Wednesday, August 10, 2016

k

သစ်ခက်သံလွင်၊ ဝတ္ထုတို၊ လူဗိုလ်၏ နောင်ပေး( ဒုက္ခသည်စခန်းဘဝ ဇာတ်လမ်းများ-၁)

PSO
 ကျနော်တို့ဘ၀တွေမှာ ဘယ်သူတွေဆီက၊ ဘာတွေများ နောင်ပေးတွေယူထားမိကြသေး လဲဆိုတာကိုသာ စဉ်းစားထားကြပေတော့ ....

နောင်ပေး

လူဗိုလ်


(က)

နို့ဖိုးဒုက္ခသည်စခန်းကိုရောက်စ၊ နာမည်လေးကိုကြားစ၊ ထူးထူးဆန်းဆန်းနဲ့ လှလှပပလေး မို့ စိတ်ဝင်စားမိခဲ့တယ်။ နောင်ပေးတဲ့။ ဒုက္ခသည်စခန်းသုံးလေးခုမှာနေခဲ့ဖူးလို့ ဒုက္ခသည်ပါး ၀နေ ပြီ ပြောနိုင်ပေမယ့်၊ ဒီ နောင်ပေးဆိုတာနဲ့ ကျနော် မနီးစပ်ခဲ့တာအမှန်။
အစပိုင်းဒုက္ခသည်ဘ၀လို့ပြောရမယ့် ထိုင်း၊ ကရင်နီနယ်စပ် နို့ပအားဒုက္ခသည်စခန်းမှာနေ ခဲ့ရစဉ်က လူပျိုဘ၀လည်းဖြစ်၊ ABSDF ရဲဘော်ဘ၀လည်းဖြစ်တာမို့ ဒီလိုကိစ္စတွေကို အာရုံမရမိ၊ ဂရုလည်းမထားခဲ့မိ လို့မကြားခဲ့၊ မသိခဲ့ရတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဇလား၊ မယ်လာဥ စတဲ့ ဒုက္ခသည်စခန်းတွေ မှာ နေရချိန်မှာတော့ ABSDF ရဲဘော်ဘ၀ဖြစ်သေးပေမယ့် အိမ်ထောင်သည် ဘ၀၊ ကလေးနှစ်ယောက်ရဲ့ အဖေ။ မိသားစုစားဝတ်နေရေးတွေနဲ့နပန်းလုံးနေရပြီ။ ဒါလည်း ဒီ နောင်ပေးဆိုတဲ့နာမည်ကိုရော၊ အလားတူအဓိပ္ပာယ်ရှိတဲ့ တခြားနာမည်တွေကိုရော မကြုံခဲ့ မကြား ခဲ့ရ။ ခုမှသာ  … ။

ကိုဝင်းကြိုင်ကတော့ပြောပါတယ်။ ဒါမျိုးတွေက ဟိုး….မဆလခေတ် သမ၀ါယမဆိုတာတွေ ခေတ် စားနေချိန်ထဲက ရှိနေတာပါတဲ့။
ကိုလူဗိုလ်ရယ် ဒီနောင်ပေးဆိုတဲ့ယဉ်ကျေးမှုက စစ်တပ်ထဲမှာယဉ်ပါးနေတာကြာပါပြီ။ ဗိုလ် ကတော်တချို့နဲ့ တပ်ကြပ်ကြီးအဆင့် လယ်ဘယ်ကတော်တွေက ဒါတွေနဲ့ပဲလုပ်စားနေကြတာ။
အဲ့ဒီမှာတော့ နောင်ပေးလို့မသုံးကြဘူး၊ ကြိုကန်တဲ့။ တနှစ်ကြိုကန်၊ နှစ်နှစ်ကြိုကန်အထိ တောင်ရှိကြတယ်။ ရိက္ခာထုတ်ရက်တွေဆို ငိုပွဲတွေ၊ ရန်ပွဲတွေ ချိမ့်ချိမ့်သဲပဲ။

