သစ်ခက်သံလွင် ကဗျာ၊ မောင်သော်တာ ရဲ့ ဗိုဂျီး ကဗျာရွတ်နေတယ်

ပျားရည်လွင်ပြင်မှာ ဗိုဂျီး ကဗျာရွတ်နေတယ် 
မူရင်းဓာတ်ပုံရှင်ကို Credit ပေးပါတယ်
 ပျားရည်လွင်ပြင်ကို ဗိုဂျီးရောက်လာတယ်
အကြမ်းခံတဲ့ဂျင်းဘောင်းဘီအပြာနဲ့
ပေါ့ပေါ့ပါးပါးရှပ်အင်္ကျီအဖြူလက်ရှည်နဲ့
တခါတလေ စပို့ရှပ်တထည်နဲ့
သူ့ရဲဘော်တွေကိုသူနဲ့အတူတိုက်ပွဲဝင်ဖို့
သူ့ရဲဘော်တွေနဲ့အတူ
သူရှိနေတယ်ဆိုတာမျိုးနဲ့ ဗိုဂျီး ကဗျာရွတ်တယ်

ဗိုဂျီးရဲ့အသံဟာ
ကဗျာထဲကအသံတမျိုးပဲ

ဗိုဂျီးဟာ မျက်မှန်တပ်စရာမလိုဘဲကဗျာစာရွက်ကိုဖတ်နိုင်တယ် အရွယ်အရတပ်ရတဲ့မျက်မှန်ကိုသူ့ဂျင်းဘောင်းဘီထဲထိုးထည့်လိုက်တယ် အဝေးကိုလှမ်းမြင်နိုင်သလိုအနီးကိုလည်းပြတ်သားတဲ့မျက်လုံးတွေနဲ့ ကဗျာစာရွက်ဟာသူ့လက်ထဲမှာတဖျတ်ဖျတ်ခါနေတယ်

ကဗျာဟာ နှုတ်ဖျားပေါ်ကထပျံလိုက်တဲ့ချိုးငှက်တကောင်လို
ငြိမ်းချမ်းရေးကိုတောင်းဆိုနေတယ်

ခက်ရင်းသွားနဲ့ ဗြောင်ဆူမဟဲ့
ပျဉ်းမနားနဲ့တောင်ငူတဲ့

အလယ်ရိုးမပေါ်က
ကဗျာအလင်းဖြာထွက်လာတယ်

ဆွတ်ပျံ့ဖွယ်အောင် ယုဂန်တောင်က
ဝေမှောင်အုံ့ပျ နွေနှောင်းလ…တဲ့
ဗိုဂျီး ခဏခဏရွတ်ပြတယ်

အကြောင်းတခုခုကြောင့်
ငါဗိုဂျီးကွလို့
ဟာသလုပ်ခဲ့တာလည်းပြန်ပြောပြတတ်တယ်
ဒါပေမဲ့
ကဗျာဆရာဆိုရင် သူက သူ့ရဲဘော်လို့ပဲထင်သတဲ့

အဲဒီလိုအချစ်နဲ့
ဗိုဂျီး ကဗျာရွတ်တယ်

ဗိုဂျီးရွတ်တဲ့ကဗျာဟာ
ရှမ်းကန်ရေပြင်ပေါ်ဖြတ်တိုက်သွားတယ်
ပန်းခြံထောင့်မှာရပ်နေတဲ့ဗိုလ်ချုပ်ရဲ့ပင်လုံစာချုပ်ထဲမှာ
ဗိုဂျီးရွတ်တဲ့ကဗျာရှိတယ်
စိုက်ပြီးစ လီလီပန်းခင်းထဲမှာ
ကဗျာရနံ့ကိုဆွတ်ထားတယ်
ကဗျာနားထောင်နားစွင့်နေသူအကုန်လုံး အားလုံး
သူ့ရဲဘော်တွေဖြစ်သွားတယ်
ကဗျာထဲမှာသူ့ရဲဘော်တွေရဲ့အသံထည့်ထားတယ်တဲ့
အသံတွေဟာ key တခုတည်း မြည်နေတယ်
ဗိုလ်ချုပ်ရဲ့တိုင်းပြုပြည်ပြုမိန့်ခွန်းကို
ကဗျာအစနဲ့အဆုံးမှာကြားရတယ်
အကျင့်ဆိုးတွေ…
အကျင့်ဆိုးတွေ…
စောက်ကျင့်တွေ…… လို့
အထပ်ထပ်ပြောနေတဲ့
ဗိုလ်ချုပ်ရဲ့ဒေါနဲ့မောနဲ့ပြောပုံမျိုး
ကဗျာရွတ်နေတာလား
ကဗျာကိုသွေးထဲထိုးထည့်လိုက်သလားမသိ
သေချာတာက
ကျနော်တော်တို့
ကဗျာသွေးတွေနဲ့နိုးထလာတာပဲ

ဒီကဗျာကို
ကျနော်တို့ရောင်းစားရမှာလား
ဒီကဗျာနဲ့
ကျနော်တို့သြဇာထူထောင်ရမှာလား
ခင်များကို
ဗိုဂျီး မိုးမွှန်အောင်ဆဲလိမ့်မယ်

စကားလုံးတလုံးချင်းစီဟာ
အဘိဓမ္မာရှိတယ်
ရပ်တည်ချက်ရှိတယ်
အသံထဲမှာ
ယုံကြည်ချက်ပါတယ်

ခေတ်အဆက်ဆက်
မတရားတဲ့အာဏာရှင်စနစ်ဆိုးကို
ဆန့်ကျင်တဲ့လက်နက်တခုကိုကိုင်စွဲသလို
ကဗျာဆရာတွေ ကဗျာရေးခဲ့ကြတာပဲ
ဗိုဂျီးရဲ့ကဗျာရွတ်သံထဲမှာကြားရမယ်
တောမီးကိုတောမီးနဲ့
လှန်ရှို့ခဲ့ကြတာကို
မျက်လုံးနဲ့မြင်သလိုမြင်ရမယ်
ရဲရင့်တဲ့အမှန်တရားတခုကိုတင်းတင်းဆုပ်သလို 
တပ်ဦးရှေ့ကရဲဘော်တယောက်ရဲ့လက်ထဲကအလံလို
ကဗျာစာရွက်ဖြူဖြူတရွက်ဟာ
အခုထိ ဗိုဂျီးရဲ့လက်ထဲမှာရှိနေဆဲပဲ

ပျားရည်လွင်ပြင်ဟာ
ကဗျာရွတ်သံရဲ့အောက်မှာသာယာပျံ့ပျူးလှပနေတယ် 
ကဗျာလွင်ပြင်တခုလိုပျံ့ပျူးလှပနေတာမျိုးပဲ
လွှတ် …လှ တယ်။ ။

မောင်သော်တာ
Aug 13 2016

Comments