Sunday, August 14, 2016

k

သစ်ခက်သံလွင် အမှတ်တရများ၊ ဒီဇိုင်းမျိုးဆွေသန်းရဲ့ ဂျပ်ဆင်ထိပ်က လရိပ်ပြာ



ဂျပ်ဆင်ထိပ်က လရိပ်ပြာ 

ဒီဇိုင်းမျိုးဆွေသန်း

လင်းလက်တောက်ပဆဲမှာပဲ ရုတ်တရက် ကွဲကြေသွားပြန်တယ် အို ညနေကြယ်’ 
(သက်ငြိမ်) လို့ စာရိုက်လိုက်တယ်။
အဲဒီမှာပဲ ကျွန်တော့်တကိုယ်စာ တွေးမိပါတယ်။ ‘ဘာကြောင့်မှန်း ကိုယ်မသိခဲ့ပါ၊
ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်’ လို့ပါ။
ကျွန်တော့်ကိုပေးခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တခေတ်လုံးကို ပေးခဲ့တာပါ။
 
( ထူးအိမ်သင်ဆုံးပြီး အမှတ်တရစာအုပ် ၂၀၀၅ ခုနှစ် အစိမ်းရောင်ထဲတွင် မျိုးဆွေသန်းရေးသောစာ )
 


နေရောင်ပူပြင်းလှတဲ့ မုံရွာမြို့ရဲ့လမ်းမပေါ်မှာ ကတ္တရာ လမ်းစေးတွေ အငွေ့ပျံနေတယ်၊ ဗာဒံရွက်ခြောက်တွေ က လေ ရူးလေးနောက် ကို လျှောက်လိုက်နေတယ်။ လက်ဖက်ရည်ဆိုင်ထဲက လူတွေက နားကိုစွင့်ရင်း အဝေး ကိုငေးနေကြတယ်။ အဲ့ဒီလူတွေကြားမှာထိုင်နေရင်းနဲ့ ခင်ဗျားရဲ့ အသံကို စကြားရတယ်။
မိုးတွေရွာနေတဲ့ ကောင်းကင်အောက်က ရန်ကုန်မြို့ရဲ့ သစ်ပင်တွေက ကုပ်ဝပ်ငြိမ်သက်နေကြတယ်၊ မိုးစက်သေးသေးလေးတွေက လေရူးနောက်ကို ဝေ့ခနဲ ပါသွားတယ်၊၊ ရေဝေးသင်္ချိုင်းထဲမှာ လူတွေ ယောက် ယက်ခတ်နေတယ်။
အဲ့ဒီ လူတွေကြားကနေ ခင်ဗျားရဲ့မျက်နှာကို ဂူပိတ်ခါနီးလှစ်ခနဲ အဖွင့်မှာ တွေ့လိုက်ရတယ်၊ အဲဒီကျတော့ ခင်ဗျားက အသံမဲ့၊ အသက်မဲ့။
ကျွန်တော်နဲ့ ခင်ဗျားရဲ့တွေ့ဆုံခြင်းမှာ သစ်ရွက်ခြောက်တွေနဲ့စပြီး မိုးစက်သေးသေးလေးတွေမှာ အဆုံးသတ်တယ်။
အဲဒီ အစနဲ့အဆုံးရဲ့ကြားထဲမှာ မုံရွာ၊ မန္တလေးကျောင်းသား နေ့ရက်တွေမှာ
ခင်ဗျားသီချင်းတွေနဲ့ ကျွန်တော် ဖြတ်သန်းဖူးတယ်။ 

