သစ်ခက်သံလွင်၊ စာအုပ်ရီဗျူး၊ ငြိမ်းဝေ(ကဗျာ့ အိုးဝေ) ၏ ငါးရိုးနင်တဲ့ခေတ်ကြီးတခေတ်နဲ့ အောင်ဒင်



ငါးရိုးနင်တဲ့ ခေတ်ကြီးတခေတ်နဲ့ အောင်ဒင်
အင်တာနက်မှယူသည်
 ... အင်မတန်ကြီးမားမြင့်မားလှတဲ့ လူထုအုံကြွမှုကြီးဖြစ်တဲ့ ၁၉၈၈ ခုနှစ်ရှစ်လေးလုံး အရေးတော်ပုံကြီး မဖြစ်ပွားမီနဲ့ ဖြစ်ပွားပြီးနောက်ပိုင်း ၁၉၈၉ ခု နှစ်လည်ပိုင်းအထိ အချိန်ကာလအတွင်း သူ့ရဲ့ (စက်မှုတက္ကသိုလ်ကျောင်းသား တဦးရဲ့) နိုင်ငံရေး လှုပ်ရှားဆောင်ရွက်မှုများကို မှတ်တမ်းတင်တဲ့သဘော ရေးသားထားတာပါပဲ။ တနည်းအားဖြင့်ပြောရရင်....
 
(က)

၁၉၈၈ ခု၊ ဇူလိုင်လ ၂၈ ရက်။ ၀ါဆိုလပြည့်နေ့။
 
နေ့လည်သုံးနာရီလောက်မှာ ရွှေတိဂုံစေတီတော်ကြီးရဲ့အရှေ့ဘက်စောင်းတန်းတွေမှတဆင့် လူတချို့ပုံ သဏ္ဌန်အမျိုးမျိုးနဲ့ ဘုရားရင်ပြင်တော်ပေါ်တက်လာကြပါတယ်။ သူတို့တတွေဟာ ဘယ်သူမှဘုရားပေါ် တက်လို့မရအောင် ပိတ်ဆို့စောင့်ကြပ်လိုက်ကြတဲ့လုံခြုံရေးတပ်တွေရဲ့ရှေ့က အေးအေးဆေးဆေး   ဖြတ်ကျော် လာပြီးမှ ရင်ပြင်တော်ပေါ် ရောက်လာကြတာပါ။
ဒီလူအုပ်ဟာ စောင်းတန်းတချို့ထဲက ဘုရားဖူးတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုမောင်းထုတ်ပြီး ပါလာတဲ့ ဖဲထုပ်တွေချကာ ဖဲရိုက်တဲ့သူက ရိုက်ပါတယ်။ မကောင်းတဲ့မိန်းမတွေနဲ့ ပျော်ပါးမလားဆိုပြီး ဘုရားဖူးတွေ ကို ပြောင်ပြောင်တင်းတင်းလိုက်မေးပါတယ်။ ပါလာတဲ့အရက်ပုလင်းတွေဖန်ခွက်တွေချပြီး အရက် ၀ိုင်း ဖွဲ့ကြပါတယ်။ ပြီးတော့ ရင်ပြင်တော်ပေါ်က အလှူခံပုံးဟူသမျှကို ရိုက်ခွဲပြီး အလှူငွေ ပိုက်ဆံတွေကို ယူလိုက် ကြပါတယ်။
ဒီလူတွေဟာ စုတ်ပြတ်နေတဲ့အ၀တ်အစားတွေ ၀တ်စားထားကြပြီး အရက်နံ့တထောင်းထောင်းနဲ့ မူး ယစ်သေစာများ သောက်စားထားကြသူတွေ ဖြစ်ပါတယ်။ အဲဒီလူအုပ်ထဲမှာ အပေါစားမိတ်ကပ်နဲ့ နှုတ်ခမ်း နီဆိုးထားတဲ့ မိန်းမတွေလည်း ပါလာပါတယ်။
အဲသလို မူးယစ်ရမ်းကားနေသူတွေ ရင်ပြင်တော်ပေါ် တက်လာစဉ်အချိန်က နှစ်ရက်တည်းသာ သမ္မတ သက်တမ်းရှိသေးတဲ့၊ သားသတ်သမားလို့ နာမည်ကြီးနေတဲ့ သမ္မတသစ်ဦးစိန်လွင်ကို ဆန့်ကျင်တဲ့အနေနဲ့၊ ဘုရားရင်ပြင်တော်ပေါ်မှာပဲ တပါတီအာဏာရှင်စနစ်ဆန့်ကျင်ရေး ကျောင်းသား ထုရဲ့ဆန္ဒပြဟောပြောပွဲ ကျင်းပနေချိန်ဖြစ်ပါတယ်။
ရင်ပြင်တော်ပေါ် ရုတ်တရက်ရောက်လာတဲ့ အဲဒီ လူဆိုးလူရမ်းကား အမူးသမားများရဲ့ နှောင့်ယှက် မှုကြောင့် ကျောင်းသားတွေရဲ့ဟောပြောမှုကို နားထောင်နေကြတဲ့ ပရိသတ်အဖို့ ဆက်လက်နားထောင် ဖို့ ခက်ခဲလာခဲ့ရပါတယ်။ ကျောင်းသားတွေက ဒီလိုမလုပ်ဖို့ လိုက်လံပြောဆိုတဲ့အခါ ကျောင်းသားများကို ရန်လုပ်ဆဲဆိုကြပါတယ်။
ကျောင်းသားတွေဟာ ချက်ချင်းဆိုသလိုပဲ သဘောပေါက်နားလည်လာရပြီး လူရမ်းကား လူဆိုး လူမိုက်များနဲ့အချင်းမပွားတော့ပဲ ဟောပြောပွဲကို ရပ်ဆိုင်းလိုက်ရပါတယ်။ 

