သစ်ခက်သံလွင်၊ ၂၈ နှစ်မြောက် ၈ လေးလုံးလူထုအရေးတော် ပုံအထိမ်းအမှတ် ကဗျာများ၊ မောင်လွမ်းဏီ၊ မောင်သော်တာ၊ ကိုကျူး၊ ခင်လွန်းတို့၏ကဗျာများ



 ၂၈ နှစ်မြောက် ၈ လေးလုံးလူထုအရေးတော်ပုံ အထိမ်းအမှတ် ကဗျာများ


........................................
သွေးပုံရိပ်
 
Artist Win Pe

 













ငတ်မွတ်လွန်း၍
တွန်းလှန်အုံကြွ၊ ရုန်းကန်ထသည်
လမ်းမပေါ်က လူလှိုင်းကြီး။
တပ်ဦးကျောင်းသား၊ မားမားမတ်မတ်
ရင်ကော့ရပ်နေ၊ သွေးစွန်းပေညစ်
လက်ရုံးညှစ်အော်၊ မိုးယံကျော်လွှား
ကြွေးကြော်သံလား၊ ဗုံးသံလား။
ပိတ်စရဲနီ၊ ဒီရေမုန်တိုင်း
လူလှိုင်းကိုပိုး၊ ရှေ့ကိုတိုးပေါ့
သေရိုးမရှိသည့် တို့တိုင်းပြည်။
သွေးသွန်ချောင်းစီး
အရေးကြီးပြီ၊ သွေးနီးကြစို့
အရေးတော်ပုံ အောင်ရမည်။
တိုက်ပွဲထဲမှာ
သူရဲကောင်းများ မွေးဖွားခဲ့
သူရဲကောင်းများ
တိုက်ပွဲလင့်ကြို တေးဆိုသည်။


မောင်လွမ်းဏီ
၁၅ - ၇ - ၁၉၉၆

(မိုးမခ) သြဂုတ် ၂၈၊ ၂၀၁၅

(ခေါင်းစီးပန်းချီ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ငွေရတု (၈ - ၈ - ၂၀၁၃) အတွက် ရေးဆွဲပေးခဲ့တဲ့ ဆရာကြီးဦးဝင်းဖေရဲ့ပန်းချီကား)
 
….

ပေတစ်ရာပေါ်မှာစီးတဲ့သွေးတွေမခြောက်သေးဘူး 

 











သမိုင်းကမှန်ပြီး ဘာတွေက မှားနေခဲ့သလဲတဲ့
သူရဲကောင်းကြောက်တဲ့တိုင်းပြည်မှာသူရဲကောင်းတွေပိုများလာ ဗိုလ်ချုပ်လမ်းအတိုင်းအလံတွေလွှင့်လာတဲ့ကျောင်းသားလေးတွေ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာကမ္ဘာမကြေသီချင်းကိုဆိုကြတယ် ဗိုလ်ချုပ်ဓာတ်ပုံမှန်ဘောင်ကြီးကျမကွဲရအောင်ရင်ဘတ်တွေကိုဖွင့်လို့ ကြယ်ငါးပွင့်အနီရောင်နိုင်ငံတော်အလံကိုတင်းတင်းဆုပ်လို့ ဗမာဗမာချင်းသတ်တဲ့ကျည်ဆံတွေကိုမကြောက်မရွံ့
ပါလီမန်ဆိုတာဘာလဲ
ပြည်သူ့အစိုးရဆိုတာဘာလဲ
လွတ်လပ်၍တရားမျှတခြင်းဆိုတာဘာလဲ
ဖတ်စာစာအုပ်ထဲမှာမမြင်ဖူးတဲ့ဝေါဟာရတွေကိုရှာဖို့
ပေတရာလမ်းပေါ်တက်လျှောက်လိုက်တဲ့အခါကျမှ
စကားလုံးတွေ ရာဇဝင်တွေ မျိုးဆက်အမွေတွေ 
သမိုင်းကွင်းဆက်တွေသွေးအလိမ်းလိမ်းနဲ့ဖတ်ခွင့်ရခဲ့ကြ