ရန်ကုန်ကိုရောက်တော့ ခင်ဗျားနဲ့ လက်ဘက်ရည်ဆိုင်တဆိုင်မှာ မသိကျွမ်းပဲနဲ့အတူထိုင်ဖူးရင်း ကြားလူ တယောက်က မိတ်ဆက်ပေးလို့ ခဏခင်မင်ရဖူးတယ်။ လှည်းတန်းဈေးရှေ့မှာ ခင်ဗျားကခရစ္စမတ် ဦးထုပ်နဲ့ ပန်းသီးကြီးကြီးတလုံးကိုင်ပြီး လမ်းဖြတ်ကူးဖို့ ရပ်နေတာတွေ့တော့ ‘စန်တာကလော့ကြီးလား' ဆိုတော့ 'ဟုတ်တယ်’ လို့ ဖြေဖူးတယ်။ ခေါင်းမှာပုဝါကြီးစည်းလို့ ၄၆ လမ်းမှာ တခါတွေ့တော့ 'ကိုငှက် ဦးနှောက်တွေ လူခိုးမှာ စိုးရိမ်လို့ ခေါင်းကိုထုပ်ထားတာလား’ ဆိုတော့ ' ဟုတ်တယ်ကွ’ လို့ ဖြေဖူးတယ်။ နောက်တော့ ကျွန်တော် ဒီဇိုင်းတွေရေးရင်း ခင်ဗျားတို့နေထိုင်ရာ ဒီဂီတလောကမှာ အတူတကွနေထိုင်ခဲ့ ကြပါတယ်။
ခင်ဗျားနဲ့ သင်္ကြန်တခါလည်ရင်း ရေပက်တဲ့ လူတွေက ‘ထူးအိမ်သင်ဂိုက်ကြီးဖမ်းလာတဲ့လူ’ လို့ ခင်ဗျားကို ဝိုင်းအော်ကြတာတွေ့ဖူးတယ်၊ ခင်ဗျားအမေရဲ့မော်လမြိုင်သင်္ကြန်ထမင်း စားဖူးတယ်။ လဘက်ရည်ဆိုင် ခဏခဏ အတူထိုင်ဖူးတယ်။ စကားပြောရတာကပ်တဲ့ ခင်ဗျားနဲ့ ခဏခဏအငြင်းအခုံ လုပ်ဖူးတယ်။
တွေ့ရင် ငြင်းရတာလည်း သမိုင်းဆိုင်ရာအကြောင်းတွေ၊ အဲဒီထဲမှာ ခင်ဗျားအားကျတဲ့ သူတွေက ရာဇဓိရာဇ်၊ မင်းကံစီ။
အဲဒီလူတွေ အကြောင်းပြောရရင်ခင်ဗျားက မျက်လုံးတွေတောက်လက်လို့၊ ရာဇဓိရာဇ်စီးတဲ့ဆင်တော် ‘ငရက်နွဲ့’၊ အပိုင်စားရတဲ့ စည်းစိမ်စာရင်းကို လှုပ်လှုပ်ရှိ ခင်ဗျားအလွတ်ရွတ်ပြီ။
ရာဇဓိရာဇ်နဲ့ ဗျည်းနွဲ့ စီးချင်းထိုးတော့ ဆင်တော်နှစ်ကောင်ရဲ့နာမည်က ဘာလို့ ‘ငရက်နွဲ့’ သွားတူ တာလဲမေးတော့ ကျွန်တော်က ‘ရမ်ဘိုခေတ်စားတော့ အိမ်တိုင်းလိုလိုကခွေးတွေ ရမ်ဘို ဖြစ်ကုန်တာပေါ့’ ဆိုတော့ ‘ဟုတ်သလိုတော့ ရှိတယ်၊ 

