သစ်ခက်သံလွင် ဝတ္ထုတို ဝေမြင့်မောင် ရဲ့ မင်းကြီးလာရင် .....

မင်းကြီးလာရင် …

ဝေမြင့်မောင်
 
www.smashingapps.com
 မင်းကြီးလာရင် ဘာလုပ်မှာလဲဆိုတာနဲ့ပတ်သက်ပြီး ကျနော့်အဖြေတွေကလည်း ခဏခဏပြောင်းနေခဲ့တယ်။ ကြည့်လေ ကျနော်ငယ်ငယ်က ဥယျာဉ်စိုက်စားမယ်။ အလယ်တန်းကျောင်းသား ဘ၀ရောက်တော့ စုံထောက်လုပ်မယ်။ အထက်တန်းရောက်တော့ စစ်တက္ကသိုလ်တက်မယ်။ နောက်တော့ အရာရှိလုပ်မယ်။ နောက်တော့ ဘောစိကြီး လုပ်မယ်။ နောက်တော့ နိုင်ငံရေးသမားလုပ်မယ် အိုဗျာစုံလို့..

ကျနော်အမုန်းဆုံးမေးခွန်းကတော့ မင်းကြီးလာရင် ဘာလုပ်မှာလဲဆိုတဲ့မေးခွန်းဗျ။ ဘယ်လို ကြီးလဲ ဗျာ၊ အောင့်သက်သက်ပဲ။ ကျနော်ကြီးလာလို့ဘာလုပ်လုပ်ပေါ့ဗျာ။ သူတို့အပူမှတ်လို့။ ခင်ဗျားတို့လည်း ဒီလို အမေးခံရဖူးမှာပေါ့ဗျာ။ ကျနော်တယောက်ပဲ ဒီလိုအမေးခံရတာမဟုတ်ဘူးဆိုတာသိပါတယ်။ နို့ ကျနော် ကတော့ ပြောရမှာပဲ။ မကျေနပ်တဲ့အကြောင်းကို  ပြောရမှာပဲ။ ကျနော် ငယ်ငယ်ကလည်း ခဏခဏအမေး ခံရဖူးတယ်။ စာသင်ခန်းမှာ တနင်္ဂနွေနေ့ စမ်းဒေးစကူးလ်မှာ ကုန်ကုန်ဗျာ ကျနော့် ဖားသားကြီးနဲ့မားသား ကြီးကလည်း မေးတယ်။ ကျနော် ဒုတိယတန်းကျောင်းသား အရွယ်လောက်က ဖြစ်မယ်။ အဖေက မေး တယ်။ ငါ့သားကြီးလာရင် ဘာလုပ်မှာလဲတဲ့။ ကျနော်မဖြေတတ်ဘူး။ ဘာဖြေရမှန်းလည်းမသိဘူး။ ဒါနဲ့ ဥယျာဉ်ကြီး စိုက်ပြီးနေမယ်။ အဖေနဲ့အမေ့ကိုလည်း ကျနော်စိုက်ကျွေးမယ်ပြောတော့ အဖေက ကောင်း တယ်တဲ့။ အဲ့ဒီတုန်းက အဖေစိတ်မဆိုးဘူး။ အခုချိန်ပြန တွေးကြည့်ရင် အဖေ့ကိုကျေးဇူးတင်မိတယ်ဗျ။ 
အဖေက စာတွေဘာတွေဖတ်တယ်။ အဖေ့ပုံပြင်တွေကို ကျနော်သဘောကျတယ်။ ကျနော်လူဖြစ်မှန်း စသိတော့ အဖေ့စာအုပ်တွေ ကျနော်ဆွဲဖြဲတာပဲဗျ။ အဖေ့စာအုပ်ဆိုတာ သူ့ကိုယ်ပိုင်  စာအုပ်တော့မဟုတ်ဘူး။ စာကြည့်တိုက်က ငှားလာတာ။ ကျနော်က ကလေးဆိုတော့ ဆွဲဖြဲပစ် တာပဲ။ ဆော့တာပေါ့လေ။ တနေ့ တော့ အဖေက ကျနော့်ကိုခေါင်းကို လက်သံပြောင်ပြောင်နဲ့ ခေါက် တယ်လေ။ ကျနော်က အဖေငှားလာတဲ့ စာအုပ်တွေကိုဖြဲတာကိုးဗျ။ အဲ ကျနော်ပြောချင်တာက   ကျနော် ဥယျာဉ်စိုက်စားမယ်ပြောတော့ အဖေက သဘောတူပေးတာကို သဘောကျတာဗျ။ တခြားလူသာဆို သူ့သားကိုငေါက်နေမလားပဲ။ ဆရာဝန်လုပ်ဖို့ အင်ဂျင်နီယာကြီး ဖြစ်ဖို့ဘာညာပေါ့ဗျာ။ 
ဥယျဉ်စိုက်စားတယ်ဆိုတာ သူတို့အမြင်မှာ သိမ်ငယ်တယ်လို့ ထင်နေမလားပဲ။ အဲ့ဒီတုန်းက အမေကတော့ ဘာမှမပြောဘူး။ ငြိမ်နေတာပဲ။ အမေက ဒီလိုပဲတခါတလေ ငြိမ်နေတတ် တယ်။ စကားပြောပြီဆိုလည်း ဘယ်သူမှတားမရဘူးဗျ။ အမေ့လောက် စကားပြောနိုင်တဲ့လူ ကမ္ဘာမှာ ရှိပါ့ မလားလို့တောင် ငယ်ငယ်က တွေးဖူးတယ်။
