Friday, August 5, 2016

k

သစ်ခက်သံလွင်၊ ဘဝဖြတ်သန်းမှုမှတ်တမ်းများ၊ စိုးလွင်(၂၁၁)(ဝမ်ခ) ရဲ့ ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ-၈၈

 ကြမ်းကြမ်းတမ်းတမ်း ဘ၀လမ်းများ-၈၈..

၁၉၈၈ -ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်အာဏရှင်စနစ် အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်လှန်​​ရေးခရီးလမ်းတလျှောက် ကျနော်ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများ ကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်များအား အမှတ်ရဂုဏ်ပြုခြင်းအဖြစ်​​သော်လည်းကောင်း၊ နောင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ်မျိုးဆက်သစ်များ သိရှိလေ့လာနိုင်ရန်အတွက်သော်လည်းကောင်း..သစ်ခက်သံလွင်အွန်လိုင်းမှ တဆင်ရေးသားတင်ဆက်လိုက်ပါသည်။ 
 စိုးလွင်
(၂၁၁) (၀မ်ခ)
  

မိုးမခ

... ထွက်လာပြီး မိနစ်၂၀ အလောက်အကြာမှာ ကျနော်အရှေ့ခပ်လှမ်းလှမ်းက လူရိပ်မြင်လိုက် လို့ အောင်စိုးထွေးကိုအချက်ပြလိုက်တာနဲ့ သူလည်း သစ်ပင်အကွယ်မှာ နေရာယူလိုက် တယ်။ ကျနော်လည်း ကျောက်နံရံဘေးမှာ ကပ်နေလိုက်တယ်။ ရှေ့က လာနေတဲ့သူလည်း ကျနော့်နားရောက်ရော.. သူ့ရဲ့လည်ပင်းကို ဘယ်လက်နဲ့ဖက် ညာလက်ကသေနတ်နဲ့ သူ့နားထင်ကို ထောက် ထားလိုက်တယ်. ပြီးတော့ ကရင်ဘာသာစကားနဲ့ ကျိုးဖိုး ကျိုးဖိုး (ဗမာလို့ပြောရင် ကျောင်းသား) လို့ ပြော...

အသက်ကို ဖက်နဲ့ထုပ်၍

KNU တပ်မဟာ ၃ ရင်း ၇ က တပ်စုတစုနဲ့ ကျနော်တို့ကျောင်းသားတပ်စုတစု တပ်ရင်း ၈ နယ်မြေမှာ စစ်ကြောင်းတကြောင်း ဖွဲ့ဖြစ်တယ်။ ဖွဲ့ဖြစ်တော့ ကျနော်တို့ကျောင်းသားတပ်ဖွဲ့ရဲ့တပ်စုမှူးဝင်းချိုက ဒုစစ်ကြောင်းမှူးဖြစ်သွားပြီး ကျနော်က တပ်စုမှူးဖြစ်လာတယ်။


ရင်း ၈ နယ်မြေထဲမှာ ကျနော်တို့တာဝန်ထမ်းနေတာ လပေါင်းများစွာကြာပါပြီ။ KNU ကေအန်ယူက ကျနော်တို့ကို ဆန်ထောက်ပံ့ပြီး ဟင်းအတွက်ကတော့ ကိုယ်ဟာကို ရှာစားပေါ့လေ။ KNU က ရဲဘော်တွေ တောပစ်ထွက်လို့ သားကောင်တွေရလာရင်တော့ အူစိုတဲ့နေပေါ့။ အများအားဖြင့်ရတတ်တာက တောဝက်၊ ဆတ်၊ မျောက်၊ ၀က်ဝံတွေပဲ။ 

ရလာတဲ့အသားကို ဆား နနွင်းနဲ့နယ်ပြီး ဆီမပါပြားမပါ ရေလုံပြုပ်ရတာပဲ။ ချက်ပြီးလို့ ခွဲတမ်းချရင် ရဲဘော် တယောက်ကို လက်နှစ်သစ်လောက်ရှီတဲ့အသား နှစ်တုံး သုံးတုံးလောက်တော့ ရတတ်တယ်။ ကျနော်က လူတမျိုး..အသားမပါဘဲ ထမင်းစားရတဲ့နေ့မျိုးဆို တော်တန်ရုံစားပေမဲ့ အသားပါတဲ့နေ့မျိုးဆို ဗိုက်ကာအောင် စားတတ်တယ်။ တခါတလေ ကိုယ်ကမ၀သေးလို့ ထပ်စားချင်၊ ဟင်းကလည်း ကုန်ခါနီးပြီဆိုရင်..ဟင်း မကုန်အောင် ၀ါးပြီးမျီုချလိုက်တဲ့အသားကို အာခေါင်ထဲက ပြန်ဆွဲထုတ်၊ နောက်ထမင်းလုပ်နဲ့ အတူ ပြန်စား။
ဒီလိုနဲ့ဆွဲထုတ်လိုက် ပြန်စားလိုက်နဲ့ ..လေးကြိမ်မြောက်လောက်ဆို ပြန်ဆွဲထုတ်လို့မရတော့ဘူး။ အသားက ၀ါးပါများတော့ ကြေကုန်ပြီလေ။
ဒီလိုအစားအသောက်ဆင်းရဲရတဲ့ကြားထဲ ခရီးထွက်ပါများလို့ ကျနော့်တပ်စုတစုလုံးရဲ့ တောစီးဖိနပ်တွေ တယောက်မှအကောင်းမရှိတော့ဘူး။ တချို့ဖိနပ်တွေကို ပြန်ချုပ်ပြီး စီးလို့ရပေမဲ့ အတော်များများဖိနပ်တွေ က ပြန်ချုပ်ပြီးစီးလို့မရတော့လို့ ညှပ်ဖိနပ်တွေစီးနေရပြီး.. မြစ်ချောင်းပေါတဲ့ဒေသဖြစ်လို့ ရွံ့နွံတွေနဲ့ ညှပ်ဖိနပ်နဲ့ဆို ခရီးမတွင်တော့ဘူး။