(ခ)

ကျနော့်မိန်းမရဲ့သူငယ်ချင်း အယ်မူးဒါးဆိုတာက ဒီနို့ဖိုးကိုရောက်နေတာ ၇ နှစ်ကျော်ပြီ။ လည်လည်ဝယ်ဝယ်နဲ့ သွက်သွက်လက်လက်မို့ ကျန်းမာရေးဌာနတခုမှာလည်းအလုပ်ရှိ၊ ၀က်မွေး မြူရေးလုပ်ငန်းလေးလည်းလုပ်၊ ဟိုစပ်စပ် ဒီစပ်စပ်လည်း ရောင်းဝယ်တတ်တော့ အသင့်အတင့် သုံးနိုင်စွဲနိုင်တယ်။ ငွေပိုငွေလျှံလေးတွေလည်း ရှိတယ်။ ဒါကြောင့်ပဲ ကျနော်တို့အခက်အခဲရှိတိုင်း သူ့ဆီမှာ သွားသွားဆွဲသုံးနေကျ။ အတိုးဘာညာပေးစရာလည်း မလိုဘူးလေ။ နောက်တော့ နီးစပ် ရာအသိုင်းအ၀ိုင်းထဲက မိတ်ဆွေတချို့အခက်အခဲဖြစ်ကြရင်လည်း ကျနော့်မိန်းမကကြားကတဆင့် ကူညီပေးရတယ်။ ဒီတော့ ကြားထဲကကျနော့်မိန်းမက မုန့်ဖိုးလေး၊ ဟင်းဖိုးလေးတွေ သုံးရတာပေါ့။
ဒီလိုနဲ့ အမြင်ကျယ်လာတယ်လို့ ပြောရမလား… ။ ကျနော့်မိန်းမက ငွေ ၂၀၀၀၊ ၃၀၀၀ လောက်ကို သူ့သူငယ်ချင်းဆီကယူထားပြီး၊ ရပ်ကွက်ထဲက အရောင်းအ၀ယ် ဇ,ရှိသူ၊ ကျွမ်းကျင်သူ ဟုယူဆရသူ အမျိုးသမီးအဖော်တွေနဲ့တွဲပြီး စီးပွားရှာကြပါလေရော။ မြင်မြင်နေရတာကတော့ ဒုက္ခသည်တွေကိုထုတ်ပေးနေကျ ဆီ၊ ဆန်၊ ပဲ ဆိုတာတွေကို လိုက်ဝယ်လိုက်၊ ပြန်ရောင်းလိုက်နဲ့ ပေါ့ဗျာ။ တချို့ကို ရိက္ခာထုတ်တဲ့ရက်တွေမှာလိုက် ၀ယ်တာမျိုးတွေ့ရပေမယ့် တချို့ကိုတော့ ကြို ၀ယ်တာမျိုးလည်း ရှိတယ်။ ပိုက်ဆံကြိုပေးထားတာမျိုးပေါ့ဗျာ။
ငွေအမြဲလိုနေတဲ့ ဒုက္ခသည်ဘ၀မှာတော့ နောင်ခါလာနောင်ခါဈေးပဲ။ ယာယီပြေလည်ရေး အတွက် မျက်စိမှိတ် ရောင်းနေရတာပါပဲ။ နစ်နာမှန်း၊ ဆုံးရှုံးမှန်း မသိဘယ်ရှိကြပါ့မလဲဗျာ။
ဟုတ်တယ်လေ။ မနက်ဖန်ဈေးနေ့ဆို ငွေလိုပြီ။ အိမ်မှာ တယောက်ယောက်ဖျားနာပြီဆို ငွေလိုပြီ။ တတိယနိုင်ငံက ဆွေမျိုး၊ မိတ်ဆွေတွေဆီ အကူအညီလှမ်းတောင်းမယ်ဆို ဖုန်းဖိုးတို့၊ အင်တာနက်ဖိုးတို့လိုပြီ။ ကလေးမွေးနေ့ပွဲလုပ်ဖို့၊ အရေးပေါ်ဖိနပ်ပြတ်လို့၊ ထီးဆောင်းစရာမရှိလို့၊ ဗီဒီယိုလေးငှါးကြည့်ချင်လို့ စသဖြင့်ပေါ့။ နောက်ဆုံး ဇ၀က်သာ (အရက်) လေးသုံးစွဲချင်လို့။ ကောက်ညှင်း(အရက်)လေးမှီဝဲချင်လို့ကအစ ဒီနောင်ပေးနဲ့ပတ်သက်လာတယ်။ မျှမျှတတနဲ့ ရိုးရိုး သားသားရှိကြလို့ နှစ်ဖက်ပြေလည်ကြရင် ပြီးသွားတာပါပဲ။

