သစ်ခက်သံလွင်ကဗျာစင်မြင့်၊ ဝင်းမြင့်၊ ကိုပွေးနှင့် ဟာရှိန်း(မင်းတပ်) တို့၏ကဗျာများ



နေ့စဉ်ဘဝ အခြားနေ့များ

arthistory.about.com












စနေနေ့ဟာကြယ်လိုပဲ
အမြီးတန်းလန်းနဲ့
လက်ဝဲအယူအဆရှိသူဟာလက်ဝဲဘက်က
ကပ်မောင်းသွားတယ်
ငါကလည်းလမ်းမကြီးကိုအလယ်ကနေ
ခပ်တည်တည်လျှောက်တယ်
ညာသန်တွေက ညာဘက်ကိုကွေ့သွားကြတယ်

ဘဝတူပလက်ဖောင်းပေါ်မှာ
အိမ်စီးခွေးတကောင်လမ်းပြောင်းပြန်ဖြတ်ဟောင်သွားတယ်
သံယောဇဉ်ကြိုးတန်းလန်း တဝူးဝူးနဲ့

သေခြင်းကရှက်ရယ်ရယ်တယ်
ကက်ဦးထုပ်ကိုဆောင်းလို့
ကျီးကန်းလိုဘာမထီဟန်နဲ့

သမိုင်းမသိ ဘာမသိနဲ့
အင်းစိန်ဘက်ကပြန်ကွေ့ရတယ် ။ ။


ဝင်းမြင့်
၆ ၈ ၂၀၁၆


မျက်ရည်
 
abstractartpictureswallpaper.blogspot.com












ဆုံးရှုံးရတိုင်းသာ
သစ်တပင်စိုက်ခဲ့ရင်
တောအုပ်တွေအများကြီး
ပိုင်ဆိုင်ခဲ့ရပေါ့

စွန့်ုလွှတ်ခဲ့ရတာလေ
တခု တခုနဲ့
ရင်ထဲမှာ လှိုင်းတွေဆိုတာ တဝုန်းဝုန်း

ကမ်းပြိုတဲ့ပင်လယ်လို
ငါ့နှလုံးသားလည်း
သန်းခေါင်ယံဒီရေနဲ့အတူ
တိုက်စားမျောပါသွားပေါ့  ။  ။  ။


ကိုပွေး
….
မိသားစု နိုင်ငံရေး ကဗျာ
artistsinspireartists.com
 












မိသားစုအရေးဆိုပြီး
အဖေက သူကြိုက်တာ လုပ်တယ်။

မိသားစု အရေးဆိုပြီး
အမေက သိသမျှ ဆရာ လုပ်တယ်။

အစ်ကိုကြီးက နိုင်ငံရပ်ခြား ထွက်သွားတယ်။
ကျနော့အတွက်ဆိုပြီး
အစ်ကိုလေးက စီးပွားရေးထွက်လုပ်
စာသင်ကျောင်းကို ပစ်ခွာ။

အငယ်ကောင်က
မိသားစုအရေးတခွန်းမျှမဆို
ဝါးခနဲ ထငိုတော့
ကျနော်တို့မှာ ပျာယာခတ်ပြီး နေစရာမရှိတော့။


ဟာရှိန်း (မင်းတပ်)
26.7.2016
Tue
9:00pm
Kalay

Comments