ဘုရားစောင်းတန်းတွေပေါ်ကနေပြီး စောင်းတန်းများအတိုင်း ပြန်ဆင်းရင် အသင့်စောင့်နေတဲ့ လုံခြုံရေးများရဲ့လက်ထဲ ကျရောက်သွားမှာသေချာနေတာမို့ အခြားနည်းပေါင်းစုံနဲ့ ပြန်ဆင်းကြရပါ တယ်။ လေးဘက်လေးတန်ပိတ်ဆို့စောင့်ကြပ်နေကြတဲ့ လုံခြုံရေးတပ်တွေမသိအောင် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ အိမ်ကြိုအိမ်ကြားများထဲကတဆင့် ပုန်းလျှိုးဝင်ရောက် ထွက်ပြေးကြရ ပါတော့တယ်။
အဲဒီနေ့ညမှာပဲ ရွှေတိဂုံစေတီတော်ပေါ်က အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး အစိုးရရဲ့သတင်း ထုတ်ပြန်ချက် ကို အစိုးရပိုင် ရေဒီယိုကထုတ်ပြန်ကြေညာ အသံလွှင့်ပါတယ်။ ရွှေတိဂုံဘုရားပေါ်မှာ ဘုရားဖူးပြည်သူတွေ ကို အနှောင့်အယှက်ပေးပြီး ဘုရားပိုင်အလှူခံရငွေတွေ လုယက်တဲ့ကျောင်းသား ဆိုးများကို ဂေါပက အဖွဲ့ရဲ့တိုင်တန်းချက်အရ လုံခြုံရေးတပ်ဖွဲ့များက ရင်ပြင်တော်ပေါ်တက်ပြီး ရှင်းလင်းခဲ့ရကြောင်း အသံလွှင့် ချက်ကို တတိုင်းပြည်လုံးက ကြားကြရပါတော့တယ်။ 

(ခ)