(ဂ)

ဥပမာပြောရမယ်ဆိုရင်တော့ ဆန်တပုံးကို ၁၅၀ လောက်ပေါက်နေချိန်မှာ ငွေလိုတဲ့လူက ၁၀၀ လောက်နဲ့ကြိုရောင်းတာမျိုး။ ဆီတလစ် ၄၀ လောက်ရှိနေချိန်မှာ ကြိုယူမယ်ဆို ၃၀၊  ဆိုတာ မျိုးပေါ့။
အစပိုင်းတော့ အိုကေတဲ့ပုံစံပါပဲ။ ရတဲ့အမြတ်တွေကို ခွဲဝေသုံးစွဲကြရင်း အူစိုနေကြတာပေါ့။ 

အဘိုးကြီးရယ် ရှင်ကျောင်းဆရာလုပ်နေတာကိုမြင်ရတာနဲ့တင်ပင်ပန်းပါတယ်။ ကျမလည်း ငွေရှာနိုင်နေပြီပဲ။ ကျမတခါလုပ်ကျွေးဦးမယ်လေ
“ရှင့်ကျောင်းဆရာလစာက ကျမတပတ်ရှာတာလောက်တောင် မရှိပါဘူး။ လုပ်မနေပါနဲ့ တော့”

မိန်းမလေသံက ကျယ်မယ်ဆိုလည်း ကျယ်လောက်တာကိုး။ ကျနော့်လခက တလမှ ၅၀၀။ မလောက်မငှနဲ့မို့ မြက်တပင်ဆွဲမိလည်း မနဲပါဘူးဆိုပြီး ခွန်းတုန့်မပြန်ပဲ ငြိမ်နေလိုက်တယ်။ ဒုတိယ ဘုရားရဲ့အစွမ်းကတော့ အံ့မခန်းပါပဲ။ အရင်ကစကားပြောရင်မပွင့်တပွင့်နဲ့ မေးတဲ့လူရှိမှပြောတတ် တဲ့ ကျနော့်မိန်းမ။ ခုတော့တရားဟော ဆရာဖြစ်နေပြီ။ တိုးတက်လာတယ်ဆိုတော့ ၀မ်းသာရ တာပေါ့ဗျာ။
ဒါပေမဲ့ သိပ်မကြာလိုက်ပါဘူး ပြဿ        နာပေါ်တော့တာပဲ။ ကြိုယူထားတဲ့လူတွေ ပေးချိန်ကျမှ ပြဿ   နာရှာတာတို့၊ သူနဲ့တွဲလုပ်နေတဲ့ ပါတနာတွေက ရှန်တိန်လုပ်သွားတာတို့နဲ့ အရင်းပြုတ်ပါ လေရော။ လက်ထဲမှာ နာမည်တွေ ရေးထားတဲ့ အကြွေးစာရင်းစာအုပ်တွေပဲ အဖတ်တင်ကျန်ရစ်ခဲ့ တယ်။ ဒီတော့မှ အသံပြန်မှန်လာပြီး  
သိပ်လည်တဲ့မိန်းမသိလား။ ကျမဆီမှာလည်း ယူထားသေးတယ်။ ဟိုဖက်ရပ်ကွက်က အဘွားကြီး ဆီမှာလည်း ယူထားသေးတယ်လေ။ အဲ့ဒီအဘွားကြီးက အာကလည်းကြမ်း၊ မပေးရင် ပလာနဲ့တိုင် မယ်ပြောလို့ ကြောက်ကြောက်နဲ့ ပေးလိုက်ရတယ်တဲ့