ကျနော် မူလတန်းကျောင်းသားဘ၀တုန်းကဖြစ်မယ်။ ကျနော်မှတ်မိတယ်ဗျ။ စာသင်ခန်းထဲ ရောက်တော့ ဆရာမက မေးတယ်။ ကျနော့်သူငယ်ချင်း မောင်နိုင်ကို အတန်းသား သူတွေရှေ့မှာ မေးတာဗျ။ ငါ့သားကြီးလာရင် ဘာလုပ်မှာလဲတဲ့။ ဟိုကောင်က ခပ်တည်တည်ပဲ။ ဆရာဝန်ကြီးလုပ်မယ်တဲ့။ အားလုံးက လက်ခုပ်တွေဘာတွေတီးကြလို့။ ကျနော်ကတော့ ဒီကောင့်ကိုသိ တယ်။ ဒီကောင်ရွှီးချ တာပဲ။ နာမည်က မောင်နိုင်တဲ့။ ရယ်ရတယ်။ လူနဲ့နာမည်နဲ့တခြားစီပဲ။ 
ကျနော်တို့ ဘောလုံးကန်ရင် လည်း ဒီကောင်ကောင်းကောင်းမကန်တတ်ဘူး။ တပွဲလုံးမှာ ဘောလုံး ငါးခါထိသလားတောင်မသိဘူး။ သူရှေ့ဘောလုံးရောက်လာရင်လည်း တလွဲချည်းပဲ။ 
သရေကွင်းပစ်တာ ပြေးတိုင်းလိုက်တမ်းကစားတာ ဒီကောင်အမြဲရှုံးတာဗျ။ သူနိုင်တာ တခါလေး မှတောင် မကြားဖူးဘူး။ ကျနော်တကယ်ပြောတာဗျ။ ဆရာဝန်ကြီးလုပ်မယ်ပြောတာ ဒီကောင့်အဆင့်က တစ် နှစ် သုံး ထဲမှာ တခါမှမပါဖူးဘူးမ၀င်ဖူးဘူး။ ဒီအဆင့်တွေနဲ့ အရည်အချင်းတွေကို သတ်မှတ်တာ မကောင်းမှန်းတော့ ကျနော်သိတာပေါ့ဗျာ။ ဒါပေမဲ့ ဒီကောင့်အကြောင်းကို ကျနော်ပြောတာပါ။ 
ဒီကောင်ပြောခဲ့တာ ကျနော်မှတ်မိ တယ်။ အတန်း ဆင်းတော့ ကျနော်သူ့ကိုမေးတယ်။ မင်းကြီးလာရင် တကယ် ဆရာဝန် လုပ်မှာလားလို့။ ဒီကောင်က ခပ်တည်တည်ပဲ။ အေးလုပ်မှာတဲ့။ ဘာလို့လဲလို့မေးတော့။ အဘွားက ငါ့ကိုဆရာဝန်ဖြစ်စေချင် တာကွာ။ ဒီတော့ ငါ ဆရာဝန်လုပ်မယ်တဲ့။ အဲ ဒီကောင့်မှာ အားသာတဲ့ချက်တော့ရှိတယ်။ အသံကောင်း တာဗျ။ ဒီကောင်သီချင်းဆိုရင် ကျနော်တို့ငြိမ်ပြီး နားထောင်နေ ကြတာ။ အခုတော့ ဒီကောင် အဝေးသင် တက်နေတာဗျ။ သူ့အဘွားကလည်း ဆုံးပြီကြား တယ်။ မြို့ထဲမှာ အဆိုပြိုင်ပွဲတွေဘာတွေမှာ ဒီကောင်အမြဲ ဆုရတယ်တဲ့။ ဒီကောင်သီချင်းတွေ လည်း ရေးနေတယ်တဲ့။ ကျနော့် သူငယ်ချင်းတွေက ပြန်ပြောတာ။ ဒီကောင်က ဆရာဝန်ဘာညာကိုမေ့ လိုက်ပြီ ထင်တယ်။
မင်းကြီးလာရင် ဘာလုပ်မှာလဲဆိုတာနဲ့ပတ်သက်ပြီး ကျနော့်အဖြေတွေကလည်း ခဏ ခဏပြောင်းနေခဲ့တယ်။ ကြည့်လေ ကျနော်ငယ်ငယ်က ဥယျာဉ်စိုက်စားမယ်။ အလယ်တန်းကျောင်းသား ဘ၀ရောက်တော့ စုံထောက်လုပ်မယ်။ အထက်တန်းရောက်တော့ စစ်တက္ကသိုလ်တက်မယ်။ နောက်တော့ အရာရှိလုပ်မယ်။ နောက်တော့ ဘောစိကြီးလုပ်မယ်။ နောက်တော့ နိုင်ငံရေးသမားလုပ်မယ် အိုဗျာစုံလို့။ ဒါတောင် ကျနော်မေ့နေတာတွေအများကြီးရယ်။ စမ်းဒေးစကူးလ်မှာ ဆယ်ဆယ် (သီလ ရှင်) မေးတုန်းက ဖာသာ(ဘုန်းကြီး)လုပ်မယ်လို့ ဖြေခဲ့သေးသဗျ။ ပြန်စဉ်းစားရင် တော်တော်လေး ရယ် ရတယ်။ ကျနော်သာ ဘုန်းကြီးလုပ်လို့ကတော့ ခင်ဗျားတို့ကျနော်ဟောတာတွေ လုံးဝမယုံနဲ့ဗျာ တကယ်ပြောတာ။ အခုတက္ကသိုလ်ရောက်တော့လည်း ဒီအတိုင်းပဲဗျ။ မင်းကျောင်းပြီးလာရင် ဘာလုပ် မှာလဲဆိုတဲ့ မေးခွန်းတွေ နဲ့ကြုံရပြန်တယ်။ ကျနော်ရောက်နေတဲ့တက္ကသိုလ်က မြန်မာနိုင်ငံမှာ တခုပဲရှိတဲ့ တက္ကသိုလ် အသက်မွေးကျောင်းနိုင်တဲ့ တက္ကသိုလ်ဗျာ။ ဒီကျောင်းပြီးရင် အစိုးရ၀န်ထမ်း လုပ်မလား အမ်ဂျီအိုမှာ လုပ်မလား company တွေမှာလုပ်မလား ကျောင်းဆရာလုပ်မလား အိုဗျာ။ တော် တော်စုံတယ်။ တခါက အတန်းထဲမှာ ဆရာမကမေးတယ်။ ကျောင်းသူကျောင်းသားတိုင်းကို မေးတာဗျာ။ ဟိုကောင်ကျော်ထူးကတော့ အစိုးရအရာရှိကြီးလုပ်မယ်တဲ့ဗျာ။ ကျော်ထူးက ကျနော့်အခန်း ပါတနာ။ ဒီကောင့် ရုပ်က အရာရှိဖြစ်မယ့် ရုပ်မဟုတ်ဘူး လို့ထင်တာပဲ။ မင်းသားဘာညာဖြစ်မယ့်ရုပ်ဗျ။ မေသက်ကတော့ ကျောင်းဆရာမပြန်လုပ်မယ်တဲ့။ သယံဇာတတွေထဲမှာ လူ့အရင်းအမြစ်က တန်ဖိုး အရှိဆုံးတဲ့။ ဒီတော့ ပါမောက္ခကြီးဖြစ်အောင်လုပ်မယ်။ တက္ကသိုလ်ကျောင်းသူသားတွေကို စာသင် ချင်တယ်တဲ့။ ဒီကောင်မလေးကတော့ စာတော်တယ်။ အတန်းထဲမှာ ထိပ်ဆုံးကပဲ။ သူပြောတာဖြင့် သိပ်မိုက်တယ်ဗျာ။ သူ့ကိုတော့ အားကျသလိုလိုရှိသား။ နို့ ကိုယ့်အကြောင်း ကိုယ်အသိဆုံးလေ။ တက္ကသိုလ် ဆရာဆရာမလုပ်ဖို့ဆိုတာ စာတော်မှဗျ။ ဂုဏ်ထူးတွေဘာတွေ အမြဲရနေမှဗျ။ ကျနော် ကတော့ စာတော်တဲ့ထဲလည်းမပါဘူး ညံ့နေတဲ့ကောင်တွေထဲ လည်း မပါဘူး။ ဒီစာတွေကိုလည်း သဘောကျလွန်း စိတ်ဝင်စားလွန်းလို့သင်နေရတာလည်းမဟုတ်ဘူး။ တက္ကသိုလ်ဆရာဖြစ်လို့ကတော့ အချိုးမပြေတဲ့ကောင်တွေကို လက်သီးနဲ့ထိုးမိမလားဘဲ။ ကျနော့်က သိပ် စိတ်ရှည်တဲ့ကောင်မဟုတ်ဘူး ဗျာ။ ကျနော်ဆယ်တန်းအောင်တော့ ဥပဒေကိုသင်ချင်တာဗျ။ ဒါကလည်း သိပ်စိတ်ဝင်စားလို့ မဟုတ်ပါဘူး။ ဥပဒေတက်ရမယ်ဆို မုံရွာမှာတက်ရမှာ။ 
ဦးလေးကတော့ မြှောက်ပေးတယ်။ နိုင်ငံခြား တွေမှာ ဥပဒေကအမြင့်ဆုံးလိုင်းတွေထဲမှာပါတယ် တက်ကွာတဲ့။ အမေကတော့ ကလေးကိုလျှောက် မပြောနဲ့တဲ့။ သူဥပဒေကျောင်းပြီးလို့ဘယ်မှာလဲအလုပ်။ ဘာမှသေချာတာမဟုတ်ဘူးပြောတော့မှ ဦးလေးက ငြိမ်တော့တာ။ ဒီနဲ့တင် ကျနော်ဥပဒေတက်ဖို့က ကိစ္စပြတ်သွား ပြီလေ။ အဖေကတော့ ပြောတယ်။ မင်းကိုထောက်ပေးဖို့က မလွယ်ဘူး။ အသက်မွေးကျောင်း တက္ကသိုလ်တခုခုရရင်တော့ ကြိုးစားထောက်မယ်ကွာ။ မရရင်တော့ အလုပ်လုပ်ပြီး အဝေးသင် ဖြေပေါ့တဲ့။ ဟုတ်တော့လည်း ဟုတ်တယ်ဗျာ။ အဖေက အရာရှိတောင်မဟုတ်ဘူး။ အရာရှိငယ်လေးပဲ။ လစာကလည်း ဘယ် လောက်မှမရှိဘူး။ ကျနော်တို့မိသားစုအားလုံး အဖေ့လစာနဲ့ ရှင်နေရတာ။ အမေကလည်း ကျနော်တို့ မောင်နှမလေးယောက် ပြုစုရတာနဲ့အိမ်အလုပ်လုပ်ရတာနဲ့တင် ဖတ်ဖတ်ကိုမောနေတာ။ ဒါနဲ့ကံ ကောင်းလို့ ဒီတက္ကသိုလ်ကို ရောက်လာတာ။ ရေးဖြေနှုတ်ဖြေ  ဖြေရ တယ်ဗျ။ အဲထားတော့။ ကျနော့် အလှည့်ရောက်တော့ ဆရာမကို ကျနော်ဒီလိုပြောလိုက်တယ်။ ကျနော်အနုပညာသမား လုပ်မယ်လို့။ တတန်းလုံးက လက်ခုပ်တီးပေမယ့် ကျနော်မပျော်ဘူးဗျာ။ ဆရာမကတော့ ပြုံးနေ တယ်။ သူ့အပြုံးမှာ လှောင်တာလည်း ပါတယ်လို့ထင်မိတယ်။ ပါချင်မှ ပါမှာပါ။ ကျနော်ဖြေတာလည်း ကြည့်လေ။ ကျနော်တက်နေတာက စိုက်ပျိုးရေးတက္ကသိုလ် ကျနော်ဖြေတာက အနုပညာသမား။ ဘာဆိုင်တာမှတ် လို့။ နေအုံးကျနော်သိတယ်ဗျ။ အနုပညာသမားလို့ပြောလိုက်တာနဲ့တတန်းလုံးထင်တာက သရုပ် ဆောင်အဆိုတော် ဒါပဲမြင်ကြတာ။ ကျန်တဲ့ စာရေးဆရာ ကဗျာဆရာ ပန်းချီဆရာ သီချင်းရေးဆရာ ပန်းချီ ပန်းပု ဓာတ်ပုံ ဒီအလုပ်တွေကို အနုပညာလို့မသတ်မှတ်ကြဘူးဗျ။ တော်တော် များများက ဒီလိုထင်ကြတာ ကျနော်သိတယ်။ ဒီလိုထင်လို့လည်း ရယ်ကြတာဖြစ်မှာ။ ဟုတ်တယ်လေ ကျနော့် ရုပ်ကိုလည်းကြည့်အုံး။ အသားက ခပ်မည်းမည်းပိန်ပိန်နဲ့ဘယ်မှာ မင်းသားဖြစ်နိုင်မှာလဲ။ အသံကျ တော့လည်း ဆိုးတယ်ဗျာ။ ကိုယ့်ဘာသာဆိုရင်တော့ ကောင်းတယ်လို့ထင်ခဲ့ဖူးတယ်။ မာစတာ ကျောင်းသား ကိုကျုံးတို့ကျောင်းပြီးသွား တဲ့ အစ်ကိုတွေနဲ့ ကာရာအိုကေဆိုဖူးတယ်ဗျာ။ အဲ့ဒီမှာ ကိုယ့်အသံမကောင်းမှန်း ကိုယ်သိတော့တာပဲဗျို့။ မိုက်ကြီးနဲ့အော်ရတာကိုးဗျ။ နို့ ကျနော်ကလည်း အဆိုတော်လုပ်ဖို့ နည်းနည်းလေးမှ စိတ်ကူးရှိတဲ့ကောင် မဟုတ်ပါဘူးဗျာ။ ဒါကလည်း အသံ မကောင်း လို့ပါ။ ကောင်းများကောင်းလို့ ကတော့ အဆိုတော်ဖြစ်ဖို့ စိတ်ကူးယဉ်အုံး မလားဘာလားပဲ။
ဟိုနေ့က ရှုထောင့်မှာ ဟိုကောင်တွေနဲ့ ထိုင်တော့ ကျနော်တို့ပြောဖြစ်ကြသေးတယ်။ မီးစရှို့တဲ့ ကောင်က ကျနော်ဗျ။ ဟိုကောင်တွေဆိုတာ မုံရွာသားကုလားကြီးရယ်၊ ရခိုင်သား ၀င်းအောင်ရယ်၊ ချင်းပြည်က ကီးထန်းရယ်။ အားလုံးအတန်းတူတွေ။ ပြောမနာဆိုမနာတွေ။ အဲ ပြောမနာဆိုမနာလို့ ပြောပေမယ့် ဟိုကုလားကြီးကတော့ သိပ်တော့မရဘူး။ သူက တခါတခါဆို နာတတ်တယ်။ ကုလား ကြီးလို့ ခေါ်ရတာက ဘာလို့လဲတော့မသိဘူး။ အသားလည်း ဖြူပါရဲ့ ကုလားရုပ်လည်းမပေါက်ပါဘူး။ ဘာလို့ ကုလားကြီးလို့ ခေါ်ကြတာလဲဆိုတာ ကျနော်လည်း မသိဘူး။ မေး လည်းမမေးဖူးဘူး။ ကျနော်နဲ့ စခင်တော့ အားလုံးက သူ့ကို ကုလားကြီးလို့ပဲခေါ်ကြတာ။ ဒီတော့ ကုလားကြီးပဲပေါ့ဗျာ။ ထားတော့။ ၀င်းအောင်ကတော့ သူကျောင်းပြီးရင် အစိုးရမှာဝင်လုပ်ပြီး မာစတာ Msc  ဆက်တက်မယ်တဲ့။ အဲ့ဒီမှာ ကီးထန်းက ပြောတယ်။ ဟေ့ကောင် အစိုးရ၀န်ထမ်းမလုပ်နဲ့။ ငါသိသလောက်တော့ ငါဖတ်ရ သလောက်ဆိုပြီး အစိုးရ၀န်ထမ်းလုပ်ရတာ မနပ်တဲ့ အကြောင်းတွေ ပြောတော့တာပဲ။ ကီးထန်းက စာနည်းနည်းဖတ်တော့ သူပြောလိုက်ရင် အချက်အလက်တွေနဲ့သေချာပြောတတ်တယ်ဗျ။ အဲ့ဒီမှာ ကုလားကြီးက ၀င်ပြောတယ်။ 

