သစ်ခက်သံလွင် ကဗျာစင်မြင့်၊ သန်းဆွေမိုး(ကလော)၊ မောင်သော်တာ၊ လင်းသက်ငြိမ်တို့၏ကဗျာများ

ရေနီ
artobserved.com
 ခပ်တိုင်းငံတဲ့ဆားရဲ့
မြောက်အစွန်ဖျား
ထုံအီမွှေးချိုတဲ့ ထိုးမုန့်ရဲ့
တောင်အစွန်ဖျား
အစွန်းနှစ်ခုကြားညှပ်နေတဲ့မြို့ ။

ကြံတွေသာစိုက်ခဲ့ကြ
သကြားချိုသလား ချဉ်သလား
မသိလိုက်ရတဲ့ လူတွေမပြောနဲ့
ပုရွက်ဆိတ်တွေတောင် အချိုငတ်လို့ ငိုခဲ့ရတဲ့မြို့။

နွေဆိုရင်
သောင်ပြင်မှာ ဘောလုံးကွင်း
မိုးဆိုရင်
တခါတလေ
တချို့ရွာတွေ ထမင်းထုပ်ကိုမျှော်ရင်း
သက်ပြင်းအကြိမ်ကြိမ်ချခဲ့ရတဲ့ မြစ်ရှိတဲ့မြို့ ။

လယ်ကွင်းတွေဆုံး
ယာခင်းတွေဆုံး
ဝါးတောတွေသာပြုန်းခဲ့ရအခုချိန်ထိ
စက္ကူဟာ လူလုံးမလှတဲ့မြို့ ။

ရေမနီဘူး
မြေမနီဘူး
တချို့လူတွေ
ဘဝပျက် အနာခံ နီခဲ့ကြလို့သာ ဒီမြို့။

အခုတော့
မြို့ဟာ
ဦးလုံးသိမ်းစ
မြီးကောင်ပေါက်မလေး
အပျိုလုပ်တတ်ခါစလို
လှလို့ လှလို့ လှလာနေတဲ့မြို့လေ ။ ။

သန်းဆွေမိုး(ကလော)


လယ်ဝေး 
www.moma.org
 အဓိပ္ပာယ်မှာသံခိပ်ပါပြီးသား
ဒီလယ်ဟာ ဘာလို့ဝေးသလဲလို့
ကျွန်းငုတ်ကြီးတွေတူးထုတ်လိုက်ကြတာလည်းကြာပြီ
မီးသွေးဖုတ်ရွာတွေ
မီးသွေးလို
ဘဝထဲမှာပြုတ်ကျသွားတဲ့တောမီးတွေ
အလံချင်းအရောင်မတူရင် ဂျစ်ကားနဲ့တက်ကြိတ်တဲ့မီးတွေ
မီးခိုးနံ့ချန်ထားခဲ့သေးရဲ့လား
အခုတော့
မီးသွေးဖုတ်သမားတွေဆိုင်ကယ်ကယ်ရီဆွဲနေကြပြီတဲ့ ဟန်းဖုန်းကိုခြောက်လုံးပြူးချိတ်သလိုခါးမှာချိတ်ထားတယ်
လှမ်းခေါ်လိုက်
ခင်ဗျား ဟိုတယ်လ်ဇုံကိုသွားချင်သလား
နေပြည်တော်လား
အဝေးပြေးလား။ ။

မောင်သော်တာ
Aug 16 2016


နန်းတွင်းကား
pictify.saatchigallery.com
  မြို့ရိုးကိုအရေးပေါ်ကာကွယ်ကြ
မြို့ရိုးကိုအရေးတကြီးကာကွယ်ကြ
မြို့ရိုးထဲ ကိုယ့်လူရဲ့ဓားက
ကိုယ့်လူတွေရဲ့လည်ပင်းတွေကို
တိခနဲ တိခနဲ ။


လင်းသက်ငြိမ်

Comments