ကျနော့်ကိုယုံပါ။ တသက်လုံးသူများဆီက နှမ်းတစေ့တောင် မတရားသဖြင့်မယူဖူးဘူးဆို တဲ့ အုံးဖန်မှာ အလုပ်ထွက်ထွက်လုပ်နေတဲ့ ကောင်လေ။ ခုတော့ သူ့မိသားတစုလုံး ခေါ်ပြီးပြေးပြီ။
တတိယနိုင်ငံရောက်တာနဲ့ အကြွေးတွေကိုအကြေဆပ်ပါ့မယ်ဆိုပြီး တငိုငိုတယိုယိုနဲ့ တောင်းပန် တတ်တဲ့ ကလေး ၃ ယောက်နဲ့ မုဆိုးမ၊ အမေရိကန်ကိုထွက်သွားတာ ၆ လပြည့်တော့မယ်။ တချက်လေးဖုန်းပြန်ဆက်ဖော်တောင် မရပါဘူးတော်
ထားလိုက်ပါတော့ရှင်။ ကျမတို့လည်း ၄၊ ၅၊ ၆ လလောက်စားခဲ့ရပြီးပြီပဲ။ ကျမတို့အရင်း ကြေပါပြီ။
အယ်မူးဒါးကပြောတယ်၊ သူတို့လည်းထွက်ရခါနီးပါပြီတဲ့။ ပြန်ပေးစရာမလိုတော့ပါဘူးတဲ့။ တကယ်လို့ အကြွေး တွေပြန်တောင်းလို့ရရင်လည်း ကျမတို့ပဲသုံးလိုက်တော့တဲ့..။
ကောင်းပါ့ဗျာ။ ဒီလောက်နဲ့တင်စခန်းပြန်သွားလို့။ ရုံးမရောက် အချုပ်မရောက်နဲ့ ပြဿနာ မရှည်ရင် ပဲ တော်ပါပြီ။ ရန်ဖြစ်ဟယ်၊ အော်ဟယ်ဆဲဟယ်တော့ မလုပ်ပါရစေနဲ့။
တော်ပါသေးရဲ့ ကျောင်းဆရာဘ၀လေးကို ခြေစုံမကန်ခဲ့မိလို့ 
နောင်ပေးဆိုတဲ့လုပ်ငန်းက လုပ်တတ်ကိုင်တတ်သူများကြတော့လည်း စီးပွားဖြစ်ကြပါ တယ်ဗျာ။ တချို့လုပ်သက်ရင့် နောင်ပေးရှင်တွေဆို ရွှေကိုပိဿလိုက်တောင် ရှိတယ်ဆိုပဲ။ ကိုယ် ပိုင်ကားနဲ့၊ ဆိုင်ကြီးကနားကြီးတွေနဲ့လေ။ ဒီလို လူမျိုးတွေကျတော့ အောက်ခြေအထိဆင်းဝယ် မနေတော့ဘူး။ လက်ခွဲတွေမွေးထားပြီး ခေါင်ကိုတက်ကိုင်ထားတာ။ အချိန် ကျမှ လက်ခွဲတွေဆီက ပဲတို့၊ ဆီတို့၊ ဆန်တို့ကိုစုပြီး၊ မြို့ပေါ်က ထိုင်းဆိုင်ကြီးတွေကို ကားအစီးလိုက်အစီးလိုက် ပြန်ပြန် သွင်းတာ။ အဲဒီကနေပဲ ဒုက္ခသည်စခန်းတွေကို ပြန်ပြန်ရောက်လာတာလို့ ပြောနေကြတဲ့ ကောလဟာလတွေလည်း ရှိရဲ့။ သံသရာလည်နေတာပေါ့။ ဒီသံသရာထဲက ဒုက္ခသည်အချို့ရဲ့ အဖြစ်တွေ မှာသာ ….  