အစိုးရ၀န်ထမ်းအလုပ်တခုနဲ့တော့ ချမ်းသာမှာမဟုတ်ဘူးတဲ့။ လူလို သူလို နေနိုင်မှာမဟုတ်ဘူး။ အခုအစိုးရ၀န်ထမ်းအလုပ်တခုပဲလုပ်ပြီး ချမ်းသာနေတဲ့ကောင်တွေက သူခိုးတွေတဲ့ပြီးတော့ ငါတော့ မလုပ်ချင်ဘူးကွာတဲ့။ တကယ်တော့ ဒီကောင်လျှောက်ပြောတာဗျ။ ဒီကောင့် ဒိုင်ယာရီ ခိုးဖတ်ဖူးတယ်။ ဒီလိုခိုးဖတ်တာတော့ မကောင်းမှန်းသိတာပေါ့ဗျာ။ နို့ ကျနော့် အကျင့်က တခုခုဖတ်စရာတွေ့ရင် မဖတ်ဘဲမနေတတ်တာ။ ထားတော့။ အဲ့ကောင် ဒိုင်ယာရီထဲမှာ ဒီလိုရေးထားတယ်ဗျ။ 
ကျနော်စိုက်ပျိုးရေးပညာရှင် ဒေါက်တာဘွဲ့ရတယောက်ဖြစ်ရမယ်တဲ့ဗျ။ အဲ့ဒီတုန်းက အားကျသလို လိုတော့ ရှိသား။ အားကျတယ်ဆိုတာက ဒီကောင့်မှာ ဒီလိုကောင်းမွန်တဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုပြီးပေါ့။ နို့ အခုကျတော့ ငါတော့ ဘာမှမလုပ်ချင်ဘူးကွာဆိုတော့ ပလီတာပဲဗျ။ လျှောက်မပြောနဲ့ မင့်ဒိုင်ယာရီထဲ မှာ ရေးထားတာဖတ်ရတယ်လို့ပြောရင် ကောင်းမလား တွေးမိသေး တယ်။ နို့ မပြောတော့ဖြစ်တော့ဘူး။ မူးတဲ့အခါ ရစ်နေအုံးမယ်။ ဟုတ်တယ်ဗျ။ ဒီကောင်က မမူးရင် လူကောင်းပဲ။ မူးလာရင်တော့ သူ မကျေနပ် တဲ့ကောင်တွေကို တခန်းဝင်တခန်းထွက်ပြီး လိုက်ရစ်နေ တာဗျ။ ဟိုကောင်တွေကလည်း သူငယ်ချင်း အချင်းချင်းမို့ သည်းခံကြရှာပါတယ်။ ကီးထန်းကတော့ ချင်းပြည်ပြန်ပြီး အမ်ဂျီအိုတခုမှာ လုပ်မယ်တဲ့။ ဒီကောင်က ရိုးသားတယ်။ စာဖတ်တယ်။ နို့ ကောင်မ လေးကိစ္စနဲ့ပတ်သက်လာရင်တော့ အပြောကြီး သလားမမေးနဲ့ဗျ။ ဘယ်ကောင်မလေးကို ဘယ်လိုစခဲ့ တာရခဲ့တာ။ ဘယ်ကောင်မလေးနဲ့က ဟိုလိုလို ဒီလိုလိုဖြစ်ခဲ့တာ။ သူပြောလိုက်ရင် အလန်းဇယားတွေ ပဲ။ နို့ ဒီကောင်က ဒီကျောင်းမှာ ဘယ်မိန်းကလေးနဲ့ မှ မတွဲပါဘူး။ မတွဲဘူးဆိုတာကလည်း မရလို့နေ မှာပါ။ သူမူးရင်တော့ ပြောတတ်တယ်။ ဘယ်အတန်းထဲက ဘယ်မိန်းကလေးကတော့ သူ့ကိုကြိတ် ခိုက်နေတာဆိုတာတွေကောပဲစုံလို့။ ဒီကောင်ကတော့ ပြောတဲ့အတိုင်း လုပ်မယ်လို့ ထင်တာပဲ။
မင်းကောဘာလုပ်မှာလဲလို့ ကီးထန်းက ကျနော့်ကိုမေးတော့ ကုလားကြီးက ၀င်ဖြေတယ်။ အစား လည်း သူများလို ကောင်းကောင်းမစားရ အ၀တ်လည်းကောင်းကောင်းမ၀တ်ရ သူလိုကိုယ်လိုလည်း မနေနိုင်၊ နာမည်ကြီး ထမင်းငတ်တဲ့အလုပ် လုပ်မယ့်ကောင်ကွ။ အဲ့ဒီငနဲ ကိုချဉ်လိုက်တာ။ ငါလည်း မသိ သေးဘူး ကွာလို့ ဖြေမိတယ်။ ဟုတ်တယ် နောက်ပိုင်း ကျနော်အဲ့ဒီကိစ္စကြုံလာတိုင်း ဒီလိုပဲ ဖြေမိတယ်။ ဟုတ်တယ်လေ။ မဖြေချင်ဘူး။ ဘာဖြေရမှာလဲမသိဘူး။ နို့ ကျောင်းပြီးရင်တော့ ၀င်ငွေ ကောင်းကောင်း ရမယ့်အလုပ်တခုလောက်တော့ လုပ်မယ်စိတ်ကူးထားတယ်။ အမေနဲ့ အဖေကတော့ အစိုးရ၀န်ထမ်း လုပ်ရမယ်တဲ့ဗျာ။ အစိုးရ၀န်ထမ်းက ဂုဏ်ရှိတယ်။ တည်ငြိမ်တယ်တဲ့။ ဘယ်ကလားဗျာ။ အဖေ့ကို ကြည့်ပြီး အစိုးရ၀န်ထမ်း မလုပ်ချင်တာ ငယ်ငယ်ကတည်းကဗျာ။ခင်ဗျားတို့ပဲ စဉ်းစားကြည့် အထက်အရာရှိတွေ ကိုဖားတတ်ရမယ်။ ရိုရိုသေသေ ဆက်ဆံရမယ်။ လေတယ်ဗျာ။ ကျနော်တော့ ဒီလိုမနေချင် ဘူး။ နို့တခါတလေတော့ တွေးမိတယ်။ အစိုးရ၀န်ထမ်းလုပ်ရင်တော့ စာလေးဘာလေး ရေးနိုင်မှာပဲ။ အားလောက်တယ်လို့။ ဒါပေမဲ့ဗျာ သူများလို စားနိုင်သောက်နိုင်မှာ မဟုတ်ဘူး ဆိုတာ သေချာတယ်။ မိန်းမတွေဘာတွေရလာရင် ဒုက္ခပဲဗျာ။ ကျောင်းပြီးလို့ အစိုးရ၀န်ထမ်း ခေတ် ကောင်းလာရင် လစာကောင်းလာရင်တော့ မပြောတတ်ဘူးဗျာ။ company ကျတော့လည်း မလုပ်ချင်ဘူးဗျာ။ ကွင်းတွေဆင်းရမယ်။ နည်းနည်းပါးပါး လိမ်ရမယ်။ ညာတတ်ရမယ်။ ကျေးဇူးရှင်တောင်သူ ဦးကြီးတွေကို ဗျာ။ ဖိအားများမယ် အလုပ်ရှုပ်မယ်။ ဘာမှလည်းမသေချာဘူး။ ငွေတော့ရမယ်။ အိုဗျာ။ မစဉ်းစားချင်တော့ဘူး။ ကျောင်းပြီးရင်တော့ သူ့အလိုလိုဖြစ်လာမှာပေါ့ဗျာ။ ဦးနှောက်ခြောက်ခံပြီး စဉ်းစားမနေတော့ပါဘူး။ ဒါနဲ့ပဲ ဘယ်သူဘာမေးမေး နောက်ပိုင်း မသိသေးပါဘူးကွာလို့ ဖြေမိတယ်။
ဒါပေမယ့် စာတော့ရေးချင်တယ်ဗျာ။ကဗျာရေးမယ် စကားပြေရေးမယ်။ ကျနော်လုပ်ချင်တာ စာရေးတဲ့အလုပ်ဗျာ။ ကျန်တာဘာမှ မလုပ်ချင်ဘူး။ ကုန်ကုန်ဗျာ။ စာမူခနဲ့ အသက်မွေးလို့ရရင် ရှယ်ပဲ။ ကဗျာစာမူခက အများဆုံးတစ်သောင်း စကားပြေ (အက်ဆေး ၀တ္ထု) က တစ်သောင်းခွဲ ဒါပဲ။ ဘယ်လို မှ အဆင်မပြေနိုင်ဘူး။ ခရီးတွေသွားမယ် လျှောက်သွားမယ်။ ကဗျာရေးမယ် စာရေးမယ်။ သူငယ်ချင်းတွေနဲ့ စကားပြောမယ်။ လုပ်ချင်တာတွေ တခုပြီးတခု လုပ်ပစ်မယ်။ ဒါပေမဲ့ စာတော့ ရေးမယ်။ ဒါပဲဗျာ။ ကျနော်လုပ်ချင်တာ ဖြစ်ချင်တာ။ နို့ ဒီဟာတွေနဲ့ အသက်မွေးလို့ ထမင်းစားလို့ မရတာ ကျနော်သိတယ်ဗျာ။ ရေးသက်ကြာလာလို့နာမည်ရလာလို့ အဆင်ပြေလာတာကတော့ တမျိုး ဗျာ။ နို့ ဒီလိုဖြစ်လာဖို့ အချိန်တွေ ပေးဆပ်ရမယ်ဗျာ။ လူတွေကလည်း အရင်လို စာသိပ်ဖတ်ကြတော့တာ မဟုတ်ဘူး။ စီးပွားရေးတက္ကသိုလ် ပထမနှစ်တက်နေတဲ့ ကျနော့်ညီမအရင်းကိုပဲကြည့်ဗျာ။ အိမ်မှာ ဖတ်စရာ စာအုပ်တွေ သေချာလေး ကျနော် ထားထားတာ။ယောင်လို့တောင်မထိဖူးဘူး။