အထက်ပါ (က)အပိုဒ်မှာပါရှိတဲ့အကြောင်းအရာတွေကတော့ ‘အောင်ဒင်’ ရဲ့ ‘နွေတစ်ညမှ အစပြု၍’ စာအုပ်ထဲက စာပိုဒ်တချို့ကို ကျွန်တော်နားလည်ထားသလို အကျဉ်းချုပ်ပြီး ပြန်ရေးပြလိုက် တာပါ။(စာ- ၁၃၄ )။
စာရေးသူ (ကို)အောင်ဒင်ဟာ အဲဒီ ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်က လူဆိုးလူမိုက်များနဲ့ အချင်းမများ ရလေအောင် ဟောပြောပွဲကိုရပ်ဆိုင်းပြီး ဘုရားရင်ပြင်တော်ပေါ်ကလျှို့ဝှက်စွာထွက်ပြေးခဲ့ရတဲ့ ကျောင်း သားများထဲက အသက် ၂၀ ကျော် စက်မှုတက္ကသိုလ် ကျောင်းသားခေါင်းဆောင်တဦးပဲ ဖြစ်ခဲ့ပါတယ်။ သူဟာ နောင်အခါ ‘ဗမာပြည် ပြည်သူ့လွတ်မြောက်ရေးလူငယ့်တပ်ဦး’ ရဲ့ ခေါင်းဆောင်တဦး ဖြစ်လာပါ တယ်။ အထက်ပါအကြောင်းအရာတွေကို ‘အောင်ဒင်’က သူ့ရဲ့ ‘နွေတစ်ညမှ အစပြု၍’ စာအုပ်မှာ ထည့်ရေး ခဲ့တာပါ။
‘နွေတစ်ညမှ အစပြု’ ၍ စာအုပ်ဟာ စာရေးသူအောင်ဒင် ဖြတ်သန်းကျင်လည်ပါဝင်ခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ပြန်လည်စုစည်း ဖော်ပြထားတဲ့စာအုပ်ပါပဲ။ တနည်းအားဖြင့်ပြောရရင် ဗမာပြည်ရဲ့ရာဇ၀င် သမိုင်းမှာ ပြင်သစ်ပြည်က ၁၈၇၁ နှစ်မှာ ဖြစ်ပွားခဲ့တဲ့တော်လှန်ရေးကြီးလို အင်မတန် ကြီးမားမြင့်မားလှတဲ့ လူထုအုံကြွမှုကြီးဖြစ်တဲ့ ၁၉၈၈ ခုနှစ်ရှစ်လေးလုံးအရေးတော်ပုံကြီး မဖြစ်ပွားမီနဲ့ ဖြစ်ပွားပြီးနောက်ပိုင်း ၁၉၈၉ ခု နှစ်လည်ပိုင်းအထိ အချိန်ကာလအတွင်း သူ့ရဲ့ (စက်မှုတက္ကသိုလ် ကျောင်းသား တဦးရဲ့) နိုင်ငံရေး လှုပ်ရှားဆောင်ရွက်မှုများကို မှတ်တမ်းတင်တဲ့သဘော ရေးသားထားတာပါပဲ။ တနည်းအားဖြင့်ပြောရရင် ‘နွေတစ်ညမှ အစပြု၍’ စာအုပ်ဟာ ‘အောင်ဒင်’ ရဲ့ အထုပ္ပတ္တိ တပိုင်း စာအုပ်ဖြစ်တယ်လို့လည်း ပြောနိုင် ပါတယ်။
ရုရှစာရေးဆရာ ‘အီလျာအာရင်ဘတ်’ သည်လည်းပဲ သူဖြတ်သန်းကျင်လည်ရတဲ့ အချိန်ကာလတခု အကြောင်း မှတ်တမ်းသဘောရေးခဲ့ဖူးပါတယ်။ ‘လူများ၊ သက္ကရာဇ်များ ဘ၀များ’ စာအုပ်မှာ ရေးခဲ့တာပါ။ ဒီစာအုပ်ထဲမှာ သူ့ကိုယ်သူ ဗဟိုပြုပြီးရေးတယ်ဆိုပေမယ့် သူနဲ့ခေတ်ပြိုင် သူနဲ့ စာရေးဖော် စာရေးဖက် တခြားစာရေးဆရာ၊ ကဗျာဆရာများအကြောင်းကိုလည်း မှတ်တမ်းသဘော ရေးခဲ့ပါတယ်။
အောင်ဒင်သည်လည်းပဲ သူ့ရဲ့ ‘နွေတစ်ညမှ အစပြု’ ၍ စာအုပ်ထဲမှာ သူ့ကိုယ်သူ ပင်တိုင်ထားရေး တယ်လို့ စာရေးသူက ၀န်ခံထားသော်ငြားလည်းပဲ သူနဲ့ခေတ်ပြိုင် သူနဲ့အတူ သူလိုပဲ နိုင်ငံရေးလှုပ်ရှားတက်ကြွ သူ ကျောင်းသားများ၊ ကျောင်းသားခေါင်းဆောင်များကိုလည်း မှတ်တမ်းတင်ဖို့ မပျက်ကွက်ခဲ့ပါဘူး။ ဒါကြောင့်မို့လည်း ဒီစာအုပ်ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ပတ်သက်လို့ လောလောဆယ်မှာဖြင့် အပြည့်စုံဆုံးစာအုပ်အဖြစ် အသိအမှတ်ပြုရမလိုဖြစ်လာခဲ့ပါတယ်။
‘နွေတစ်ညမှ အစပြု’ ၍ စာအုပ်အလိုအရဆိုရင် ရှစ်လေးလုံးအရေးတော်ပုံကြီးမတိုင်ခင်နဲ့ စစ်တပ်က အာဏာသိမ်းပြီးကာစအချိန်တွေမှာ ကျောင်းသားတွေဟာ အုတ်နံရံကြီးကို အကြိမ်ကြိမ် ခေါင်းနဲ့ ပြေး ဆောင့်ခဲ့ကြပါတယ်။ ထပ်ပြီး တင်စားပြောရမယ်ဆိုရင် ကျောင်းသားတွေဟာ မိုးကို ဒူးနဲ့တိုက်ခဲ့ကြတဲ့ သဘောပါပဲ။ သူတို့ကို နားလည်ဖို့ဆိုရင် စာဖတ်သူတွေဟာ သူတို့ပြောတာတွေ၊ သူတို့လျှောက်လှမ်း သွားနေပုံတွေနဲ့ သူတို့ခင်းလို့ ပေါ်ပေါက်လာတဲ့လမ်းအသွယ်သွယ်ကို ကြည့်ပြီးမြင်ပြီးမှသာ နားလည်နိုင် မှာပါ။ နားလည်ဖို့ရန် မလွယ်ကူနိုင်တာတွေရှိနေသလို နားလည်ဖို့ရန် လွယ်ကူနေတာတွေလည်း ရှိပါတယ်။
တချိန်တုန်းက ရုရှတော်လှန်ရေးခေါင်းဆောင် လူငယ်တဦးဖြစ်တဲ့ လီနင်ကို ပုလိပ်တွေက ... “မင်းတို့လူငယ်လေးတွေလုပ်နေတာက အုတ်နံရံကြီးကို ခေါင်းနဲ့ပြေးဆောင့်နေတာနဲ့ တူမနေဘူးလား” လို့မေးတဲ့အခါ လီနင်က “အဲဒီ အုတ်နံရံကြီးက ဆွေးနေပြီ အသာလေးတွန်းချလိုက်ရင်ပဲ ပြိုကျသွားမှာ ဗျ” လို့ လီနင်က ပြန်ဖြေခဲ့ပါတယ်။ နောက်တော့ ရုရှဇာဘုရင်စနစ်လည်း ပြိုကျသွားခဲ့ပါတယ်။ 