ဒါနဲ့ပဲ ရိက္ခာဖိုးမရရင်နေပါ..ဖိနပ်ဖိုးတော့ ပေးပါလို့ ဗဟိုကို လှမ်းတောင်းရတော့တာပေါ့..။
၂ လလောက်နေတော့ ဖိနပ် ၆ ရံစာပဲ ဗဟိုကပို့ပေးလာတယ်။ တတ်နိုင်ဘူး။ ရသလောက်ပဲဆိုပြီး စခန်းနဲ့ ၃ နာရီခရီးအကွာမှာရှီတဲ့ကနစိုပင်ရွာကိုသွားပြီး ကုန်သည်ကို ဖိနပ်မှာရတယ်။
ကုန်သည်ကလည်း ဖိနပ်ကို ဇရပ်ကြီးမြို့မှာသွားဝယ်ရတာ။ စစ်တပ်က ခိုးရောင်းတဲ့ဖိနပ်တွေကို ၀ယ်ရတာ။ သူပုန်တွေကို ပြန်ရောင်းမယ်လို့တော့ ဘယ်ပြောမလဲ။
ကုန်သည်နဲ့ရက်ချိန်းတွေလုပ်ပြီး စခန်းကိုပြန်လာစောင့်ပေါ့။ ရက်ချိန်းပြည့်တော့ ဆေးမှူး အောင်စိုးထွေး (တပ်ရင်း ၂၁၄) (အောင်စိုးထွေးက ဖြူးမြို့သား) နဲ့ ကနစိုပင်ရွာ ဆင်းဖို့စီစဉ်တုန်း ရန်သူစစ်ကြောင်း ၀င်လာမယ်လို့သတင်းရရော..ကုန်သည်နဲ့ကလည်း ချိန်းထားပြီးဖြစ်ပြန်၊ ရန်သူကလည်း မရောက်လာသေး ဆိုတော့၊ အမြန်သွား အမြန်ပြန်မယ်ဆိုပြီး မနက်စောစော အောင်စိုးထွေးနဲ့အတူ ကနစိုပင်ရွာကို မပြေးရုံ တမယ် ဆင်းချသွားလိုက်တယ်။
ရွာရောက်လို့ ကုန်သည်ကိုစုံစမ်းတော့ ကုန်သည်က မရောက်သေး။
၂ နာရီလောက် နောက်ကျပြီးမှ ကုန်သည်ကရောက်လာ..ငွေချေ၊ ဖိနပ်ယူပြီး အမြန်ပြန်ပေါ့..။ ကုန်သည်က နေလည်စာစားပြီးမှပြန်ဖို့ပြောပေမဲ့ အရင်လိုနေတဲ့အတွက် စခန်းရောက်မှစားမယ်ဆိုပြီး ပြန် တက်လာခဲ့ကြတယ်။
စခန်းရောက်တော့ ကျနော်တို့နှစ်ယောက် အမော့ဆိုပါပြီ။