(ဃ)

နောင်ပေးနဲ့ပတ်သက်တဲ့ ဇာတ်လမ်းလေးတွေကို နို့ဖိုးစခန်းအနှံ ဖားကောက်သလို လိုက် ကောက်ရင် ကောက်နိုင်သလောက်ရနိုင်တယ်။
ဆန်လေး ၂ ပုံးဖိုးယူထားမိတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်အကြောင်းဆိုရင် လိုက်လို့မမီနိုင်အောင်၊ နားမလည်နိုင်အောင်ပါပဲ။ အခက်အခဲတွေကြောင့် သုံးလလောက်ကြာသွား တာနဲ့ အတိုးချည်းသက်သက်ကို ၇၀၀ လောက်ပေးလိုက်ရတယ်ဆိုပဲ။ ဒါတောင် တောင်းတောင်း ပန်ပန်နဲ့ လုပ်ခဲ့ရတာတဲ့။ ဖြစ်ပုံကဒီလို။ ယူပြီးမှဆန်ဈေးက တက်ပြီး ၂၀၀ ဖြစ်သွားတယ်။ လကုန်မှာ မပေးဖြစ်တော့ ပေးဖို့က ၄၀၀ ဖြစ်သွားပြန်ရော။ ဒါကနောက်လအတွက် ချေးငွေပြန်ဖြစ်ပြီး ဆန် ၄ ပုံးယူပြန်ဖြစ်။ တတိယလရောက်တော့ ၄ ပုံးဖိုးက  ၈၀၀ ဖြစ်ပြန်ရော။ ဒါနဲ့ပဲ နောက်လဆို ၁၆၀၀ ဖြစ်မှာ ကိုကြောက်ရတဲ့နိုင်ငံရေးသမားက ရနိုင်တဲ့နေရာက ငွေ ၇၀၀ ဆွဲ အတိုးသတ်ပြီး၊ နောက် လမှာ ဆန် ၂ ပုံး ပေးလိုက် ရတယ်တဲ့။ ကြောက်စရာ  … ။

နောက်မိသားစုကလည်း နိုင်ငံရေးအသိုင်းအ၀ိုင်းကပဲ။ အဖြစ်က မိန်းမကလေးဖွားပြီးချိန်မှာ အဟာရလေးစားချင်လို့ဆိုပြီး နောင်ပေးယူလိုက်မိတာ။ တတိယနိုင်ငံရောက်ရဲဘော်များရဲ့ အကူ အညီ ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ အဆုံးအဖြတ်မြန်လို့ပေါ့။ နောက်လပို့ပေးမယ် နောက် လပို့ပေးမယ်နဲ့ ကြာနေတာကို သီးမခံနိုင်တဲ့အဆုံး လင်မယားနှစ်ယောက်လုံး ရမယ့်စကေးကို အငတ်ခံပြီး အကျေပြန် ဆပ်လိုက်လို့။ တော်သေးတာပေါ့ နီးစပ်ရာတွေက ဆန်ဝိုင်းကူလိုက်ကြလို့ ထမင်းပါမငတ်တာ။  တတိယနိုင်ငံကအကူအညီကတော့ ကလေး ၆ လ ပြည့်မှရောက်လာတယ် တဲ့။

