သစ်ခက်သံလွင်ဝတ္ထုတို၊ ကမ်လူဝေးရေးတဲ့ ဓားခုတ်ကောင်



ဓားခုတ်ကောင်

ကမ်လူဝေး


www.pinterest.com

ဆရာဝန်ဆိုတော့လည်း ခက်သား။ ဆရာဝန်တို့အတွက် လူနာဟူသည် တမျိုးတည်းသာ ရှိရသည်။ လူဆိုးမရှိ၊ လူကောင်းမရှိ၊ ရန်သူမရှိ၊ မိတ်ဆွေမရှိ၊ ကြာကူလီကောင်မရှိ၊ လူသတ်သမားမရှိ၊ အားလုံး သည် လူနာသာဖြစ်သည်။ အမှန်တကယ်ကော ဒီလို တကယ်သဘောထားနိုင်ပါရဲ့လား။  

ဆူဆူညံညံ လူများ၏အသံ လူနာတင်တွန်းလှည်း၏အသံများကိုကြားပြီး တဆက်တည်း...
 ဆရာ ဆရာ
ဝင်လာသောအရေးပေါ်ဆရာဝန်ကို သူ၏ရုံးခန်းထဲတွင်ထိုင်နေသော ခွဲစိတ်ဆရာဝန်က မော့ကြည့်လိုက် သည်။
 ဟေ့ ဘာဖြစ်လာတာလဲကွ
 လည်ပင်းကို ဓားနဲ့ခုတ်ခံရတဲ့လူနာရောက်လို့ဆရာ
 သွေးပေါင်ချိန် ကောင်းရဲ့လား
 သွေးပေါင်ချိန် ၉၀/၇၀ ဆရာ၊
 လိုင်းတင်ပြီး ဆေးသွင်းထားပြီ။
 သွေးထွက်တာများတယ် ဆရာ
 လည်ပင်းကို ပုဆိုးနဲ့ပတ်ပြီးဖိလာတာ။ ဒါတောင်သွေးက ထွက်နေတယ်။ ကျွန်တော်လည်း ဒဏ်ရာကို ဖွင့်မကြည့်ရဲလို့ ဆရာကိုလာပြောတာ။
အေး မဖွင့်ရဘူး။ မင်းဖွင့်ရင် ဒုက္ခရောက်သွားမှာပေါ့။ ကဲ လာကြည့်ရအောင်ဟု ခွဲစိတ်ဆရာဝန် သည် ပြောပြောဆိုဆိုအခန်းထဲမှ ထွက်သွားလေသည်။

× × × × × × ×

လူနာဆောင်အဝရှိ ကော်ရစ်ဒါတွင် လူနာတင်လှည်းတစီးရပ်ထားပြီး ထိုလှည်းပေါ်တွင် ပက်လက်အနေ အထားဖြင့် လူနာအားဝိုင်းအုံနေသော လူများကြားတွင် တွေ့ရသည်။ သွေးများသည် လူနာ၏ ဒဏ်ရာမှစိမ့်၍ ဖိထားသော ပုဆိုးစကြားမှထွက်နေပြီး ထိုမှတဆင့် လက်တွန်းလှည်းပေါ်၊ ထိုမှ ကြမ်းပြင်ပေါ်သို့ တစက် တစက် ကျလျက် ရှိသည်။
လူနာ၏အခြေအနေကိုမြင်သည်နှင့်ခွဲစိတ်ဆရာဝန်သည် ချက်ချင်းသူ၏လက်ထောက်ဆရာဝန်ကိုလှည့်၍ …
နောက်လိုင်းတခုထပ်တင်၊ သွေးလေးလုံး ချက်ချင်းရှာခိုင်း၊ ပိုးသတ်ဆေးသွင်း၊ ခွဲခန်းကို အကြောင်းကြားဟု ဆက်တိုက်ညွှန်ကြားလေသည်။
ထို့နောက် ငါခွဲခန်းထဲမှာ လိုမည့်ပစ္စည်းတွေ ကြိုးတွေသွားကြည့်ပြီး ပြင်ထားလိုက်ဦးမယ်။
ခွဲစိတ်ဆရာဝန်သည် ခွဲခန်းရှိရာဖက်သို့ ထွက်သွားလေသည်။