သေနတ်တွေ၊ အီကွေ့မင့်တွေ၊ ကျောပိုးအိတ်တွေ ဖိနပ် ၃ ရံစီလွယ်ပြီး အမြန်တက်လာတဲ့ ကျနော်တို့နှစ်ယောက် စခန်းရောက်တော့ ကျနော်တို့ကျောင်းသားရဲဘော်တွေ မတွေ့တော့ဘူး။ ထမင်းဆာဆာနဲ့ စခန်းရောက်ရင် စားမဟဲ့ဆိုတဲ့ရည်မှန်းချက်လည်း ပျက်ပါပြီ။
စခန်းမှာကျန်နေတဲ့ KNU ခွဲ(၁) မှူး ဗိုလ်တကိုမေးတော့ ကျနော်တို့ကျောင်းသားအဖွဲ့ ရင်း ၈ တပ်ရင်းဖြစ် တဲ့ နွားလေးခိုကို ထွက်သွားကြောင်းသိရတယ်။ နွားလေးခိုကို လိုက်သွားမယ်လို့ စီစဉ်ပြန်တော့ လမ်းမှာ ရန်သူရောက်နေပြီးပြောလို့ အစီစဉ်ကိုဖျက်ရပြန်တယ်။ ဒါနဲ့ပဲ ဗိုလ်လေတိုတို့အဖွဲ့နဲ့ပူးပေါင်းဖို့ ဗိုလ်တနဲ့အတူ လိုက်သွားလိုက်တယ်. ဆုံရပ်ရောက်တော့ ဗိုလ်လေတို့အဖွဲ့တွေကို ၆၀ မမ စိန်ပြောင်းတလက်နဲ့ အတူတွေ့ရတယ်။ စိန်ပြောင်းမပစ်ဘူးပေမဲ့ ၀မ်ခမှာနေတုန်းက ဗိုလ်လှဝေတို့၊ တင်ရွှေတို့ ပစ်တာမြင်ဖူး ထားတော့ ဗိုလ်လေတိုတို့စိန်ပြောင်းကိုကြည့်ရတာ အားမရလှပါ။
ကျည်အသီးတွေက သံချေးလိုက်နေတာ တွေ့ရတယ်။ ဒီလိုနဲ့ သူတို့ခေါ်တဲ့နောက် လိုက်သွားပေါ့လေ။ တနေရာရောက်တော့ လက်နက်ကြီးပစ်မယ်လို့ ပြင်ကြပါလေရော။ ညနေကလည်း စောင်းနေပြီ။
ကျနော်တို့ကျောင်းသားရဲဘော်နှစ်ယောက်လည်း ဗိုက်ဆာလွန်လို့ သူတို့လုပ်တာတွေလည်း စိတ် မ၀င်စားနိုင်တော့ဘူး။ ကိုယ့်နဲ့လည်း မဆိုင်ဘူးလေ။ ဒါပေမဲ့ ဆိုင်ရပြန်အုံးမယ်။
ကြည့်ပါ။ ၆၀ မမစိန်ပြောင်းအထိုင်ခုံကိုချနေတဲ့သူက ရည်းစားမျက်နှာ သနပ်ခါးလိမ်းပေးသလို ဖွဖွလေးအထိုင်ချနေတယ်။ ။ သူတို့ကိုကြည့်ပြီး ကျနော်သိလိုက်ပါပြီ။ သူတို့တွေမကျွမ်းကျင်ဘူးဆိုတာ။
ဒါနဲ့ပဲ အမြင်မတော်တာရော မြန်မြန်ပြီးမြန်မြန်အေးဆိုတဲ့သဘောနဲ့ ကျနော်ဝင်ပါပါပြီး..၆၀ မမ အထိုင်ခုံ ကိုမ၊ မြေမှာဆောင့်ချ။ အထိုင်ကျပြီးဆိုမှ ပြောင်းနဲ့ဒေါက်ကိုယူပြီးတပ်။ ပြီးတော့ သံလိုက်အိမ်မြှောင်ပါ သလားမေးလိုက်တော့ မရှိဘူးတဲ့။
ကဲ မထူးဘူး..ဘယ်ကိုပစ်မှာလဲမေးလိုက်တော့ ရှေ့ကိုက်၂၀၀ လောက်မှာရှိတဲ့ ငှက်ပျောပင်အုပ်ကို ညွှန်းပြ တယ်။ ဒါနဲ့ပဲ စိန်ပြောင်းကို ၆၀ ဒီဂရီလောက်ထားပြီး ငှက်ပျောပင်အုပ်တည့်တည့် ချိန်ထားပေးလိုက်တယ်။
(ဒါတောင် ဗိုလ်လေတိုက ပြောသေးတယ်...သူက အင်္ဂလိပ်ပေးတဲ့ သင်တန်းဆင်းတဲ့)

ကဲ .. အဆင်သင့်ဖြစ်ပြီး ပစ်ကြတော့ဆိုတော့လည်း ကျည်သီးကိုင်ပုံတွေကလည်း မဟုတ်ကြပြန်။ အသီးထိပ်ကနေ အုပ်ကိုင်နေကြတယ်။ ပင်ဖြုတ်ထားတဲ့အချိန်များ ဖိကိုင်မိရင် သေလိုက်ကြမည်ဖြစ်ခြင်း။
ကျနော်လည်း ဗိုက်ဆာလွန်တာနဲ့ ဘာမှထပ်မပြောတော့ဘူး။ သေလည်း အေးတာပဲပေါ့။
ဒါနဲ့ ပထမတလုံး စပစ်တယ်။ ထွက်သွားတယ် မကွဲဘူး။ နောက်တလုံးပစ်တယ်။ မထွက်ဘဲ ပြောင်းထဲမှာ ရုန်းနေတယ်။ အကုန်လုံးထွက်ပြေးကြရော။
ခဏနေတော့ ကျည်အသီးကို ပြန်ထုတ်ဖို့ လုပ်ကြရော။ ဒီမှာလည်း တွေ့ပြန်ပြီ။ စိန်ပြောင်းသီးတွေရဲ့ထိပ်ကို ဖိမိလို့မတော်ရင် ကွဲမှာကို စိန်ပြောင်းထိပ်က လက်နဲ့ပိတ်ပြီး အသီးကိုသွန်ချတယ်။ ကျနော်လည်း ပြေးသွားပြီး နည်းလမ်းတကျထုတ်တတ်အောင်ပြပေး။
ပြီးတော့ ငါကိုယ်တိုင်ပဲပစ်တော့မယ်လေဆိုပြီး တလုံးပစ်လိုက်တာ ကံကောင်းထောက်မစွာ ထွက်သွားပြီး ကွဲသွားတယ်။ အားလည်းတက်သွားတယ်။
ဒါပေမဲ့ နောက်အသီးတွေက မထွက်တဲ့အလုံးနဲ့ထွက်သောလည်း မကွဲတဲ့အလုံးနဲ့ စခန်းသိမ်းသွား တယ်။ ဒါနဲ့ပဲ သေနတ်တွေသိမ်းပြီး စခန်းချမယ့်နေရာပြန်ရောက်တော့ ည ၉ နာရီလောက် ရှိပြီ။ ထမင်းစားရတော့ ည ၁၁ နာရီထိုးပြီ။
အဆာလွန်သွားလို့ မစားနိုင်တော့ဘူး။ စားပြီးလို့ ပင်ပမ်းလွန်တာနဲ့အိပ်လိုက်တာ မနက် ၂ နာရီ လောက် လာနိုးလို့ကြည့်လိုက်တော့ KNU ရဲဘော်လေး..ဘာလဲလို့မေးကြည့်တော့ ကင်းအလှည့်တဲ့။ 