ကမ္ဘာ့သမိုင်းမှာ ကျောင်းသားတွေ၊ လူငယ်တွေ ခေါင်းနဲ့ဆောင့်လို့ ပြိုကျသွားရတဲ့ အာဏာရှင်ခေတ် သမိုင်းတွေဆိုတာကလည်း အထင်အရှား ရှိခဲ့တာပဲ။
‘အောင်ဒင်’ ရဲ့ ‘နွေတညမှ အစပြု ’၍ စာအုပ်မှာ နိုင်ငံ့အရေးထဲ တစတစပါဝင်စူးနစ်လာကြတဲ့ ကျောင်း သားတွေကို အုပ်စိုးသူအာဏာရှင်အဆက်ဆက်က အခုအချိန်လိုပဲ၊ “အဲသလို နိုင်ငံရေးထဲ တက် တက်ကြွကြွ ပါဝင်လာကြတဲ့ကျောင်းသားတွေကို နိုင်ငံရေးသမားတွေက အသုံးချလို့၊ ငြိမ်းချမ်းတဲ့ အခြေအနေကို ဖျက်လိုဖျက်ဆီးလုပ်ချင်လို့၊ ပညာကောင်းကောင်းမသင်ချင်လို့ နိုင်ငံရေးထဲပါဝင်လာ ကြတာ ဖြစ်တယ်” ဆိုတာမျိုး ပြောဆိုရှုတ်ချ ၀ါဒဖြန့်ခဲ့ကြတာပဲဆိုတာပဲဆိုတာတွေကိုလည်း သွားတွေ့ရ ပါတယ်။
ဒီစာအုပ်ထဲမှာ သင်ခန်းစာယူစရာတွေကလည်း ဒုနဲ့ဒေးပါပဲ။ ကျောင်းသားတွေ ကွဲကြပြဲကြ၊ အပြန် အလှန် စွပ်စွဲပြောဆိုကြ၊ ခေါင်းဆောင်နိုင်မယ့်ပုဂ္ဂိုလ်တွေကို အပူအပြင်းလိုက်ရှာကြ၊ ဒီကြားထဲ အာဏာရှင်တွေက ရိုက်နှက်သတ်ဖြတ်ဖမ်းဆီးထောင်ချတဲ့အလုပ်ကို တဖက်ကလုပ်ပြီး တဖက်ကလည်း ကျောင်းသားထု အတွင်း သွေးကွဲသွားစေဖို့သပ်လျှိုသွေးခွဲတာမျိုး၊ လူမိုက်လူရမ်းကားတွေနဲ့ ရင်ဆိုင်ဖြိုခွင်းဖို့ ယုတ်ယုတ်မာမာ ဖန်တီးတာမျိုး၊ လူထုအချင်းချင်း ရန်တိုက်ပေးတာမျိုးအပြင် ကျောင်းသားခေါင်းဆောင်တဦးချင်းဆီရဲ့ ကိုယ်ရေးကိုယ်တာတွေကိုဖော်ထုတ်ဝါဒဖြန့် သိက္ခာချတဲ့ နည်းမျိုးစုံကိုလည်း အသုံးပြုခဲ့ကြတာတွေဟာ အခုခေတ်လိုပဲ ဟိုးအရင်ကတည်းက ရှိနေခဲ့တာပါလားဆိုတာ ဒီစာအုပ်မှာ သွားတွေ့ရပါတယ်။
လူတွေကလည်း ကျောင်းသားတွေအပေါ် အမျိုးမျိုးသော နှလုံးသားဓာတ်ခံအပေါ်မူတည်ပြီး အခုခေတ်လိုပဲ အမျိုးမျိုးမြင်ခဲ့ကြတာပါပဲ။ အမျိုးမျိုးပြောခဲ့ကြတာပါပဲ။ ကျောင်းသားတွေဟာ ဘယ်လိုမှ မအောင်မြင်နိုင်တဲ့ အလုပ်ကို မသိသားဆိုးရွားစွာ လုပ်ကြတယ်။ ကျောက်တုံးကို အပ်နဲ့ထိုးဖောက်သလို ဖြစ်နေတယ်။ ထင်ပေါ်ကျော်ကြားချင်ကြတယ်။ လက်ခုပ်သံတွေကို သာယာခဲ့ကြတယ်။ တချို့ဆိုရင် အမျိုးသားခေါင်း
 ဆောင်ဆိုတာမျိုးအထိ စိတ်ကူးယဉ်ကြတယ် အစရှိသဖြင့် အပြောခံခဲ့ ဝေဖန်ခံခဲ့ကြရတဲ့ အဖြစ်ဟာလည်း အခု မျက်မှောက်ခေတ်ကျောင်းသားတွေရဲ့အဖြစ်နဲ့ တထေရာထဲပါပဲ။