× × × × × × ×

ခွဲစိတ်ကုတင်ထက်တွင် လူနာသည် မေ့ဆေးပေးပြီး အဆင်သင့်ဖြစ်၍ နေလေပြီ။
 စလို့ရပြီ။
မေ့ဆေးဆရာဝန်က အချက်ပြလိုက်သည်နှင့် ပိုးသတ်ဆေးစွတ်ထားသော ဂွမ်းစများကိုယူ၍ လက်ထောက်ဆရာဝန်က ဆေးလိုက်တော့မယ်ဆရာ ဟုဆိုသည်။
သူနာပြုဆရာမနှင့် လိုအပ်သော ပစ္စည်းများ ကြိုးများကိုစစ်နေသော ခွဲစိတ်ဆရာဝန်သည် ခေါင်းကိုငဲ့၍
မဆေးနဲ့ မဆေးနဲ့ ဒီအတိုင်းခင်း.. ဟုပြောလိုက်သောကြောင့် လက်ထောက်ဆရာဝန်သည် ပိုးသတ် ထားသောပိတ်စများကို ခင်းလိုက်လေသည်။
 မင်းဆေးဖို့ အပေါ်က ပုဆိုးကိုဖယ်လိုက်တာနဲ့သွေးက ဒလဟောထွက်တော့မှာ သွေးထွက်တဲ့နေရာကို ဖိထားဖို့ပတ်တီးစကြိုယူထား။
လက်ထောက်ဆရာဝန်သည် ခွဲစိတ်ဆရာဝန်၏စကားဆုံးသည်နှင့် သူနာပြုဆရာမထံမှ ပတ်တီးစတခု ကိုတောင်း၍ အသင့်အနေအထား ပြင်လိုက်လေသည်။
တယောက်လက်အိတ်စွတ်ပြီး ဒဏ်ရာပေါ်က ပုဆိုးကိုဖယ်မယ်ဟု ညွှန်ကြားသံကြားသည်နှင့် ခွဲခန်း လုပ်သားသည် ပုဆိုးစကို ဖယ်လိုက်လေသည်။
 ပုဆိုးစကိုဖယ်၍ နောက်ဆုတ်လိုက်သည်နှင့် ဒဏ်ရာမှသွေးများသည် နှလုံးခုန်ချက်အတိုင်းပန်း၍ ပန်း၍ ထွက်လာလေသည်။
ခွဲစိတ်ဆရာဝန်သည် ပတ်တီးစဖြင့် သွေးများပန်းထွက်နေသောနေရာကို လျင်မြန်စွာဖိထားလိုက်ပြီး လက်ထောက်ဆရာဝန်အားဖိကိုင်ထားရန်ခိုင်းလိုက်သည်။ ထို့နောက် သူနာပြုဆရာမထံမှ သွေးကြော ပိတ်ဖမ်းသောညှပ်များကို ပေးရန်တောင်းလိုက်သည်။

ထိုအချိန်တွင် လူနာ၏ခေါင်းရင်းမှ မေ့ဆေးဆရာဝန်နှင့် အကူသူနာပြုများမှာ လူနာအား သွေးသွင်းခြင်း၊ အကြောဆေးများအလျင်အမြန်သွင်းခြင်းတို့ဖြင့် အလုပ်ရှုတ်နေကြသည်။