ကျောင်းမှာလည်း ဒီတိုင်းပဲ စာဖတ်တဲ့လူတွေသိပ်နည်းဗျာ။ ကျောင်းဆရာဆရာမတွေတောင် မဖတ် ကြဘူး။ နည်းလိုက်တာမှ ဖတ်တဲ့လူတွေကို လက်ချိုးရေလို့ရမယ်ထင်တယ်။ ဒီတော့ မင်း ကျောင်းပြီး ရင် ဘာလုပ်မှာလဲမေးတဲ့အခါ  ကဗျာရေးမယ်စာရေးမယ်လို့ ကျနော်ဖြေလို့ မဖြစ်ဘူးကိုး။ သူတို့က လည်း စာရေးတာကို အလုပ်တခုလို့သတ်မှတ်တဲ့လူတွေမှ မဟုတ်ဘဲဗျာ။ ဒီတော့ ကျနော်ငြိမ် နေလိုက်ရတော့ တာပေါ့။ အဟားတောင်ခံရနိုင်တယ်။ အဲ့ဒီတော့လည်း ကျောင်းပြီးရင် မသိသေးပါဘူး ဗျာလို့ပဲ ဖြေဖြစ်တယ်။ သူတို့ကတော့ ဒီကောင်ဟာ ရည်မှန်းချက်မရှိတဲ့ကောင် ဘာညာအထင်သေးနေ မလားမသိဘူး။ နို့သူတို့ ပါးစပ်ကနေတော့ ပြောမှာမဟုတ်ဘူးလေ။ ဒီတော့ အနေသာကြီးပဲ။ အထင်သေးလည်း သေးပါစေပေါ့။ ဘာဖြစ်သေးလဲဗျာ။ ကျနော်မယုံကြည်တာတွေရှိတယ်ဗျာ။ ဥပမာ စာဖတ်အသင်းလိုဟာမျိုးတွေ။ စာဖတ်တာများ အသင်းလိုလို့လားဗျာ။ ကျနော်ကတော့ စာဖတ် အသင်း မ၀င်ဘူး။ ဘယ်တော့မှ ၀င်မယ်မထင်ဘူး။ ဒါပေမဲ့ စာတော့ဖတ်တယ်။ စာဖတ်အသင်း ၀င်ထား တဲ့ကောင်တွေတချို့တော်တော်ရယ်ရတယ်ဗျာ။ အသင်းအစည်းအဝေးဆွေးနွေးပွဲရှိရင် သွား ကြတယ်။ အဆောင်ပြန်ရောက်တော့ တကောင်မှ ဖတ်တဲ့ကောင်တွေမဟုတ်ဘူး။ ဘုရားရေမပြောနဲ့ ကျနော် တကယ်ပြောတာဗျ။ ကျနော်တို့အတန်းမှာတော့ ဘယ်ကောင်ကစာဖတ်တယ်မဖတ်ဖူး ကျနော် သိတယ်။ ဖတ်တဲ့ကောင်တွေက ကျနော်နဲ့တော်တော်များများခင်တယ်။ သူတို့စာအုပ်တွေလည်း ပေး ငှားကြတယ်။ ကျနော့်စာအုပ်တွေလည်း ယူဖတ်ကြတယ်။ ရယ်ရတာက အဲ့ဒီကောင်တွေက စာဖတ် အသင်းဝင်တွေ မဟုတ်ကြဘူးဗျ။ ထားတော့ စာဖတ်အသင်းကိစ္စ။
ကျောင်းပြီးရင် ဘာလုပ်မှာလဲဆိုတာဆွေးနွေးတဲ့ အရက်ဝိုင်းတို့ လက်ဖက်ရည်ဝိုင်းတို့ဘာတို့ ဆို ကျနော်ရှောင်တတ်လာတယ်။ ဘယ်လိုကြီးလဲဗျာ။ ကျောင်းပြီးသွားတဲ့အစ်ကိုကြီးတွေကတော့ပြော ကြတယ်။ အစိုးရ၀န်ထမ်းမလုပ်ဘူးဆိုတဲ့ကောင်တွေက ကျောင်းပြီးရင် လုပ်တတ်ကြတယ်ရယ်ရတယ် တဲ့။ မရယ်ရဘူးလားဗျာ။ ဥပမာ တနှစ်မှာ ဘွဲ့ရ ၄၀၀ ရှိတယ်ဗျာ။ ဒီထဲက ၁၀၀ မရှိဘူး။ အစိုးရ ၀န်ထမ်းလုပ်တဲ့ လူတွေက။ အစိုးရ၀န်ထမ်းလုပ်တဲ့ဘွဲ့ရတွေက အစိုးရလစာနဲ့ ကျောင်းပြန်တက်ချင်ကြတာ။ တချို့က စာသင်ရတာ ၀ါသနာပါလို့။ တချို့က ပါမောက္ခကြီးဖြစ်ချင်လို့။ ဒီလိုတွေ။ တကယ်ပြောတာဗျ။ ကျောင်းပြီးသွားတဲ့အစ်ကိုတယောက်ရှိတယ်။ သူက စာလေးဘာလေး နည်းနည်းရေး တယ်။ တခါ သူနဲ့အတူသောက်ဖြစ်တော့ သူက ကျနော့်ကိုပြောတယ်။ မင်းနဲ့အစိုးရ၀န် ထမ်းနဲ့မရပါဘူးကွာ တဲ့။ ကျနော်နည်းနည်းတော့ ချဉ်တယ်ဗျာ။ နို့ အစ်ကိုကြီးဆိုတော့ ငြိမ်နေရတယ်။ ဟုတ်တယ်လေ ကိုက်မကိုက် လုပ်မှမလုပ်ရသေးတာ ဘယ်လုပ်လုပ်ပြီး ဒီလိုပြောနိုင်တာလဲ။ ကျနော်ကလည်း သိပ်လုပ်ချင် တဲ့ကောင်မဟုတ်ဘူး။ နို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတော့ရှိတယ်။ ငါလုပ်ရင် ဘာမဆိုဖြစ်တယ်ပဲ။ဒါက သူပြောတာပါ။ကျနော်ကလည်း နားထောင်လိုက်ပါတယ်။ ဘာကိုကြည့်ပြီး ပြောတာလဲဆိုတာတော့ ကျနော်မပြောနိုင်ဘူး။ ကျနော့်အပြောအဆို အရေးအသားတွေ ကြည့်ပြီး ပြောတာနေမှာ။