ဒါပေမဲ့ ငါတော့ မင်းအဖြေဘဝင်မကျပါဘူး’ လို့ ခင်ဗျားက အကန်လုပ်ပြန်တယ်။
ဒါပေမဲ့ ဒီအကြောင်းတွေပဲ တွေ့တိုင်း ပြောဖြစ်ပါတယ်၊
ပထမမြန်မာတွေ ဘယ်ကလာ၊ နတ်ထိပ်တောင်ကြား က မြင်းတွေနဲ့ မဆင်းနိုင်ပါ၊
စာအရေးအသားတွေဘယ်ကလာ၊ ခင်ဗျားနဲ့ ငြင်းလို့ ပြီးမသွားသေးတဲ့ အကြောင်းအရာတွေပါ။
‘မင်းကို ငါပေးလို့ ပိဋကတ်သုံးပုံရတာ’ ပြောတော့ ကျွန်တော်က ‘ခင်ဗျားတို့ သထုံက ပိဋကတ်ကို ကျွန်တော်တို့ မယူပါ၊ အဲဒီ အချိန်တုန်းက သထုံကဟာက Third Edition ပါ။ သီဟိုဠ်မှာ Fourth Edition ပေါ်နပြီ၊ သီဟိုဠ်က ယူတာပေါ့ဗျာ၊ Edition အဟောင်းကြီးတော့ မယူပေါင်ဗျာ’ ကျွန်တော်ပြောတော့ ‘အောင်မာ မဏိစန္ဒာကျတော့ ယူတယ်ပေါ့လေ’ ‘မဏိစန္ဒာကြီးလည်း လှမယ် မထင်ပါဘူးဗျာ’၊ ‘အောင်မယ်လေးကွာ မင်းတို့အခု ငါတို့မော်လမြိုင်က နန္ဒာလှိုင်ကိုပဲ မင်းသမီးဆိုပြီး ကြည့်နေ ရတာမဟုတ်လား’ ဆိုတော့ ကျွန်တော်က ‘မနန္ဒာကြီးမကြိုက်ပါဘူး၊ ခိုင်သင်းကြည်ပဲ ကြိုက် တာပါ’၊ ‘အဲဒါတော့ မင်းနဲ့ ငါနဲ့ တူသွားပြီ၊ ဟား ဟား ဟား၊ ဒါကျမှဒီကောင်နဲ့ငါ မငြင်းရတော့တယ်’တဲ့။
တမိုးအောက်မှာ မှတ်မှတ်ရရ ခင်ဗျားနဲ့ကျွန်တော် နှစ်ယောက်တည်း ကြာကြာနေဖူးတာ ကိုရွှေ့အခန်းမှာ ဂိမ်းဆော့နေကြတာ၊ ကိုရွှေက ‘ဒဂုံပြန်မယ်’ ဆိုတော့ ခင်ဗျားရော၊ ကျွန်တော်ရော နေခဲ့ကြတာ။ ကျွန်တော်က ကွန်ပျူတာဂိမ်း စစ်တိုက်တမ်း၊ ခင်ဗျားက TVဂိမ်း ကော်ဇောပျံစီးတမ်း၊ တယောက်နဲ့ တယောက် စကားတောင် လှည့်မပြောဖြစ်ကြဘူး၊ ကျွန်တော်က ဂိမ်းဆော့ရင် အပြင်မှာ တကယ် ရှိတာတွေပဲ ကြိုက်တယ်၊ ခင်ဗျားက အပြင်မှာမရှိတဲ့ ကစားနည်းပဲ ကြိုက်တယ်၊
အာလာဒင်ရဲ့ကော်ဇောပျံစီးမယ်၊ မာရီယိုရဲ့ မှိုပွင့်လေးတွေစားမယ်။
မနက်လေးနာရီလောက်မှာ တယောက်နဲ့တယောက် တချက်စီလောက်တော့ လှမ်းကြည့်ကြတယ်။ ခင်ဗျားက ငုတ်တုတ်ကြီးထိုင်လို့၊ ကြမ်းပြင်ပေါ်ကို ဖင်ချမထိုင်ဘူး၊ ဆက်တိုက်ဆော့ကြတာ ၃၆ နာရီ ကျော်လိမ့်မယ်။ 