မကြောက်ဖူးလားမေးရင် မလိမ်စတမ်းဖြေချင်ပါတယ်
အရှက်တကွဲ သွေးသတ္တိနည်းတာမျိုးကိုကြောက်တယ်
တဘဝ တခန္ဓာအတွက်သေမှာမကြောက်ဘူး
သေနတ်ကိုင်ထားပြီးမှလူရာဝင်တဲ့အတွေးအခေါ်တွေကိုစက်ဆုပ်ရွံရှာလွန်းလို့ပါ အကြောက်တရားတခုရှိနေခဲ့လို့ မျက်နှာကိုလူမသိအောင်ပဝါစည်းထားခဲ့တယ် မျက်လုံးတွေမီးဝင်းဝင်းတောက်နေတာအားလုံးမြင်မှာပါ
မတရာဖမ်းဆီးနှိပ်စက်မှာကြောက်လို့ မျက်နှာကိုဖုံးကွယ်ထားခဲ့တယ် အလံကိုင်လက်သီးဆုပ်တင်းတင်းတွေကိုအားလုံးအမြင်ပေါ့ အကန်းတွေတရစပ်ဝှေ့ရမ်းပစ်ခတ်နေတဲ့သေနတ်ပြောင်းတွေကြောင့်
ဝမ်းလျားမှောက်ခဲ့တယ်
ဒူးမထောက်တဲ့မကြောက်တရားနဲ့ပြန်ရပ်ပြခဲ့ကြ
ရှစ်ဆယ့်ရှစ် တိုင်းပြည်ရဲ့အထင်ကရအဖြစ်အပျက်တွေများစွာ ရရာလက်နက်စွဲကိုင်သလိုနိုင်ငံရေးအမြင်အယူဝါဒများစွာ 
နာကျည်းခံပြင်းချက်ယုံကြည်မျှော်မှန်းချက်များစွာ
ဘဝအထုအထောင်းများစွာရဲ့အောက်မှာ
ရူးချင်ယောင်ဆောင်တဲ့သူနဲ့တကယ်ရူးသွားသူများစွာ
သချင်ယောင်ဆောင်တဲ့သူနဲ့တကယ်သေသွားတဲ့သူများစွာ 
လမ်းပျောက်သွားသူနဲ့လမ်းပျက်သွားသူများစွာ
ကိုယ်ပေတံနဲ့ကိုယ် ကိုယ့်အမှန်တရားနဲ့ကိုယ် ကိုယ့်အသံ ကိုယ်ဖွင့်
ကိုယ့်အလံ ကိုယ်လွှင့်ခဲ့ကြ
ဒါဟာ တကယ့်အဖြစ်အပျက်ပဲ
ဒါဟာ တကယ့်အရေးအခင်းပဲ
တိုက်ပွဲမပြီးသေးဘူးဆိုရင် ကျွန်တော်မငြင်းပါ

သူရဲကောင်းမလုပ်ခဲ့ဘူး
ဒါပေမဲ့ သူရဲကောင်းစိတ်ဓာတ်ကို သိတယ်လေးစားတယ်
သစ္စာဖောက်မဟုတ်ခဲ့ဘူး
ဒါပေမဲ့ ကျေးဇူးကန်းတဲ့လူယုတ်မာတွေကို သိတယ်ရှုတ်ချတယ်
သူရဲကောင်းကိုမကိုးကွယ်ဘူး
ဒါပေမဲ့ တကယ့်ခေါင်းဆောင်ကောင်းကိုယုံကြည်ရင်
ညီတူစိတ်ဝမ်း ဒီလမ်းကိုကူထမ်းဖို့အမြဲအသင့်ပဲ
ညီအစ်ကိုတို့ ပေတစ်ရာပေါ်မှာစီးတဲ့သွေးတွေမေ့သွားပလား …


