သစ်ခက်သံလွင် ကဗျာစင်မြင့်၊ လင်းခါး၊ ဖေတင်ညွန့်၊ သျှင်မျိုးငယ်တို့၏ကဗျာများ

ရှင်နဲ့ ကျွန်မ
www.imgrum.net
 ရှင်နဲ့ကျွန်မ
တယောက်ကို တယောက်ကြည့်
အသက်ရှူပုံချင်းညှိပြီး
လွတ်လွတ်လပ်လပ်ရယ်မောရမယ်ဆိုရင်
သံသရာဝဋ်ဒုက္ခအပေါင်းက လွတ်မြောက်ရချည်ရဲ့။
ရှင်နဲ့ကျွန်မအကြား
ကျွန်မ ဆံပင်ပါးပါးသာ ခြားမယ်ထင်ရတဲ့ အရှုပ်အထုပ်ကိစ္စလေး
ကမ္ဘာချင်းခြားတဲ့အခါ
အဖျားတွေ တဒီးဒီးတက်နေလည်း
ကြွေနေတဲ့သစ်ရွက်ဟာ ပြန်လည်ချိတ်ဆက်လို့ မရကောင်းဘူးရှင်ရယ်
စိထားတဲ့နှုတ်ခမ်းတွေအောက်မှာ
သွားကြားက တိုးထွက်နေတဲ့ ၀ါကျတွေဟာ
ဒါပြီးဒါ သိနေမယ့် ပဒေသာတွေလား
အထူးအဆန်းရှိနေသေးလား။

မဖြစ်နိုင်ပါဘူးလေဆိုပြီး
ဆွေးမြည့်နေပြီဖြစ်တဲ့ ဆွေးမြည့်ခွဲခွာခဲ့ရခြင်း
ဝေးသွားတာနဲ့အမျှ
ရှင်နဲ့ကျွန်မ အစက်အပြောက်လေးတွေမျှသာ။

ကျွန်မတို့ရဲ့နာရီပိုင်းအတွေ့လေးတွေဟာ
နွေအခါ အခေါက်ခွာခံရတဲ့ ပင်စည်အကွက်တွေပေါ်မှာ
မိုးအခါ မိုးစက်တစ်စက်ချင်းစီရဲ့ကိုယ်ထည်မှာ
ဆောင်းအခါ နှင်းခိုးရိုက်နေတဲ့ မှန်ပြတင်းတွေပေါ်မှာ
ဆိုလိုတာကတော့
ရှင့်လို တိမ်စတိမ်မွှားလေးဆီက
ကြက်သီးအဖုအထစ်လေးတွေ အရသာခံစားမှု
ခံစား ရရှိခဲ့တယ်ဆိုတာ။

ရှင်ဟာ စုဆောင်းထားရှိစရာ ချိုင့်ခွက်ကလေးတခုမှမရှိတဲ့
အလေနတော ငှက်တကောင်
နှိုက်နှိုက်ချွတ်ချွတ် ချစ်တတ်တဲ့ မစေ့စပ်မသေချာသူ
ရှင့်ဦးနှောက်ထဲမှာ ကျွန်မအပြင်
သွေးလန့်စရာ တခုမှ နောက်ထပ် ထပ်မရှိတော့တာ
ရှင့်ရဲ့ကောင်းမှုစေတနာ။

ကျွန်မပခုံးကို လှုပ်ယမ်းပြီး
ဘာကြောင့် မနာကျည်းနိုင်ရတာလဲ ရှင်ရယ် .....။
လူသွားလမ်းတွေပေါ်မှာ
သေသည်အထိ လွင့်ပြယ်နေတော့မယ့် ဖုန်မှုန့်လေးတွေလို
ရှင် ခေါင်းငိုက်စိုက်ကျနေပုံ
ရှင့်အခန်းကို နားစွင့်မိတိုင်း
ရှင့်ရဲ့ စီးကရက်ဖွာရှိုက်နေပုံ ငိုကြွေးရင်း ရှိုက်နေပုံ
မိန်းမဆိုတာကို ဘာပန်းနဲ့ အလဲအထပ်ရိုက်ရမယ် မသိ
ရှင့်ကို ကျွန်မ ချစ်မရ ခံစားလို့မရတော့တဲ့နောက်ပိုင်းမှာ
ရှင်ဟာ စကြာဝဠာကြီးလောက် ကြေကွဲရင်း
ကျွန်မရှေ့ မျက်ရည်လေးတစ်စက်နှစ်စက်လောက် ကျပြရမှာကို
သေမလောက် တွန့်တိုနေတယ်
ကျွန်မ စိတ်ပြောင်းလာနိုင်အောင် ရှင့်ရဲ့မျက်ရည်တွေက
အလုပ်မလုပ်ချင်တော့ဘူးလား။

ရှင့်အနားမှာ အမြဲမီးတောက်
လရောင်နဲ့ ပြောနေကျ
ဒီထက် ဒီထက် ပိုပေါ်လွင်နေသေးတဲ့အကြောင်း
အခန်းကျဉ်းထဲမှာ ညနဲ့ရှင်
ကျွန်မကို မီးထွန်းထားရတဲ့အကြောင်း၊
ဖြာခနဲ လက်ခနဲ ရှင့်မျက်ရည်လား ကျွန်မအပြုံးလား
ရှင်မကွဲပြားတော့တဲ့အကြောင်း
စသည်ဖြင့်ပေါ့လေ။
လုပ်ပြီး လှုပ်ရယ်မနေပါနဲ့ ရှင်ရယ်
အချစ်က ဘယ်လိုသာယာကြောင်း နာပျော်ဖွယ်ရှိကြောင်း
အချစ်ကဗျာတွေ ရှင် လုပ်ရေးနေတယ်ပေါ့။