ငါက ကျောင်းသားတပ်စုမှူးကွ။  ဗိုလ်ကွ မစောင့်နိုင်ဘူးလို့ပြောလိုက်တော့..အောင်စိုးထွေးကို သွားနိုး တယ်။ သူလည်း ဆေးမှူးကွ မစောင့်နိုင်ဘူးလို့ပြောလိုက်တော့.. KNU ရဲဘော်လေးလည်း ကုပ်ကုပ်နဲ့ လစ်သွားလေရဲ့..။
မနက်မိုးလင်းတော့ ဗိုလ်တတို့နဲ့အတူထွက်လာလိုက်တာ တဲအိမ်စုတခုဆီ ရောက်သွားတယ်။ ကျနော်တို့နှစ်ယောက်ကို ရွာသားတယောက်နဲ့အတူ ဒီနေရာမှာထားခဲ့မယ်လို့ ဗိုလ်တပြောတယ်။ ကျနော်တို့ရဲဘော်တွေရှိရာ နွားလေးခိုကို ကျနော်တို့သွားလို့ရလာမေးတော့..လမ်းမှာ ရန်သူနဲ့လည်း တွေ့နိုင် တယ်။ KNU အဖွဲ့ငယ်လေးတွေနဲ့လည်း လူမှားပြီးပစ်ခတ်နိင်တဲ့အတွက် မသွားဖို့ပြောတယ်။ ဗိုလ်တတို့ ကျနော်တို့ထားပြီးထွက်သွားတော့ ကျနော်စဉ်စားရပါပြီ။

သူတို့ထားခဲ့သောနေရာသည် လုံခြုံသော်လည်း သေနတ်ရှိရဲ့နဲ့ ငုပ်တုတ်နေနေရမှာကို ကျနော်မလိုလားပါ။
ကျနော်တို့ရဲဘော်တွေနဲ့အတူတကွ သေအတူ ရှင်မကွာ ရန်သူကိုတိုက်ချင်သည်။ ဒါဆို ဘယ်လို လုပ်မလဲ။ ကျနော်တို့ရဲဘော်တွေရှီရာ နွားလေးခိုကို သွားရမည်..လမ်းမှာ ရန်သူနဲ့လည်း တွေ့နိင်တယ်။ KNU နဲ့တွေ့ပြီး လည်း မှားပစ်ခံရနိုင်တယ်။ (ကျနော်တို့ပုံစံတွေနဲ့ စစ်ဝတ်စုံဟာလည်း ရန်သူနဲ့သိပ်မကွဲဘူး)
ကျနော်တို့နှစ်ယောက်မှာ ကျနော်ဟာ တာဝန်အရှီဆုံးနဲ့ ကိုယ့်ဆုံဖြတ်ပိုင်ခွင့်နဲ့ လုပ်နိုင်ပေမဲ့.. ဒီလမ်းကို သွားရင် ရန်သူနဲ့ရော ကိုယ့်မဟာမိတ်နဲ့ရော တိုက်ပွဲဖြစ်နိုင်တယ်။ ကိုယ်တွေက နှစ်ယောက်ထဲမို့ သေဖို့လမ်းများသည်အတွက် အောင်စိုးထွေးကို တိုင်ပင်ကြည့်တယ်။
ငါသွားချင်တယ်၊ မင်းရောသွားချင်လား မေးကြည့်တော့ အကို့သဘောတဲ့။ ငါ့သဘောမလုပ်နဲ့ မင်းရော သွားချင်လာ ပြန်မေးတော့..သူလည်း ဒီမှာမနေချင်ဘူးတဲ့၊ ရဲဘော်တွေရှီရာ နွားလေးခိုကို သွားချင်တယ်တဲ့။ ဒါဆို ဟုတ်ပြီး သွားကြမယ်ဆိုတော့ ကျနော်စဉ်းစားရပြန်ပြီ။

တကယ်ဆို ကျနော်က တပ်စုမှူး သူကရဲဘော်ဖြစ်တော့ သူကို ပွိုင့်သွားခိုင်းရမှာ။ ဒါပေမဲ့ ကျနော်က အသက် အထိုက်အလျောက်ရပြီ၊ လောကအကြောင်း တချို့တ၀က်သိနေပြီ။ သူက အဲဒီအချိန်မှာ ၂၀ ပတ်ဝန်းကျင်   လောကအကြောင်း ဘာမှမသိသေး။
မြို့မှာနေတုန်း ရည်းစားတောင် ထားဖူးခဲ့ရဲ့လားမသိ။
ဒါဆို ပထမဆုံးသေသင့်သည်မှာ ကျနော်....။
ဒါနဲ့ ရှေ့ခရီးမဆက်ခင်မှာ သူ့ကိုအပြီးသတ်မှာရပြီး...ငါ ရှေ့ကသွားမယ်။ မတော်လို့တိုက်ပွဲ့ဖြစ်ခဲ့ရင်…
  
(၁) တိုက်ပွဲဖြစ်လို့ ငါကျသွားရင် မင်း ပစ်ပြေးပေတော့..။
(၂) ငါ ဒဏ်ရာရလို့ မပြေးနိုင်ခဲ့ရင် မင်းကို ငါ ကာပစ်ပစ်ထားပေးမယ် မင်းပြေးပေတော့ (သံယောဇဉ်တွယ်ရင် နှစ်ယောက်လုံးသေမှာ)...
(၃) ငါ ဘာမှမဖြစ်ရင် ငါ့ကို ကာပစ်ပစ်ထားပေး၊ ငါဆုတ်လာပြီး မင်းနဲ့အတူ ပြေးကြမယ်။