နောက်အဖြစ်က ကျနော်စာသင်နေတဲ့ကျောင်းက လေးတန်းကျောင်းသူလေး။ လိမ္မာရေး ခြားရှိပြီး၊ စာ တော်သူလေး။ ဒီနောင်ပေးကြောင့်ပဲ ကျောင်းပါထွက်သွားရတယ်။ ဖြစ်ပုံကဒီလို။ သူ့အဖေက ၀ါရင့် အရက်သမားတဲ့။ ကလေးက ၅ ယောက်ရှိတယ်။ ကျောင်းထွက်လိုက်ရတဲ့ ကျောင်းသူလေးက အကြီးဆုံး။ အဖေလုပ်သူက အရက်က ပထမ၊ ဖဲက ဒုတိယဆိုတဲ့ လူစားမျိုး။ နောင်ပေးဆိုင်ရာမှာလည်း ကျွမ်းကျင်သူ ဆိုပဲ။ သူများတွေ တလလောက်ကြိုယူနေကြချိန်မှာ သူက ၄၊ ၅ လလောက်အထိကြိုယူတတ်တယ်။ မိသားတစုလုံးအတွက်ရမယ့် ဆန် ၆ ပုံးလုံးကို ရောင်းပစ် ရဲလောက်အောင် ရဲစွမ်းသတ္တိနဲ့လည်းပြည့်စုံ တယ်။ ရောင်းတာမှ တနေရာထဲတောင် မဟုတ်ဘူးတဲ့။
ရိက္ခာထုတ်ချိန်ရောက်ပြီဆို နောင်ပေးရှင်တွေသူ့ကြောင့် ပြဿနာဖြစ်ကြပြီ။ နောက်ဆုံး ရိက္ခာစာအုပ် ကိုင်ထားသူက အနိုင်ရလက်ဦးသွားတော့ ကျန်မရလိုက်သူတွေက အိမ်ကိုလာပြီး ပေါက်ကွဲကြတော့ တာပေါ့။ အဲ့ဒီအချိန်မျိုးဆို သူ့အဖေက အိမ်မှာမရှိတော့ဘူး။ အမေဆိုသူနဲ့ ကလေးတွေပဲ ဒီအဆဲ အဆိုဒဏ်တွေကို ရိက္ခာထုတ်ချိန်တိုင်း ပုံမှန်လက်ခံ နေရတာပေါ့။
သူတို့ဒုက္ခတွေက ဒီလောက်နဲ့တင်ရပ်မနေသေးဘူး။ အသနားခံရ၊ တောင်းပန်ရ၊ ကတိတွေ အလီလီပေးလိုက်ရတဲ့အပြင် ထမင်းပါ ငတ်ကြရသေးတယ်လေ။ ငတ်နေရတဲ့အထဲ ကြွေးတွေက လည်း ပွားပွားလာ။ ဒီတော့ ကျနော့် ကျောင်းသူလေးတာဝန် ကျလာတာပေါ့။ ကလေးခမျာ သမီး ကျောင်းတက်ချင် တယ်၊ သမီးကျောင်းတက်ချင်တယ်လို့ပြောပြောပြီး ငိုလိုက်တာဗျာ။ ကိုယ်ပါလိုက် ငိုရမလိုတောင်ဖြစ်လာ တယ်။ သူ့အမေကလည်း နို့စို့အရွယ်ကလေးရှိနေတော့ အိမ်ကနေပဲ အကျော်ကျော်ပေး၊ မုန့်ဖက်ထုတ်လေးတွေထုပ်ပေးပေါ့။  သူ့သမီးက တနေကုန်မိုးရွာမရှောင်၊ နေပူ မရှောင်လိုက်ရောင်း ပေါ့။ စားဖို့တင်မက အကြွေးကလည်းရှိနေသေးတာကိုး။
သူအဖေကတော့ ရေခဲတုန်းကြီးပဲ။ ရိက္ခာထုတ်တဲ့ရက်ဆိုပျောက်သွားပြီ။ စခန်းထဲလိုက် ပုန်း နေရင်လိုက်ပုန်း။ ဒါမှမဟုတ်စခန်းအပြင်ထွက်ပြီး ရွာနီးခြောက်စပ်တွေမှာ အရက်လှည့်သောက် ချင် သောက်နဲ့။ တော်တော်တာဝန်ကျေတဲ့အဖေ။