မောင်သော်တာ
Aug 7 2016


ရှ စ်ေ လး လုံး












ပျော်သလို
ငါတို့စိတ်ညစ်ခဲ့ရပုံ
အမှောင်ထဲ လမ်းစပျောက်တော့
လူငယ်ဘဝ ဆိုတာ သဲမှူန်လို၊

ဖိနှိပ်ချုပ်ချယ်သော တပါတီအာဏာရှင်
တံခါးကို အသင် ပိတ်ဆို့လို့
ငါတို့ အင်အားနဲ့ တွန်းဖွင့်
ရဲရဲဝံ့ဝံ့ အာခံ
ရှစ်လေးလုံးတော်လှန်ရေးပေါ့၊

ဒီမိုကရေစီ ရရှိရေး တို့အရေး
တစ်ပါတီ အာဏာရှင်စနစ် အလိုမရှိ
အရေးတော်ပုံ အောင်ရမည်

ကြွေးကြော်သံတွေ မြည်ဟည်း လို့
လမ်းမတွေပေါ်
မပျော်နိုင်သော ငါတို့အော်သံတွေ

အော်သံတွေ
အော်တဲ့အသံတွေ
အော်လိုက်တဲ့အသံတွေ
တပြည်လုံး ဘဝဂ်ညံသွားပေါ့၊

အောင်မြင်တဲ့အသံတွေဟာ
လမ်းမတွေပေါ် သွေးချောင်းစီးခဲ့ပြီ
အော်လိုက်တဲ့အသံတွေဟာ
လမ်းမတွေပေါ် သွေးမော်ကွန်းထိုးခဲ့ပြီ
အော်သံတွေ နီနီရဲရဲ
ပင်လယ်ထဲအထိ
မြစ်ပြင်ထဲမှ ပင်လယ်ဆီ
သမုဒ္ဒရာတွေ ရဲရဲနီ

ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်
မေ့ပစ်လို့မရတဲ့
သမိုင်းအသစ်လေ။ 


ကိုကျူး
အရေးတော်ပုံနေ့များသို့ (၂ | ၈ | ၂၀၁၆ )



သမိုင်းလက်ဆင့်ကမ်း

 










ဒို့ခေတ်မှာ
ဒို့အရှေ့ခေတ်က လူတွေအတိုင်း
တံတိုင်း နံရံ အကာအဆီးတွေ မှန်သမျှ
ဒို့ အကြိမ်ကြိမ်တွန်းခဲ့ကြ တိုက်ခဲ့ကြ
ခေါင်းနဲ့တိုက်ခဲ့ကြ
ကိုယ်နဲ့တိုက်ခဲ့ကြ
ဘဝနဲ့တိုက်ခဲ့ကြ
အသက်နဲ့လဲပြီးတိုက်ခဲ့ကြ
သေကြ ကြေကြ
ကွဲကြ ကွာကြ
အကျဉ်းကျကြ
တချို့ရူးသွပ်
တချို့ပျောက်ဆုံး
နှောင်ကြိုးမှန်သမျှ
ဖြတ်ပြီး စွန့်ပြီး တိုက်ခဲ့ကြ
ငါတို့ရသမျှဟာ
အခု မင်းတို့လက်ထဲရောက် ဒီယနေ့သမိုင်းစဉ်ပဲ။

၈ လေးလုံး
၂၈ နှစ်မြောက်ပြောပါဆိုရင်
မင်းတို့ခေတ်မှာလည်း
ငါတို့ရှေ့က လူတွေလိုလုပ်ကြ
မင်းတို့ရှေ့က ငါတို့တွေလိုလုပ်ကြ
ဒီယနေ့သမိုင်းစဉ်တောင်းဆိုတဲ့အတိုင်း
မင်းတို့လုပ်ကြ
ဒီနေ့မှာ ငါ့အတွက်ပြောစရာ
ဒါပါပဲညီတို့…. ။ ။


ခင်လွန်း

၇၊ ၈၊ ၂၀၁၆

ည- ၉း ၃၀


Comments