အာဏာရှင်တွေဟာ သူတို့ကိုဆန့်ကျင်တဲ့ကျောင်းသားတွေကို ဘယ်တုန်းကမှ ရင်ဝယ်သားလို သဘော ထား ဖြေရှင်းကြတာ မတွေ့ရတဲ့အဖြစ်ဟာလည်း ဒီစာအုပ်ထဲမှာ တွေ့ကြရပါတယ်။ အခု မနေ့တနေ့က ပဲ ကျောင်းသားတွေကို နံပါတ်တုတ်နဲ့ သဲကြီးမဲကြီး ၀ိုင်းရိုက်ကြ၊ ကျောင်းသားသမဂ္ဂ အလံကို အညှိုးတကြီး နဲ့ မြေကြီးပေါ်ချနင်းပြီး ဒေါသထွက်နေတဲ့ ရဲတွေလိုပဲ ရှစ်လေးလုံးကာလ အတွင်းက အင်းလျားကန်ဘောင် တနေရာမှာပြေးစရာမရှိလို့ ရေထဲဆင်းပြေးရတဲ့ကျောင်းသူတွေကို ဆံပင်ဆွဲပြီး ရေထဲနှစ်ရိုက်နှက်ကြတဲ့ လုံထိန်းတွေဆိုတာ ဟိုအရင်ကတည်းက ရှိခဲ့တာပဲ။ 

ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ခြေထောက်နဲ့ချနင်းထားတဲ့ စစ်သားတွေဆိုတာ ရှိခဲ့တာပဲ။ ကျောင်းသား သမိုင်းမှာ ဗိုလ်အောင်ကျော်မှရယ်လို့ နံပါတ်တုတ်နဲ့ရိုက်သတ်ခံခဲ့ရတာ မဟုတ်ပါလား ဆိုတာ ‘အောင်ဒင်’ ရဲ့ ‘နွေတစ်ညမှ အစပြု၍’ စာအုပ်မှာတွေ့ကြရမှာပါ။ 

ဒီလိုအခြေအနေဆိုးကြီးအောက်မှာ အသက် ၂၀ ကျော် ကိုအောင်ဆန်းလို လူငယ်တွေ နိုင်ငံရေးထဲ ပါဝင် လာကြပြီး မြေပေါ်မြေအောက်လှုပ်ရှားမှုတွေကို အလုပ်လုပ်ရင်းသင် သင်ကြားရင်းအလုပ်လုပ်နဲ့ လူငယ် ဘ၀တွေကို အကျဉ်းထောင်တွေ၊ တောတောင်တွေထဲမှာ စတေးသွားကြရတဲ့အဖြစ်တွေဟာ ခုခေတ်မှ ရယ်လို့မှမဟုတ်ပါလားဆိုတာ ‘နွေတစ်ညမှ အစပြု၍ ’ စာအုပ်မှာ အထင်းသား တွေ့ကြ ရပါတယ်။
တနေရာမှာတော့ တိုင်းပြည် ဒီမိုကရေစီရေးအတွက် အင်မတန်အန္တရာယ်ကြီးပြီး ကြမ်းတမ်းလှတဲ့ လမ်းကြောင်းပေါ်လျှောက်နေရပေမယ့်လည်း ချစ်သူကိုလွမ်းတမိတဲ့ညကလေးတညအကြောင်း ထည့် ရေးလိုက်တော့ ဂျာမာန်ကဗျာဆရာ ‘ဗားတော့ဗရက်’ ရဲ့ ကဗျာစာသားလေးကို သွားပြီး သတိရစေ ပါသေးတယ်။ ဗားတော့ဗရက်က ‘ချစ်သူကို တ၀က်တပျက်သာ ချစ်ရတဲ့ခေတ်ပါလား’ လို့ ရေးခဲ့ပါတယ်။
အောင်ဒင်ဟာလည်းပဲ သူ့ရဲ့ ‘နှင်းထုထဲက အလွမ်းည’ ခေါင်းစဉ်အောက်က စာပိုဒ်တွေထဲမှာ မင်းကိုနိုင်နဲ့ အတူတွဲပြီး ဒေါ်အောင်ဆန်းစုကြည်ခြံဝင်းထဲက အင်းလျားကန်ဘောင်မှာ ဂစ်တာတလက် နဲ့ ‘ခင်ဝမ်း’ ရဲ့ ‘နှင်း’ သီချင်းကို အော်ဟစ်ငိုကြွေးသီဆိုရင်း ချစ်သူကို တ၀က်တပျက်သာ ချစ်ခွင့်ကြုံ ကြရတဲ့သူ့တို့ဘ၀ကို သူတို့ကိုယ်တိုင် ပြန်လွမ်းမိကြတဲ့အကြောင်း ထည့်ရေးခဲ့ပါတယ်။(စာ-၃၃၀၊ နှင်းထုထဲက အလွမ်းည)။
သူက ဒီလိုရေးလိုက်တဲ့အခါ ပဲခူးရိုးမတနေရာမှာ ဖက်ဆစ်ဂျပန်တွေကို တော်လှန်တိုက်ထုတ်ဖို့လုပ်နေ တဲ့ လူငယ်တဦးသာဖြစ်သူ ‘ကိုဗဟိန်း’ က သူ့ချစ်သူဆီ လရောင်အောက်မှာပဲ စာထိုင်ပြီးရေးခဲ့ဖူးတယ် ဆိုတဲ့ အကြောင်းကိုလည်း သွားပြီးသတိရလိုက်မိပါသေးတယ်။ 