(င)

မျက်ရည်စက်လက်နဲ့ကျောင်းထွက်သွားရတဲ့ ကျောင်းသူလေးကိုမြင်လိုက်ရ။ ရွာထဲလှည့်ပြီး အကျော်တို့၊ မုန့်တို့လိုက်ရောင်းနေရတဲ့ ကျောင်းသူလေးကိုမြင်မြင်နေရတဲ့ ကျနော်၊ မနေနိုင်မထိုင် နိုင် သူ့မိသားစုနဲ့ မကင်းရာမကင်းကြောင်း လူကြီးတချို့နဲ့ စကားပြောဖြစ်တယ်။
ဒီလိုဖြစ်နေတာကို ရပ်ကွက်တာဝန်ရှိသူတွေ၊ စခန်းတာဝန်ရှိသူတွေကရော ဘာမှမပြော ကြ၊ မဖြေရှင်းပေးကြဘူးလားဗျာ။ ဒါတွေမဖြစ်အောင် ထုတ်ထားတဲ့စည်းကမ်းတွေ ဘာတွေရော မရှိကြဘူးလားဗျာ။
ပြောကြ၊ သတိပေးကြတာလည်း အကြိမ်ပေါင်းမနည်းတော့ပါဘူးဗျာ။ မိသားစုအတွင်းရေး ကလည်း ဖြစ်နေတာကိုး။
စည်းကမ်းဆိုတာတွေကတော့ ရှိတာပေါ့ဗျာ။ ဒါပေမဲ့ စည်းကမ်းဆိုတာက အရေးယူလို့ရ တာမျိုးမှ မဟုတ်တာ။ တားရုံပဲရတာဆရာရဲ့။ ယူတဲ့သူကယူတာကိုး၊ ပြန်ပေးရမှာပေါ့တဲ့။ တရားကျ လိုက်တာဗျာ။ ဒီတော့ဆက်မေးစရာတွေက ရှိလာပြန်ရောပေါ့ 
ဟာ ..တလဆန် ၆ ပုံးတောင်ရောင်းတယ်ဆိုတော့ ဒီလူက တောင်ယာလည်းရှိတာမဟုတ်၊ တခြားကရစရာ ဆန်လည်းရှိတာမဟုတ်ပဲနဲ့ ၀ယ်တဲ့လူကလူပဲဗျာ ၀ယ်ရက်လား။ ဒီကိစ္စတွေက ဖြစ်သင့်တဲ့ကိစ္စတွေလို့ မြင်နေကြလို့လား။ ထမင်းမစားပဲနေလို့ရတာမှမဟုတ်တာ။ လူကြီးတွေက ထားတော့ဗျာ သူ့ထိုက်နဲ့သူ့ကံပဲ။ ကလေးတွေက ဒုက္ခ။ တခါတခါ ကျောင်းကိုလာရင် ထမင်းမစား ခဲ့ရဘူးတဲ့။ ကျောင်းကပြန်ရင်လည်း စားရဖို့မသေချာဘူးတဲ့။ တနေကုန်ထမင်းငတ်ခံနေရတာ။ ကိုယ့်အတွက်ရိက္ခာရရက်နဲ့ ငတ်နေကြရတာ။
မဖြစ်သင့်တာတွေ ဆက်မဖြစ်ဖို့ကိုတော့ တာဝန်ရှိသူတွေက ဖြေရှင်းပေးရမှာပေါ့။ ဥပမာ ဥပဒေတွေထုတ်ပြီး ဒီလိုမျိုးထပ်မဖြစ်အောင် ကာကွယ်ပေးထားသင့်တာပေါ့ဗျာ။
ဆရာရယ်  ဘယ်သူက ဒီလိုဥပဒေမျိုးတွေကို ထည့်ဆွဲမှာလဲ။ ဥပဒေရေးဆွဲခွင့်ရှိသူတွေက ဒီပြဿ     နာမျိုးတွေ ရှိနေမှန်းရော သိကြပါ့မလားဗျာ။ ခံစားဖူးလို့သိခဲ့ရင်တောင် ဘယ်လိုဥပဒေတွေ နဲ့ ဘယ်လိုကာကွယ်ရတယ်ဆိုတာ သိဖို့၊ တွေးတတ်ဖို့လိုသေးတာ။ တကယ်လို့ ရေးဖြစ်လို့ ဥပဒေ ဆိုတာ ရှိခဲ့ရင်တောင် ဒီဥပဒေတွေက အသက်ဝင်ပါ့မလားဗျာ။ လက်တွေ့သုံးတဲ့နေရာမှာ ထည့်သုံး ကြပါ့မလား။ ကျနော်တော့ သိတ်မထင်ဘူး။
ကျနော်မောသွားပြီ။ အတော့ကိုမောသွားပါပြီ။ ပြောဆိုလိုက်ရတဲ့အတွက် အမောမဟုတ်။ ကျနော့်ကျောင်းသူလေးလို ထပ်ခံစားကြရဦးမယ့် အနာဂတ် နောင်ပေးဒုက္ခသည်တွေအတွက် ကြို မောရတဲ့အမော။