ကဲ ဒါဆိုသွားကြမယ်ဆိုတော့..ကျနော် လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရအောင် ကျနော်ထမ်းထားတဲ့ ဖိနပ်သုံးရံထဲကနှစ်ရံကို သူ့ကိုပေးလိုက်တော့..သူက ပေါင်း ငါးရံ ထမ်းလိုက်ရတာပေါ့။ မတတ်နိုင်ဘူးလေ။ သေရေးရှင်ရေးဆိုတော့ ဒီလောက်တော့ အပင်ပမ်းခံရမှာပေါ့။
ကျနော်လည်း နားရောမျက်စိရောဖွင့်ပြီး တလှမ်းချင်းတက်ခဲ့တယ်။
အံ့သြစရာကောင်းတာက အဲဒီအချိန်တုန်းက စိတ်လုံးဝမလှုပ်ရှားဘဲ တည်ငြိမ်စွာလှုပ်ရှားခဲ့တာပဲ။ ထွက်လာပြီး မိနစ်၂၀ အလောက်အကြာမှာ ကျနော်အရှေ့ခပ်လှမ်းလှမ်းက လူရိပ်မြင်လိုက် လို့ အောင်စိုးထွေးကို အချက်ပြလိုက်တာနဲ့ သူလည်း သစ်ပင်အကွယ်မှာ နေရာယူ လိုက်တယ်။ ကျနော်လည်း ကျောက်နံရံဘေးမှာ ကပ်နေလိုက်တယ်။ ရှေ့ကလာနေတဲ့သူလည်း ကျနော့်နားရောက်ရော.. သူ့ရဲ့လည်ပင်းကို ဘယ်လက်နဲ့ဖက် ညာလက်ကသေနတ်နဲ့ သူ့နားထင်ကို ထောက် ထားလိုက်တယ်. ပြီးတော့ ကရင်ဘာသာစကားနဲ့ ကျိုးဖိုး ကျိုးဖိုး(ဗမာလို့ပြောရင် ကျောင်းသား) လို့ ပြော...ကိုယ်ကလည်း ကရင်စကား ဒီလောက်ပဲရတော့ ကိုယ့်ထက်ပိုပြောတတ်တဲ့ အောင်စိုးထွေးကို လှမ်းခေါ်ပြီး ပြောခိုင်းရသေး တယ်. အောင်စိုးထွေး ရှင်းပြနေတဲ့ချိန်မှာ ကိုယ်ကလည်း အင်္ကျီလက်မောင်း တံဆိပ်ကိုပြပြီး ကျောင်း သားဖြစ်ကြောင်းပြောရသေးတယ်။ ဒီကရင်က ပထမတော့ ရုန်းတာပေါ့။ ကျနော်ကလည်း မလွတ်တမ်း ဖက်ထား၊ အောင်စိုးထွေးက ရှင်းပြနဲ့မှ ငြိမ်သွားတယ်။ 

သူယုံပြီဆိုမှ KNUတွေ ရှိတဲ့နေရာ လိုက်ပို့ခိုင်းရတယ်။ KNU တွေလည်း ကျနော်တို့နှစ်ယောက်ကို ။ တွေ့တော့ အံ့သြနေကြတယ်သူတို့ကလည်း လမ်းမှာဘာထူးခြားလဲမေး။ ကျနော်တို့ကလည်း ရှေ့မှာ KNU တွေရှိသေးလာလို့မေးတော့ ရှိသေးတယ်တဲ့။ စက်နဲ့ဆက်ပြီး ပြောထားပေးလို့ရမလားဆိုတော့.. ဘယ်အဖွဲ့တွေရှိမှန်းမသိတဲ့အတွက် မရဘူးတဲ့။ မတတ်နိုင်ဘူးလေ ဆက်သွားရုံပေါ့..။
ကိုယ်တွေအဖြစ်က ဆိုးတယ်။ ရန်သူလည်း ကြောက်ရ။ အချင်းချင်းလူမှားပစ်မှာလည်း ကြောက်ရ။ ဒါနဲ့ပဲ နှစ်ယောက်သား ဆက်ထွက်လာပြန်ပေါ့။ သိပ်မကြာဘူး လူရိပ်မြင်လို့ အချက်ပြပြီး ပုန်းကြပြန်ရော..။
လာပြန်ပြီး နောက်ကရင်တယောက်။
ပထမတခါလိုပဲ ဖမ်းပြန် မေးပြန်.။
သူကဆင့် KNU နောက်တဖွဲ့နဲ့တွေ့ပြန်...။ ဒီတခါတော့မဆိုးဘူး...သူတို့က အကူညီပေးတယ်..။ ရှေ့ဆက် သွားရင် နွားလေးခိုရောက်မယ်။ ကင်းသမားကို စက်နဲ့လှမ်းပြောထားပေးမယ်လို့ ပြောတယ်..။ သူတို့က လှမ်းပြောထားပေးမယ်ပြောပေမယ့်လည်း ကိုယ်တွေကတော့ သတိနဲ့ သွားရတာပဲ..။ တချက်မှားရင် အသက်ထွက်သွားမှာကိုး..။
ဒီလိုနဲ့နောက်ဆုံးမှာ နွားလေးခိုကို အောင်မြင်စွာရောက်ရှိသွားသည်ပေါ့…
ကျနော်တို့နှစ်ယောက်ထဲ ဒီလမ်းကိုဖြတ်လာတာ KNU တွေက အံ့သြနေကြတယ်…။ သတ္တိရှိတယ်လို့များ တွေးနေကြမလာ..မိုက်ရှုးရဲတယ်လို့ တွေးနေကြမလားမသိ...။ ကျနော်တို့နှစ်ယောက် ဘေးမထိရန်မခဘဲ လိုရာပန်းတိုင်ရောက်လာရတာကိုပဲ ကျနော့်စိတ်ထဲမှာ ကျေနပ်နေမိတယ်..
 