စိမ်းဖန့်နေတဲ့ ကျွန်မရဲ့ရှင့်အပေါ် စိမ်းကားရက်စက်မှု
အစိမ်းရောင်စစ်စစ်တွေ
အလှည့်ကျ အဝေခံရတဲ့ ဖဲတချပ်လို
ရှင် ရနေတယ်ပေါ့။

မျက်ရည်လေး တစ်စက်နှစ်စက်လောက် ကျပြရမှာ
ရှင့်အတွက် ၀န်လေးနေရင်
တော်ပါပြီ ရှင်ရယ်
ရှင်နဲ့ ကျွန်မတို့ရဲ့နှလုံးသားတွေတောင် အံ့သြပြီးသေသွားနိုင်တဲ့
အဖြစ်မျိုး ဒီကမ္ဘာ
ပြီးတော့ နောက်တကမ္ဘာ
အနေရခက်သလောက် မျက်ရည်ကျလွယ်ပေါ့၊
မျက်ရည်ကျလွယ်သလောက် အရှိုက်ရခက်ပြန်ပေါ့။

အပူအပင်မရှိတော့ဘူးတဲ့
ရှင်ရဲ့မျက်နှာအနွမ်းကြီးနဲ့
ရှင်က တွေ့သမျှလူကို ပြောပြနေတိုင်း
ကျွန်မက ရှင့်အတွက် ပူရတယ်။
ဒုက္ခပါပဲရှင်ရယ် ရှင့်ရဲ့မပီပြင်တဲ့ ဟန်ဆောင်မှုနဲ့ပဲ
ကျွန်မကို ပြန်ရအောင် မျှားကြည့်ပါလား
ကျွန်မ ရှင်ရှိရာကို
ဖက်တွယ်တက်ပြီး လာရသည်ဖြစ်စေ
ခုန်ဆင်းမှုမျိုးနဲ့ လာရသည်ပဲ ဖြစ်စေ
ကျွန်မ လာမှာ ......
ကျွန်မစိတ်တွေ မသိဘဲ
ကျွန်မအသွေးအသားတွေ သိနေတယ် ။ ။


လင်းခါး
၂၀၀၉

 …


ဆဋ္ဌမကို ယပင်းနဲ့ စာလုံးပေါင်းခံထားရသောမြို့သားများ
davidsartoftheday.blogspot.com
အ,တယ်လို့ ထင်ရလောက်အောင်
ငါတို့ အ, ခဲ့ကြတယ်
လည်တယ်လို့ ထင်ရလောက်အောင်
လည်းငါတို့ အ,ခဲ့ကြတယ်
ငယ်သူငယ်ချင်းရေ
မင်း ငယ်အိပ်မက်နဲ့
ငါ့ အိပ်မက်တွေ လန်းနေဆဲပါလား
ငါတို့နှစ်ယောက်လုံး လွမ်းရကျိုးနပ်ပေစွ
ရှစ်ဆယ့်ရှစ် လူပုန်းလူရှောင်ဇာတ်လမ်းမှာ
အားလုံးက ကိုယ့်ကိုယ်ကို ဗိုလ်အောင်ဒင်ချည်းပဲ
ရုပ်ပြောင်းရုပ်လွဲ လွယ်ခဲ့ကြပေမယ့်
စိတ်ပြောင်းစိတ်လွဲကတော့ ခုထိခက်နေတုန်း
မန္တလေး နှင်းဆီခြံမှာ
ကြူကြူပါအောင်မွှေးခဲ့ကြလို့လည်း
ငါတို့သွေးတွေရဲခဲ့ရပြီလေ
မွေးဌာနီအကြောင်းစကားစပ်မိရင်
အဝေးရောက် မျက်ပြူးတွေများသလို
အနီးကပ်မျက်ကန်းတွေကလည်းမနည်းဘူး
ငါတို့မှသာ ဆူးကြားထဲက ဗူးခါး
အရောင်ထွက်သော လက်တွေလား
လက်အိတ်စွပ်ထားလိုက်ကြပြီလေ
နွေမှာ
အားကိုးစရာထနောင်းပင်ကြီးတွေကလည်း
ထင်သလောက်မစိမ်းတော့ပါဘူးကွာ
တိုက်အိုကြီးတွေရဲ့နံရံမှာ
အရောင်လွင့်ပျယ်နေတဲ့ပြဇာတ်နာမည်တွေကိုတော့
ငါတို့မှာ ခုထိရင်ခုန်စွာဖတ်လို့ကောင်းနေတုန်း
" တမာကိုင်းက ဆတ်တယ် "
"လူမ"
"ဓာတ်ကြိုးကို မောင်ကိုင်ပါ့မယ် "
" ယင်းမာပင်က ရယ်လိမ့်မယ် "
ငါတို့ဂန္ထဝင်ကြီးတွေ ဆေးမပျက်သေးလို့ တော်သေး ။ ။


ဖေတင်ညွန့်
( 1968- 1969 -1970 ခုနှစ်က မြို့ဘုရားပွဲမှာ 
တင်ဆက်ကပြခဲ့သော လူငယ်ပြဇာတ်အမည်များ) 

...

ကန့်သတ်
www.artspace.com
 ပြာနှမ်းနေတဲ့ အရိုးပေါ်အရေတင် စာနာမှုတွေကို

ငြင်းဆိုလိုက်တယ်.....

ဖြတ်သွားဖြတ်လာ လူယဉ်ကျေးများ

မလာရ ။  ။
                       
သျှင်မျိုးငယ်

Comments