တလောက ဇာတိမြို့လေးကို ပြန်ရောက်ဖြစ်သေးတယ်။ ဆွေမျိုးတွေရှိရာ အလည်ပေါ့။ ငယ်သူငယ်ချင်း တချို့နဲ့တွေ့ခဲ့ရတယ်။ ဒီကောင်တွေနဲ့တွေ့ရတာ နည်းနည်းတော့ပျော်တယ်။ ပျော်ဆို ဒီကောင်တွေက မင်းနာမည်ကြီးကဗျာဆရာစာရေးဆရာဖြစ်နေပြီဆိုတဲ့။ တကယ်တော့ မဟုတ်ဘူးဗျာ။ နို့ ဒီကောင်တွေ ဘယ်လိုဘယ်နေရာက ကြားတာလည်းတော့မပြောတတ်ဘူး။ သူတို့ကတော့ ကျနော့် ကို သိပ်လေးစားတဲ့ပုံပဲ။ ဒီလိုအလေးစားခံရတာမျိုးတော့ ကျေနပ်တာပေါ့ဗျာ။ တချို့ကောင်တွေက မိန်းမတွေရနေပြီဗျ။ ကလေးတွေဘာတွေတောင် ရနေကြပြီ။ စစ်ဗိုလ်လုပ်မယ့်ကောင်က အစိုးရ ရုံး တခုမှာဝင်လုပ်ပြီး အဝေးသင်တက်လို့ဟို ဆရာဝန်မလုပ်မယ်ပြောတဲ့ကောင်မက ကျောင်းဆရာမ ဟို ကောင်က ဆယ်တန်းအောင်တော့ ဘာမှမတက်တော့ဘူး သူ့အဖေ ဆိုင်ခန်းကြီးရောင်းနေတာ ၀တောင်ဝလာလိုက်တာ အဆင်ပြေတယ်ဆိုပဲ။ အမျိုးမျိုးဗျာ။ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတာ ပျော်မိတယ်။ သူတို့က ကျနော့်ကိုမေးကြတယ် မင်းကျောင်းပြီးတော့မယ်ဆို ကျောင်းပြီးရင် ဘာလုပ် မှာလဲတဲ့။ အဆင်ပြေရာပြေကြောင်းပေါ့ကွာလို့ပဲ ဖြေလိုက်မိတယ်။ အဲ့ညက ပျော်တယ်ဗျာ။ အတူ ထမင်းစားကြတယ်။ နည်းနည်းပါးပါး သောက်ကြတယ်။ ငယ်ငယ်ကအကြောင်းတွေ ပြန်ပြောကြ တယ်။ အဆင်ပြေရာပြေကြောင်းပေါ့ကွာလို့ ကျနော်ဖြေတာကို အားလုံးသဘောကျကြတဲ့ပုံပဲ။ ထပ် မေးတာ ဘာညာမရှိတော့ဘူး။ ဟုတ်တယ်လေ။ ကျောင်းပြီးရင် အစိုးရ၀န်ထမ်းလည်း ဖြစ်ချင်ဖြစ်မှာပဲ။ အမ်ဂျီအိုမှာလည်း ၀င်လုပ်ရင်လုပ်နိုင်တာပဲ။ ဘာပြောနိုင်သေးတာမှတ်လို့။
ကျနော်တွေးထားတယ်ဗျ။ ကျနော်ဘယ်သူ့ကိုမှ မင်းကြီးလာရင် ကျောင်းပြီးရင် အနာဂတ် ဘာ လုပ်မှာလဲလို့မမေးတော့ဘူး။ အကုန်ဗျာ။ ကျနော့်ညီမလေးကိုလည်း မမေးတော့ဘူး။ အခု ဆယ်တန်း တက်နေတဲ့ ညီလေးကိုလည်း မမေးတော့ဘူး။ ဟုတ်တယ်လေ။ ဘာမှသေချာကြိုပြောလို့ရတာ မဟုတ်ဘူး။ ကျနော်မိန်းမယူပြီး ကလေးတွေဘာတွေရလာရင်လည်း ကျနော့်ကလေးတွေကိုသားကြီးလာရင် သမီးကြီး လာရင် ဘာလုပ်မှာလဲဆိုတဲ့ ကြောင်တောင်တောင်မေးခွန်းမျိုး ကျနော်ဘယ်တော့မှ မမေးဘူးဗျာ။ ကျနော်စိတ်ကူးထားတွေဗျ။ မင်းကြီးလာရင် ဆိုတာမျိုးက သိပ်မနပ်ဘူး မဟုတ်လားဗျာ။ ခင်ဗျားတို့ထင်ချင်သလိုထင်ကြတော့။ ကျနော်ကတော့ ဆုံးဖြတ်ပြီးသားပဲ။

ဝေမြင့်မောင်
၂၀၁၆ သြဂုတ် ၂၀














Comments