ကျနော်တို့ နွားလေးခိုရောက်တော့ ကျနော်တို့အဖွဲ့တွေ တခြားနေရာရောက်နေလို့ မတွေ့ရ ဘူး။ နှစ်ရက်လောက်နေတော့မှ ဗိုလ်တနဲ့အတူ ပြန်ရောက်လာကြတယ်။ ကျနော်ကိုတွေ့တော့ ဗိုလ်တခင်ဗျာ သူ့စကားနားမထောင်ရကောင်းလာဆိုပြီး တဖျစ်တောက်တောက်နဲ့...။ သူ့စေတနာကို နားလည်ပေမဲ့ ကိုယ်တွေက သေနတ်ကိုင်ပြီး ပုန်းမနေနိုင်ဘူးလေ..

စိုးလွင်(၀မ်ခ)(၂၁၁)



ကျနော်ဆေးမှူး

ဝမ်ခ(ဟောင်း)က ဆုတ်ခွာလာတဲ့ကျနော်တို့တတွေ ၀မ်ခ(သစ်)မှာရှိနေတဲ့ ရဲဘော်တွေနဲ့ ပြန် လည် ပေါင်းစည်းမိကြပါပြီ။

စခန်းကိုရောက်ရောက်ခြင်း ဆေးမှူးကိုသိန်းထွန်း(မြောက်ပိုင်းတွင် ထောက်လှမ်းရေးဟု မှားယွင်းစွပ်စွဲ ဖမ်းဆီးခံရပြီး လွတ်မြောက်လာသူ) ရဲ့လက်ထောက်အဖြစ် ၀ိုင်းကူညီ။ နောက်တော့ ကိုသိန်းထွန်း က မြောက်ပိုင်းကို တာဝန်နဲ့ထွက်သွားတော့ ဆေးမှူးအဖြစ် တာဝန်ယူရတယ်။ ကျနော်က ဆေးသင်တန်း လည်း တက်ထားတာမဟုတ်၊ ဒေါတ်တာသောင်းထွန်း တပ်ရင်းမှာရှိစဉ်တုန်းက လူနာကုရင်း သင်သွား တာရယ်၊ ကိုသိန်းထွန်းသင်ပြပေးတာတွေနဲ့ ကုရတာပါ။ အဓိကကတော့ ဌက်ဖျားဖြစ်ရင် ဘယ်ဆေးပေးရမယ်…ဆေးဘယ်လိုထိုးရမယ်.. ဒရစ်ဘယ်လိုသွင်းရမယ်..အကြောဆေး ဘယ်လို ထိုးရမယ် ဆိုတာ သိထားတာပါပဲ။

ဒီလိုအသိလေးနဲ့ကုရင် တွေ့ရတဲ့အလွဲပေါင်းများစွာကိုပြောရရင် …မြင့်အောင်(ချက်ကြီး) ငှက်ဖျား တက်လို့ ဒရစ်ချိပ်တာမှာ.. အားဆေးဗူးထဲကို ကွီနင်တွေထိုးထည့်ပြီး အမြန်သွင်းလိုက်တာ.. မကြာပါဘူး မြင့်အောင် တယောက် ဆေးမူးပြီး အံလိုက်တာ မသေရုံတမယ်ပါပဲ။

ကျနော့်ကို မြင့်အောင် ထမသတ်တာ ကံကောင်။

နောက်တယောက်က ကရင်တိုင်းရင်သားလေး။

သူ့အဖေက သူ့သား အားဆေးသွင်းချင်လို့လာခေါ်တာပါ။ ကျနော်လည်း ငှက်ဖျားပျောက်ခါစမို့ အားမရှိ။ ဒါနဲ့လိုက်သွားပြီး အားဆေးသွင်းဖို့ ဆေးပုလင်းထဲက ဆေးကိုစုပ်တာ..အားမရှိလို့ လက်တွေတုန်နေတာကို လူနာရှင်ကြည့်တဲ့အကြည့်က..အားမနားတတ်ရင် သူ့သားချီပြီး ထွက်ပြေးချင်တဲ့ပုံမျိုး…..နောက် တယောက်က အောင်သန်း(ဇာသပြင်)..

ဆေးထိုးချင်လို့တဲ့..ရတာပေါ့။

ဒါနဲ့ ဆေးစုပ်ပြီးထိုးချလိုက်တာ ဆေးထိုးအပ်ဝင်သွားပုံကိုကြည့်ပြီး သိလိုက်ပြီ။ ဆေးစုပ်ပြီး ထိုးမယ့်အပ်မလဲဘဲ စုပ်အပ်နဲ့ပဲ ထိုးချလိုက်မိပြီဆိုတာ။

ဒါနဲ့ပဲ အပ်ပြန်နှုတ်လိုက်တော့…အောင်သန်းကပြောရှာပါတယ်။

ကိုစိုးလွင် ဒီတခါထိုးတာ နာတယ်နော်..တဲ့။

(အရင်ထိုးတုန်းက မနာတဲ့သဘော)(ဂုဏ်ယူစရာပေါ့)

ဒါနဲ့ ကျနောလည်း ခပ်တည်တည်နဲ့ပဲပြန်ပြောလိုက်တယ်။

အေးကွ..ဒီတခါဆေးပြင်းတယ်ကွ လို့။

အမှန်အတိုင်းတော့ ကိုယ်လည်း ဘယ်ပြောရဲမလဲ။ ဟိုက ကိုယ့်ထက်အကောင်ကြီးတာ.. အဗြင်းခံရရင်မလွယ်ဘူး။