(စ)

တကယ်ဆို ကျနော်လည်း နောင်ပေးဒုက္ခသည်တဦးပါပဲ။ စောစောကပြောခဲ့သလို ငွေဆုံး ရှုံးခဲ့ရတဲ့ရလဒ်က လတ်တလောအကျိုးဆက်။ နောက်ဆက်တွဲအကျိုးဆက်တွေကလည်း ရှိသေး။
ပြောရရင် နာမည်ကြီးမှုပေါ့။ ကျနော့်မိန်းမသူငယ်ချင်း အမေရိကားကိုထွက်သွားတာ တနှစ် ပြည့်တော့မယ်။ ကျနော့်မိန်းမလည်း ဆက်မလုပ်ရဲတော့။ ဒါပေမဲ့ ….။
ကန့်ထဲမှာ ကိုလူဗိုလ်မိန်းမယောက် ငွေတိုးချေးစားနေတယ် ဆိုတဲ့သတင်းက ပျံ့နှံ့နေဆဲ။ မီဒီယာတွေ အကူအညီမပါဘဲ နိုင်ငံတကာကိုရောက်တယ်။ ဘယ်သူတွေ ဘယ်လိုဖြန့်ကြတယ် မသိ။ ကျနော့်သတင်းက အမေရိကားကိုလည်း ရောက်တယ်။ နော်ဝေကိုလည်းရောက်တယ်။
ဒီတော့ အကျိုးအမြတ်ကဘာဖြစ်လဲ။ လာဘ်ပိတ်တာပေါ့။ ဂုဏ်သိက္ခာကျတာပေါ့။ ဘယ် သူမှ အဆက်အသွယ်မလုပ်ကြတော့ဘူး။ ကူညီနေကျလူတချို့တောင် လက်ရှောင်သွားကြပြီ။ ဒါ က နောင်ကြွေးပေါ့။ ယူခဲ့မိတဲ့ နောင်ပေးတွေရဲ့အကျိုးဆက်တွေလေ။
ကျနော်တို့ဘ၀တွေမှာ ဘယ်သူတွေဆီက၊ ဘာတွေများ နောင်ပေးတွေယူထားမိကြသေး လဲဆိုတာကိုသာ စဉ်းစားထားကြပေတော့ဗျို့။ သေချာတာက ယူထားမိသမျှအတွက် နောင်ကြွေး ဆိုတာကတော့ တာဝန်ကျေတတ်တယ်နော်။


လူဗိုလ်
၂၂ . ၀၉ . ၀၉