× × × × × × ×

ခွဲစိတ်ဆရာဝန်သည် ပတ်တီးစကိုဖယ်လိုက်သည်နှင့် သွေးပန်းထွက်လာသောနေရာများ ကို သွေးကြော ပိတ်ဖမ်းသောညှပ်ဖြင့်ဖမ်းလိုက် ပတ်တီးစနှင့် သွေးများခေတ္တမထွက်အောင် ဖိထားလိုက် ပတ်တီးစကိုဖယ် လိုက်ဖမ်းလိုက်ဖြင့် ဇယ်ဆက်သလိုလုပ်ပြီးသွားသောအခါ ထွက်နေသော သွေးများသည် အတန်ငယ်တိတ် သွားလေသည်။
ထိုအခါမှ ခွဲစိတ်ဆရာဝန်သည် ဒဏ်ရာကိုသေချာစွာကြည့်၍ ပြတ်နေသော သွေးပြန်ကြောကိုပိတ်၍ ကြိုးဖြင့်ချည်လိုက်ပြီးနောက် ပြဲနေသောသွေးလွှတ်ကြောကို ကြိုးဖြင့်ချုပ်၍ ဖာထေးလိုက်သည်။
တလဟောသွေးများ ထွက်နေသောဒဏ်ရာသည် ယခုတော့ သဲကန္တာရအလား ခြောက်သွေ့သွားလေပြီ။
 ဇောချွေးများဖြင့် ရေချိုးထားသကဲ့သို့ ရွဲနစ်နေသော ခွဲစိတ်ဆရာဝန်သည်တချက်ပြုံးလိုက်ပြီး အိုကေသွားပြီ ဆရာဟု ခေါင်းရင်းမှမေ့ဆေးဆရာဝန်ကို အကြောင်းကြားလိုက်လေသည်။
ထို့နောက် ပြတ်နေသောကြွက်သားများကို ပြန်ဆက်ခြင်း၊ အရေပြားကိုပြန်ချုပ်ခြင်းတို့ဖြင့်၊ ခွဲစိတ်မှုကို လက်စသတ်လိုက်သည်။
နိုးလာရင် ခေါင်းသိပ်မလှုပ်အောင် သတိထားခိုင်း၊ လည်ပင်းကိုထိန်းတဲ့ကော်လာ တတ်ထားလိုက်ဟု ပြော ပြီး ခွဲစိတ်ဆရာဝန်သည် ခွဲခန်းထဲမှ ထွက်သွားလေသည်။ 

× × × × × × ×

ခွဲစိတ်ဆရာဝန်သည် စိတ်မော လူမောဖြင့် ထိုင်၍ ရေအေးအေးတခွက်ကိုသောက်ရင်း အမောဖြေနေစဉ် အလုပ်သမားဝန်ထမ်း ကိုထွန်းမောင်သည် အခန်းထဲသို့ ဝင်လာသည်။

