့အသက်ရှူသံဟာ
ပြက္ခဒိန်နောက်ကြောအကွယ်က
အိမ်မြှောင်တစ်ကောင်ပဲ။
ညကိုကိန်းဂဏန်းနဲ့လှည့်ဖွင့်ပြီး
ကိန်းဂဏန်းက
ကျမကို
အမှောင်နဲ့ ညထဲထည့်ပိတ်လိုက်တယ် ။ 

ဝါကျဖြူ
26.08.2016

….

ညများ-၅
www.etsy.com
ခေတ်ကို ထိုးချလိုက်တဲ့
အမှောင်တွေထဲ
နက်နက်ရှိုင်းရှိုင်း နာကျင်သံတွေက
အမှောင်ကို တွန်းထွက်လာတယ်
ငါ့တို့လက်ဖဝါးတွေကို စိုစွတ်ပါစေ
မင်းတို့ အိပ်မက်ထဲ
ပန်းများပွင့်ပါစေ
 
ခေတ်ကမှောင်နေဆဲ
ငါ့နိုင်ငံလေး
အလင်းပွင့်ပါစေ ။  ။


လင်းမြတ်အိမ်
25-7-2016

Comments