နောက်တယောက်ကတော့ အောင်သန်းအဖြစ်နဲ့ ဆင်တူရိုမှား။

သူကိုလည်း ဆေးထိုးရတာပဲ။ ဒီတခါတော့ အပ်လဲမိပေမဲ့ အပ်ထိပ်ဖျားက နည်းနည်းလေးကောက်နေပုံရတယ်။ လူနာဖင်ကိုထိုးချလိုက်တာ အပ်ထိုးတာနဲ့မတူဘဲ တံဇင်နဲ့ထိုးချသလိုပဲ။ တဗျစ်ဗျစ်နဲ့ အသားထဲကိုဝင်သွားတာကို မြင်နေရတယ်။

ဒီလူလည်း ကျနော့်ဆေးခန်းကိုလာတာ နောက်ထပ်မတွေ့ရတော့ဘူး။ ကျန်မာရေးတသက်လုံးကောင်းသွားပုံရတယ်။ ဆေးစွမ်းပုံများနော်…။

နောက်တခါကတော့ အုပ်စုလိုက်။


ငပိကြီးပဲနေတိုင်းစားရလို့လား..သန့်ရှင်းရေးပဲ ညံ့ဖျင်ကြလို့လားမသိဘူး။ ရဲဘော်တော်တော်များများမှာ ၀ဲပေါက်ကြတယ်။ ဒီတော့ တယောက်ကို ၀ဲဆေး ၂ စီစီထိုးပေးရပါမယ်။ တယောက်ချင်းဆီထိုးပေးရရင် ..၂ စီစီစုပ်လိုက်၊ အပ်လဲလိုက် ထိုးလိုက်နဲ့ဆိုတော့ လူအယောက် ၂၀ လောက်မှာ ကျနော်လက်ညောင်းပြီပေါ့။

ဒါနဲ့ရွှေဉာဏ်တော်စူးရောက်ပြီး လူ ၁၀ ယောက်စာ ၂၀ စီစီပြွန်နဲ့စုပ်။ တယောက်ချင်းဆီခေါ်ပြီး အပ်မလဲဘဲ (အပ်ရှားပါးတာရော..အပ်လဲဖို့ ကိုယ်သောက်ပျင်းထူတာရော) ၂ စီစီဆီ ထိုးပေး လိုက်တယ်။ အဲဒီအချိန်က AIDS အေအိုင်ဒီအက်စ် မပေါ်သေးလို့ထင်တယ်။ တယောက်မှဖြစ်သံ မကြားရဘူ။ အခုဒီလူတွေ နိုင်ငံခြားတွေရောက်ကုန်ကြပါပြီ။ ကျနော့်အကြောင်းတွေးပြီးများ ကျေးဇူးတွေ တင်နေမလား…တင်နေလေမလား။

စိုးလွင်(၀မ်ခ)(၂၁၁)



စစ်လည်း တိုက်၊ ၀မ်ရေးလည်း လုပ်

“ နွေရောက်လာပြီ။ ရန်သူက မီးလောင်ဗုံးတွေ ပစ်တော့မယ်။ မင်းရဲ့ဘန်ကာအမိုးတွေ ဖျက်ထားတော့” လို့ အတူနေအဘဗိုလ်မန်းဘိုက သတိပေးတယ်။

ဒါနဲ့ပဲ နောက်နေ့မနက် ၄ နာရီလောက်ထ၊ ကိုယ့်အရှေ့တောင်ကုန်းမှာကလည်း ရန်သူက ပွိုင့်ဖိုက်  စက်သေနတ်ကြီးနဲ့ 76 နောက်ပွင့်ရိုင်ဖယ်က ဆင်ထား။ တပ်စိတ်မှာကလည်း အသက်အကြီးဆုံးနဲ့ တာဝန်အရှိဆုံးက ကိုယ်ပဲဖြစ်နေတော့..ကြောက်ကြောက်နဲ့ပဲ ဘန်ကာအမိုးပေါ်တက် အမိုးကို ဖြည်းဖြည်းဖျက်ချ။။ ရဲဘော်တယောက်ကိုတော့ ရန်သူပစ်မှာကို ကြည့်ခိုင်းထားရတယ်။

ပွိုင့် 5 ပစ်ရင် ကျည်ဆံလာရာလမ်းကြောင်းက မီးတန်းကြီးဖြစ်နေတော့..မီးကျည်တန်းမြင်ရင် ရဲဘော်က သတိပေး။ ကိုယ်ကခုန်ဆင်း ၀ပ်နေတော့ပဲ။ ရန်သူကလည်း ဘယ်အချိန်ကထဲက ချောင်းနေလည်းမသိဘူး။ ဖျက်လို့ တ၀က်လောက်လည်းရရော ပစ်တော့တာပဲ..။ ကိုယ်တွေအတွက်ကံကောင်းတာက နောက်ပွင့်ရိုင်ဖယ်မပစ်တာဘဲ..၊ ပစ်ရင် မချောင်ဘူး..ဒီလိုနဲ့ပဲ ပစ်ရင် ခုန်ချပုန်းလိုက်၊ အပစ်ရပ်ရင် တက်ဖျက်နဲ့ မိုးလင်းတော့လည်း ဖျက်တာ ပြီးသွားတာပဲ။

နောက်တနေ့.. ကျနော့်ကင်းအလှည့်က မနက်၂ နာရီက ၄ နာရီ။

ကင်းအလှည့်ပြီးတော့ ၄ နာရီကနေ ၆ နာရီအထိတာဝန်ကျတဲ့ အောင်ဝင်းကိုနှိုး၊ အောင်ဝင်းနဲ့ ကင်းလဲပြီးတော့ ကျနော်လည်း မအိပ်တော့ဘဲ ဘန်ကာအကွယ်ကလေးနားမှာ ဆေးလိပ်သောက်နေ လိုက်တယ်။ ခဏနေတော့ အောင်ဝင်း ကျနော်ဆီရောက်လာပြီး ဓာတ်မီးနှစ်လက်အတွက် ဓာတ်ခဲ တောင်း တယ်..။ ကျနော်လည်း ထုတ်ပေးလိုက်တယ်...မကြာပါဘူး အောင်ဝင်းဆီကနေ ဓာတ်မီးအရောင်တွေ ထွက်လာလို့ သူဆီပြေးသွားကြည့်လိုက်တော့..