 ဆရာရေ မြို့ထဲမှာတော့ အုပ်အော်သောင်းနင်း အံသြနေကြပြီ
 ဘာဖြစ်လို့လဲ
 ဒီလို လည်ပင်းက သွေးကြောတွေကိုပါ ထိတဲ့ဒဏ်ရာမျိုးရတဲ့လူတွေက ရှင်လေ့မှ မရှိတာ သေတာပဲလေ။ အခုရှင်တယ်ဆိုတော့။
 ကံကောင်းလို့ပါဗျာ
 ကံကောင်းတာဆိုရင်လည်း ဆရာ့ကြောင့်ပဲဖြစ်မယ်။ လူနာကြောင့်တော့ မဖြစ်နိုင်ဘူး။
 လူနာက ဘာဖြစ်လို့လဲ
 လူနာက ကောင်းတဲ့ကောင်မှ မဟုတ်တာ၊ ဘယ်လိုလုပ် ကံကောင်းနိုင်မှာလဲ။ အခု ဘာဖြစ်လို့ဓားနဲ့ ခုတ်ခံရသလဲဆိုတာ ဆရာ သိပြီးပြီလား
 မသိသေးဘူးဗျ
 သူ့လယ်ပိုင်ရှင်က ခုတ်လိုက်တာ၊ သူက စာရင်းငှား၊ လယ်ပိုင်ရှင်ရဲ့မိန်းမကို ကြာခိုလို့ ဖြစ်ကြတာ
ဗျာ
မဗျာနဲ့ဆရာ၊ ခုတ်တဲ့လူကလည်း ဆရာ့ လူနာပဲ၊
ဘယ်လိုဖြစ်ကြတာလဲ၊
ဆရာမှတ်မိလား။ အခန်း(၁) ထဲကထောင့်ကုတင်မှာ ဆေးရုံတက်သွားတဲ့ လူနာလေ။ ပေါင်မှာ ပြည်တည် နာဖြစ်လို့ ဆရာခွဲပေးလိုက်တာ၊ ခွဲပြီး ၃ - ၄ ရက်လောက်နေတော့ ဆရာက အိမ်ပြန်လို့ ရပြီ။ ဆေးကို နီးစပ်ရာ ဆေးခန်းမှာထည့်ဆိုပြီး ပြန်လွှတ်တော့၊ မပြန်နိုင်ဘူး။ အနာကျက်မှ ပြန်မယ်ဆိုပြီး အတင်းပေ ကပ်နေလို့ ဆရာကတောင်မပြန်ချင်ဘူးဆိုလည်း နေပါစေ။ ထမင်းကလည်း ကိုယ့် ပိုက်ဆံနဲ့ ကိုယ် ဝယ်စား ရတယ်၊ ငါလည်း ထမ်းထားရတာ မဟုတ်ဘူး၊ ဆေးရုံက ခုတင်ကြီးက ထမ်းထားရတာလို့ပြောပြီး ရယ်နေသေးတယ်လေ..
 သြော် ..အဲဒီ လူနာက ခုတ်လိုက်တာလား၊
ဟုတ်တယ် ဆရာ၊ သူက ဆေးရုံမှာလနဲ့ချီကြာနေတော့ သူ့မိန်းမနဲ့ဒီဓားခုတ်ခံရတဲ့ကောင်နဲ့က နောက်မီးလင်းကြတာပေါ့၊ ဒီကောင်ကလည်း သားမယားတွေ ရှိရဲ့သားနဲ့ သူများမယားကို ကြာခိုတာ ဆရာရေ၊ သိပ်ကောင်းတဲ့ကောင်မဟုတ်ဘူး...
ကိုထွန်းမောင်ကတော့ ပြောချင်ရာတွေ ပြောလို့ဝသွားပြီ ထင်သည်။ အခန်းထဲမှထွက်သွားတော့ သည်။
ခွဲစိတ်ဆရာဝန်မှာတော့ တွေးစရာများနှင့် ကျန်ခဲ့သည်။

× × × × × × ×

ဆရာဝန်ဆိုတော့လည်း ခက်သား။ ဆရာဝန်တို့အတွက် လူနာဟူသည် တမျိုးတည်းသာ ရှိရသည်။ လူဆိုးမရှိ၊ လူကောင်းမရှိ၊ ရန်သူမရှိ၊ မိတ်ဆွေမရှိ၊ ကြာကူလီကောင်မရှိ၊ လူသတ်သမားမရှိ၊ အားလုံး သည် လူနာသာဖြစ်သည်။ အမှန်တကယ်ကော ဒီလို တကယ်သဘောထားနိုင်ပါရဲ့လား။ ဆရာဝန်သည်လည်း ပုထုဇဉ်သာလျှင်ဖြစ်၍ ချစ်ခြင်းမုန်းခြင်းတို့နှင့်မကင်းနိုင်ပါ။ ဆရာဝန်သည် သူ၏ ဘဝတလျှောက်လုံးကို ဗိုလ်ကျအနိုင်ကျင့်လာသော လူတန်းစားတရပ်အားမုန်း၍ ဆေးကုမပေးဟု ဆိုလျှင် ဖြစ်နိုင်ပါမည်လား။ ကျင့်ဝတ်နှင့် ညီမညီ ပြောကြဆိုကြပေဦးမည်။ 

ဆရာဝန်သည် ဓားဖြင့်ခုတ်ခံရသောကောင် တနည်း ဓားခုတ်ကောင်၊ ကြာကူလီကောင်မှ စလိုက်သော အတွေးများဖြင့် ခြာခြာလည်ရင်း အခန်းထဲတွင် ငေးငိုင်ကျန်ရစ်ခဲ့ပါသည်။ 

ကမ်လူဝေး

စာရေးသူ၏ ခွင့်ပြုချက်အရ ၂၀၁၆ မတ်လထုတ် Health for All Magazine တွင် ဖော်ပြပြီးဖြစ်သော ဤဝတ္ထုတိုကို သစ်ခက်သံလွင်က ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်။ 


Comments