တယ်လီဖုန်းလာတော့ ခင်ဗျား ထကိုင်တယ်။ ‘မိသွယ် ခင်ဗျားကိုလာခေါ်တော့မယ်မဟုတ်လား’ ဆိုတော့ ‘ဟုတ်တယ်’ တဲ့။ အဲဒီကျမှ ရပ်တော့တယ်။ အဲဒီ အချိန်ကျမှ ခင်ဗျားက အဆက်အစပ် မရှိဘဲနဲ့ ‘ကျောင်းဆရာ၊ ဒလတောကြီးတန်းမှာ မင်းရဲကျော်စွာနဲ့ ရာဇဓိရာဇ် စီးချင်းထိုးကြတုန်းက ‘ဟာ တော်ပြီကိုငှက်ရာ၊ စီးချင်း မထိုးနိုင်တော့ဘူး၊ ခိုင်သင်းကြည်ပဲ’ လို့ပြောပြီး ခင်ဗျားနဲ့ ကျွန်တော် စစ်ပြေငြိမ်းပြီး လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း မိသွယ်ရောက်လာပြီး ခင်ဗျားကို လေလျှော့ပြီး ခေါက်သိမ်း သွားရော၊ အဲဒီနောက် လူချင်း သိပ်မတွေ့ဖြစ်တော့ပါ။
(အခု မာရီယို 3D ဂိမ်း အသစ်တွေ ထွက်နေပါပြီ)
ခင်ဗျားပျော်ရွှင်နေတာ၊ မှုန်မှိုင်းနေတာ၊ ကြည်လင်နေတာ၊ ရီဝေနေတာ၊ သန့်ရှင်းနေတာ၊ နောက်ကျိနေတာ၊ တက်ကြွနေတာ အားလုံးမြင်ဖူးပါပြီ၊ခင်ဗျားနဲ့ အများကြီးမနီးစပ်ခဲ့ပါ၊ ခင်ဗျားရဲ့ အနုပညာနဲ့ စိတ်ခံစားမှုကို လည်း အများကြီးမနီးစပ်ခဲ့ပါ။
လူချင်းခင်နေသော်လည်း ခင်ဗျားနဲ့အလုပ်များများ မလုပ်ခဲ့ဖူးပါ၊ နှင်းဆီလှိုင်း Unplugged အယ်လ်ဘမ်နဲ့ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့တမ်းချင်း VCD ဒီဇိုင်းများသာ လုပ်ပေးခဲ့ ဖူးပါတယ်။
နှင်းဆီလှိုင်း Unplugged အယ်လ်ဘမ် ဒီဇိုင်းလုပ်တော့ ကျွန်တော်က ပန်းချီဆရာ ကိုမုတ်သုံထံ ခင်ဗျားတို့ ပုံတူ SKETCH လေးတွေ သွားအပ်ပြီး ဓာတ်ပုံနဲ့ SKETCH ရောကာ ဒီဇိုင်းလုပ် ပေးလိုက်တယ်၊ အဲဒီ ဒီဇိုင်းလေးတွေက ခင်ဗျားရဲ့ နောက်ဆုံးခရီးမှာဝေတဲ့ လက်ကမ်း စာရွက်အဖုံးလေး ဖြစ်ရလိမ့်မယ်လို့ မထင်ခဲ့ပါ။ 