အောင်ဒင်ရဲ့ ‘နွေတစ်ညမှ အစပြု၍’ စာအုပ်မှာ ပြန်လည်ငြင်းခုန်ဆွေနွေးစရာကိစ္စများ မရှိမဟုတ် ရှိတော့ ရှိပါတယ်။ ဥပမာ ၀န်ကြီးချုပ်ဟောင်းဦးနု က စင်ပြိုင်အစိုးရဖွဲ့စည်းကြောင်း ကြေညာတာကို အဲဒီအချိန်က လူတွေ နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားတွေက ဘာ့ကြောင့် မထောက်ခံခဲ့ကြတာလဲ၊ ဆိုတဲ့ အချက်နဲ့(စာ- ၂၁၃)၊ ဒေါက်တာမောင်မောင်ရဲ့ ကမ်းလှမ်းချက်ကိုလက်မခံနိုင်ခဲ့ကြလို့ ငြိမ်းချမ်းစွာ အပြောင်း အလဲဖြစ်ရေး အခွင့်အရေးတခုကို လက်လွှတ်ခဲ့ရပြန်တယ်ဆိုတဲ့ အချက်(စာ- ၃၉၄) များ ကတော့ ပြန် လည်ဆွေးနွေးငြင်းခုန်ရမယ့်အချက်များ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒါတွေက ‘နွေတစ်ညမှ အစပြု၍’ စာအုပ်မှာ အဓိက မကျပါဘူး။ အဓိကကျတဲ့အချက်က အဲဒီခေတ် ကာလကြီးတနံတလျားအတွင်း ကျောင်းသားလူငယ်တွေရဲ့စွန့်စားစွန့်လွှတ် ပေးဆပ်ခဲ့ကြရတဲ့ အာဏာရှင် ဆန့်ကျင်ရေးသမိုင်းကြီးကို မီးမောင်းထိုးပြလိုက်နိုင်တဲ့အချက်သာ အဓိကဖြစ်ပါတယ်။

(ဂ)

တပိုင်းတစ ကိုယ်ရေးအထုပ္ပတ္တိဆန်ဆန်ရေးတဲ့စာအုပ်တွေ မကြာခဏဖတ်ကြရပါတယ်။ ဒီအထဲမှာမှ ဗိုလ်ချုပ်စိုးဝင်းရဲ့စာအုပ်မျိုး၊ ဗိုလ်ချုပ်ထွန်းရီရဲ့စာအုပ်မျိုးတွေကို ကျွန်တော်တို့အားလုံး မပျက်မကွက် ဖတ်သင့် ပါတယ်။ ဘက်တဘက်တည်းကရေးတဲ့စာအုပ် အထူးသဖြင့် ဒီမိုကရေစီရေးဘက်က ရပ်တည်ပြီးရေးတဲ့ စာအုပ်အပြင် တချိန်က စစ်အာဏာရှင်ရဲ့နယ်ရုပ်များ၊ စစ်သူကြီးများအဖြစ် ရပ်တည်သွားကြတဲ့သူတွေရေး တဲ့ စာအုပ်များကိုလည်း ကျွန်တော်တို့တတွေ မလွဲမသွေ ဖတ်ကြရပါ လိမ့်မယ်။ 