အောင်မယ်လေးဗျာ.. ကိုယ်တော်ချောက ဓာတ်မီးနှစ်လုံးပြိုင်တူဖွင့်ပြီး အရှေ့တောင်ကုန်းက ရန်သူကို ဝှေ့ပြနေတယ်။ ကျနော်လည်း သူ့ကိုရပ်ခိုင်း..၊ ဆူလဲဆူ..ပြီးတော့ ဓာတ်မီးနှစ်လက်လုံး သိမ်းပြီးတဲ့ အချိန်မှာ..ရန်သူလက်နက်ကြီးက မီးရောင်မြင်တဲ့ ကျနော်တို့နေရာကို လက်နက်ကြီးနဲ့ပစ်ပါပြီ။ ကျနော်တို့နှစ်ယောက်လည်း ဘန်ကာထဲပြေးဝင်..။

တွေ့ပါပြီးခင်ဗျာ။ ဘန်ကာထဲမှာ ခင်မောင်အေး၊ အောင်မိုး၊ ၀င်းထွန်လင်းတို့က ပေါက်တူးကိုယ်စီနဲ့။

ကျနော်သိလိုက်ပါပြီ။ ဒီကောင်တွေ ညကထဲကစီစဉ်ထားကြတာ..ကျနော်ကိုအသိပေးရင် ခွင့်မပြုမှာစိုးလို့..။

ရန်သူကလည်း မီးလောင်ဗုံးတွေကို တလက်စပ်ပစ်..ဘန်ကာနားတ၀ိုက်မှ ကျကွဲပြီးမီးလောင်...။

အပစ်ကျဲသွားတာနဲ့ ဒီကောင်တွေအုပ်စုလည်း အပြင်ကိုပြေးထွက် ရရာသစ်ကိုင်းနဲ့ မီးကိုရိုက်သတ်။ ပြီးမှ မီးလောင်ဗုံးကျတဲ့နေရာကိုတူးပြီး ဗုံရဲ့ဒလက်ကိုယူ..မီးလောင်ဗုံရဲ့ဖင်ကဒလက်က ဒန်သတ္တု ဆိုတော့ ရောင်းစားလို့ရတယ်လေ..။

ဒီလိုနဲ့အပစ်များရင် ဘန်ကာထဲ ပြန်ပြေးဝင်။ အပစ်ကျဲရင်ထွက်တူးလိုက်နဲ့ ရန်သူအပစ်ရပ်တော့ ဒလက်တွေ ၃ ကီလို ၄ ကီလိုလောက်ရလိုက်တယ်။

(ကေအန်ယူကလည်း ထွက်တူးကြတော့...သူ့အဖွဲ့ ကိုယ့်အဖွဲ့ အပြိုင်အဆိုင် တူးလိုက်ကြတာ၊ နောက်ပိုင်း အရနည်းမှာစိုးလို့ ဘန်ကာထဲပါမ၀င်တော့ဘဲ နီးရာအပင်မှာကပ်နေကြလို့ ဘန်ကာထဲ ၀င်ဖို့ မနည်းပြောယူ ရတယ်။ နောက်တော့ ကေအန်ယူနဲ့ကျောင်းသားတွေဆွေးနွေးပြီး..ဘယ်အပင်နဲ့ ဘယ်အပင်ကြား က ကေအန်ယူပိုင်..ဘယ်အပင်နဲ့ ဘယ်အပင်ကြားက ကျောင်းသားပိုင်ဆိုပြီး ခွဲထားလိုက်တော့..လက်နက် ကြီးပစ်ပြီးမှအေးအေးဆေးဆေး ထွက်တူးရုံပဲ)။


နောက် ၃...၄ရက်နေတော့ ထုံစံအတိုင်း ထိုင်းဘက်ကမ်းမှာ ကျဉ်ခွံဝယ်တဲ့ ကားလာတော့ ကြက်ရိုး ငါးကြီးနဲ့ အလဲအလှယ်လုပ်ကြပေါ့။ ပြီးတော့ ပျော်ပျော်ပါးပါး ချက်စားကြပေါ့။

ဒီလိုနေ့မျိုးဆို အားလုံးမျက်နှာမှာ အပြုံးတွေနဲ့....။

(၀န်ခံပါသည်...ရဲဘော်တွေ ထွက်တူးတော့ ထိခိုက်ဒဏ်ရာရမှစိုး၍ နူတ်အားဖြင့် မတူးဖို့ တားခဲ့ပါသည်။ ဒါပေမဲ့ စားရ၀ါးရတော့မည်လို့ ကြိုမြင်နေတော့ ကျနော့်မျက်နှာက ပြုံးနေပါလိမ့်မည်။ ထိုကြောင့် ညီလေးတွေရဲ့စွမ်းအားနဲ့ရရှိတဲ့ ထိုဟင်းကိုစားရချိန်မှာ ရှေ့မျက်နှာနောက်ထား၍ ရင်ထဲတွင် ရှက်ရှက်နဲ့ စားခဲ့ရပါကြောင်း…)

စိုးလွင်(၀မ်ခ)(၂၁၁