`အမေ’ အယ်လ်ဘမ် ကျတော့လည်း ကိုမုတ်သုံ ထံမှာပဲ ခင်ဗျားပုံတူ SKETCH အပ်မိပြန်ပါတယ်၊ အဲဒီ ခင်ဗျားရဲ့ ပုံတူ SKETCH လေးေ တွက ခင်ဗျားအုတ်ဂူမှာ ကပ် မယ့် ကြေးပြားဖြစ်မယ်လို့ မထင်မိပါ။
မထုတ်ဖြစ်တဲ့ မဂ္ဂဇင်းတအုပ်မှာမျက်နှာဖုံး လုပ်ဖို့ ပေးထား တဲ့ဓာတ်ပုံတပုံကို Scan ကူးပြီး ဒီဇိုင်းလုပ်ကာ စီဒီထဲ ကျွန်တော်ထည့်ထားမိတယ်။
ခင်ဗျားက သမီးလေး ‘ထောထော’ ကို ပိုက်ပြီး ထိုင်နေတဲ့ပုံ။ မေတ္တာဓာတ်အပြည့်ပါတယ်လို့ ခံစားရလို့ သိမ်းထားမိတယ်။
ဓာတ်ပုံ ဘယ်သူရိုက်မှန်း မသိရပါ။ အဲဒီ ပုံလေးက ခင်ဗျား ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အမှတ်တရ အယ်လ်ဘမ် ကာဗာဒီဇိုင်း ဖြစ်တော့မယ်၊ ကျွန်တော် တွေးထင်မထားမိခဲ့ပါ။
ခင်ဗျားကို ကျွန်တော် နှစ်ခုပဲပေးဖူးတာ မှတ်မိပါတယ်။ ကလပ်စစ် စီဒီ နှစ်ခွေတွဲ၊ Edwin Arnold ရဲ့ Light of Asia စာအုပ်၊( ကျွန်တော်က ပေးလို့ယူပေမယ့်လည်း ငြင်းတာတော့ မလျှော့ကြပါ၊ ကျွန်တော်က မောင်စံဖော် ဘာသာပြန်တာကြိုက်တယ်၊ ခင်ဗျားက မောင်သာနိုးပြန်တာကြိုက်တယ်။)
ခင်ဗျားက ကျွန်တော့်ကို အများကြီး ပေးခဲ့တာကိုတော့ ခင်ဗျား သေတဲ့ညမှပဲ ထင်ထင်ရှားရှား မြင်မိပါ တယ်၊ နောက်နေ့ ခင်ဗျားနောက်ဆုံးခရီးမှာ ခင်ဗျားရဲ့ပရိသတ်တွေကိုဝေငှဖို့ လက်ကမ်းစာရွက်လေး ကျွန်တော် ဒီဇိုင်းလုပ်ပါတယ်။ ကျွန်တော့် အခန်းလေးထဲမှာ ကိုကြွက်နီ၊ မြင့်မိုးအောင်၊ ရွှေဂျော်ဂျော်၊ ၊ မောင်မောင်ဇော်လတ်၊ လေးဖြူနဲ့ ဦးလီတို့ရှိတယ်၊ အများနဲ့ဆိုင်တဲ့ ခင်ဗျားကို ကိုယ်စားပြုတဲ့ ခင်ဗျား စာသားလေးတခုကျန်ရစ်သူတွေက စဉ်းစားပေးကြတယ်။
လင်းလက်တောက်ပဆဲမှာပဲ ရုတ်တရက် ကွဲကြေသွားပြန်တယ် အို ညနေကြယ်’ (သက်ငြိမ်) လို့ စာရိုက် လိုက်တယ်။
အဲဒီမှာပဲ ကျွန်တော့်တကိုယ်စာ တွေးမိပါတယ်။ ‘ဘာကြောင့်မှန်း ကိုယ်မသိခဲ့ပါ၊
ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်’ လို့ပါ။
ကျွန်တော့်ကိုပေးခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တခေတ်လုံးကို ပေးခဲ့တာပါ။
ခင်ဗျားပေးခဲ့တာအများကြီးပါ။ ခင်ဗျားရဲ့ လူကြိုက်များလှတဲ့ ‘ အမေ့အိမ်’ တို့၊
'ဧရာဝတီ’ တို့ကို ခဏ ထားပါ။

ခေတ်ကို ကိုယ်စားပြုနိုင်တဲ့ ခင်ဗျားသီချင်းတွေ အများကြီးပါ၊ ခေတ်က တောင်းဆိုလို့ပေါ်လာတာ ခင်ဗျားပါ၊
ခေတ်ကိုကိုယ်စားပြုပြီး ခင်ဗျားပေးခဲ့တာတွေ အများကြီးထဲက ဒီ စာသားလေးကို ကျွန်တော် အမြဲရွတ်နေမိပါတယ်။

‘နွေကျောင်းပိတ်ရက်တွေ လွန်ချိန်မှာ
သူပြန်မလာနိုင်ပြီပဲ
ဘာကြောင့်လဲ ကိုယ်မသိခဲ့ပါ
ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်’ တဲ့
ခင်ဗျားဟာ ဂျပ်ဆင်ထိပ်က လရိပ်ပြာပါ။
ကျွန်တော် ခင်ဗျားကို ဗာဒံရွက်ကြွေတွေကြားမှာ စတွေ့တယ်၊ မိုးစက်သေးသေးလေးတွေကြားမှာ ဆုံးတယ်။
အခု မိုးစက်သေးသေးလေးတွေ ပြန်ကျလာပြန်ပါပြီ။

ဒီဇိုင်း မျိုးဆွေသန်း
၃၀ .၅ .၂၀၀၅

- ဒီဇိုင်းမျိုးဆွေသန်း၏ဖေ့ဘွတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
သစ်ခက်သံလွင်