အဲဒီလိုအထုပ္ပတ္တိစာအုပ်များထဲက ယူသင့်တာယူပြီး ပယ်သင့်တာပယ်ကြရမယ့် သင်ခန်းစာကို ကျွန်တော် တို့ မရနိုင်စရာအကြောင်းမရှိပါဘူး။
ဒီစာအုပ်မှာ အမှာစာတခုကိုတော့ ကျွန်တော်နှစ်သက်မိတယ်ဆိုတာလေးကိုလည်း ထည့်ပြောချင်ပါတယ်။ ဇာဂနာရဲ့ အမှာစာပါ။ လှပတဲ့ အမှာစာလေးပါပဲ။ “နွေတညမှ အစပြု၍”ကို ပိုပြီး လှပသွားစေ တဲ့ အမှာစာ ပါပဲ။
ဒီနေရာမှာ နိဂုံးချုပ်ပြောရမယ်ဆိုရင် ‘အောင်ဒင်ရဲ့ ‘နွေတစ်ညမှ အစပြု၍’ စာအုပ်ကို လက်ရှိ တိုင်းပြည် အုပ်ချုပ်ခွင့်ရပြီး ပြဿနာများနဲ့နပမ်းလုံးနေကြရသူများအားလုံး ဖတ်စေချင်ပါတယ်။ ပညာရေးလွတ်လပ်ခွင့် တောင်းဆိုနေကြရတဲ့၊ ကြမ်းတမ်းခက်ထန်လှတဲ့ဘ၀တွေ ဖြတ်သန်းကျော်လွှားနေ ကြရတဲ့ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘများသည်လည်းပဲ ဖတ်စေချင်ပါတယ်။
အခုတလော ကျောင်းသားလှုပ်ရှားမှုတွေအပေါ် အပြစ်မြင်လို့ပဲဖြစ်ဖြစ် အကောင်းမြင်လို့ပဲဖြစ်ဖြစ် ဘယ်သူ မဆို ထင်မြင်ချက်အမျိုးမျိုးပြောဆိုနေကြသူအားလုံးသည်လည်းပဲ မပျက်မကွက် ဖတ်စေချင်ပါတယ်။ ဒါ့အပြင် ကျောင်းသားလှုပ်ရှားမှုတွေထဲ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေထဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေပါ တယ်ဆိုတဲ့သူတွေလည်း မလွဲမသွေ ဖတ်သင့်ပါတယ်။

ကဗျာဆရာ‘မောင်အောင်ပွင့်’ ရဲ့ ‘ငါးရိုးနင်တဲ့ ငွေလမင်း’ ကဗျာခေါင်းစဉ်လိုပါပဲ။
 ‘အောင်ဒင်’ ရဲ့ ‘နွေတစ်ညမှအစပြု၍’ စာအုပ်ကိုဖတ်ရှုပြီးတဲ့နောက် ကျွန်တော်တို့ရဲ့ ဟောဒီ မျက်မှောက်ခေတ် တခေတ်ကို ‘ငါးရိုးနင်နေတဲ့ ခေတ်ကြီးတခေတ်’ သာဖြစ်တယ်လို့ပဲ အမည် တပ်ပြီး ကြေကွဲလိုက်ပါရစေ။ ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)
စာရေးသူမှတ်ချက်
 ဒီကနေ့ မဟာရှစ်လေးလုံး အရေးတော်ပုံ ၂၈ နှစ်မြောက်နေ့အထိမ်းအမှတ်အနေနဲ့ ဒီအရေးတော်ပုံကြီးမှာ ကိုယ်တိုင်ပါဝင်ခဲ့သူမိတ်ဆွေကြီး (ကို)အောင်ဒင်ရဲ့နွေတညမှအစပြု၍ စာအုပ်ရီဗျူးပြန်ရေးထားတာ တင်ပေး လိုက်ပါတယ်။

Comments