သစ်ခက်သံလွင် ကဗျာစင်မြင့်၊ လင်းခါး၊ ဇာနည်သွေး(ပလိပ်)၊ ဟာရှိန်း(မင်းတပ်)၊ ဉာဏ်ရှင်းတို့၏ကဗျာများ

ချစ်တယ်နော်ပေးတာယူကျွေးတာစားဝါဒ
america.pink
ဂျိမ်းစ်ဘွန်းဟာ လေယာဉ်ပေါ်က ခုန်ချတိုင်း
လေထီးမပါပေမယ့်
အားလုံးကို ဖြတ်ကျော်လာတဲ့ အလှနတ်ဘုရားမရှိရာ
ရေကူးကန်ထဲ အမြဲတမ်းကျ
ကံဆိုးကံကောင်းမရှိ
မုတ်ဆိတ်အရိပ်မပျက်
နှစ်ပါးသွားရလေ့ရှိတာပဲ
အရင်းရှင်စနစ်ဟာ
ရေမွှေးဆွတ်ထားတဲ့ လက်ကိုင်ပုဝါအရောင်တောက်တောက်လေးတွေကို
လမ်းတွေမှာ သေချာချထားပစ်ခဲ့တယ်
သိမ်းကျုံးလက်ဝါးကြီးအုပ်မှု ပေါင်မုန့်ကို
ကမ်းခြေမှာ ဘီကနီ နဲ့ ယိုသုတ်ထား
ငါတို့ဟာ သိပ်အတာပဲ
ပြဇာတ်ကြည့်ရင်း မျက်ရည်တွေဘာတွေကျတော့
ခုံပေါ်မှာ လွတ်လပ်ခွင့်ကို ချိုးဖောက်ပြီးတင်ထားခဲ့တဲ့
တစ်သျှူးအတွက် ကျေးဇူးတင်မိ
နွားကျောင်းသားကားပဲကြည့်ကြည့်
မြူတန့်ဆန်းကြယ်ကားတွေပဲကြည့်ကြည့်
လူသတ်တဲ့အရုပ်သရဲပဲကြည့်ကြည့်
တနင်္ဂနွေနဲ့ စတဲ့လတိုင်း ၁၃ ရက်ဟာ သောကြာပဲတဲ့
ကံဆိုးတာပေါ့
အဲဖို့ဝမ်းနဲ့ အဗန်ဂျာရုပ်ရှင်ကြိုက်သူတွေအတွက်
အရင်းရှင်စနစ်ဆိုးကျိုးကို
ကဗျာ တမျက်နှာလောက်နဲ့
တရားဒေဿနာ မဟောကြားတတ်
ကျောက်ဆစ်ရုပ်တွေ ခေါင်းညိတ်ပါစေ၊
သင့်အား ဘုရားအဆူဆူစောင်မပါစေပေါ့။

လင်းခါး
August 2016
….
စကားလုံးတွေနဲ့ကားများ
www.paintinghere.org
 မူးရင်မမောင်းနဲ့
မောင်းရင်မမူးနဲ့
STOP
လမ်းကောင်းမှ လမ်းတောင်းပါ
အန္တရာယ်ကင်းစွာ မောင်းနှင်ပါ
မိုက်ရင်ကျော်
တိုက်ရင်လျော်ပေါ့
ကပ်မလိုက်နဲ့
မီးလောင်လွယ်သည်
ဂါလံ ၁၆၀၀
ခါးပိုက်နှိုက်ရှိသည်
မီးသတိပြု
မိမိပစ္စည်း မိမိတာဝန်
အဆွေတော် ဘေးကင်းပါစေ……။  ။

ဇာနည်သွေး(ပလိပ် )
24.5.2016
ချိုပေစွဟင်းချို
waavedada.com
အမျိုးအရင်းတွေက
သစ္စာစကားဘယ်လောက်ဆိုဆို
မယုံရဘူးဘဲပြောပြော
အရသာမပျက်အောင်
ဆားခတ်ထည့်လိုက်တယ်။

ဟာရှိန်း (မင်းတပ်)
29.8.2015
….

မူလတန်းကဗျာ 
ladiesbyladies.wordpress.com
 လက်မနဲ့လက်ညှိုးကြားညှပ်
တတ်သမျှ မှတ်သမျှ
နှုတ်ဖျားကစာအံရင်းသင်ယူ
ခဲဆံတွေတုံးတဲ့အထိ ... ။
အသက်တရာမနေရပေမယ့်
လက်ဗွေဟာနေရာရွေ့
ညီပုလေးရေ
မင်းတာဝန်ဟေ့ဆိုကျမှ
မျက်လွှာချ ဇုံမှိတ်
တံဆိပ်ခတ်တဲ့သမိုင်း
ဒေါက်တိုနဲ့ရန်လို
ပင့်သက်အတိုင်းသားနဲ့ကျန်
စူဠာမဏိလိပ်ကို
ကန်ထဲလွှတ်ချလိုက်သလို ...။

ငါတို့အားလုံး အစာချေစောခဲ့တယ်
စာမကျေတာမဟုတ်ဖူး
ရှစ် ခွန် ခြောက် ငါး
လေး သုံး တမျိုးပြောင်းဆိုတဲ့နောက်
လိပ်ပြာတွေ ဝိညာဉ်ပျောက်
ဘယ်တော့များလောက်မှာ
သူငယ်တန်းအောင်မှာပါလိမ့် ...။

ဉာဏ်ရှင်း 

သြဂုတ်လ (၂၇)ရက် ၂၀၁၆ ခုနှစ်
နံနက် (၇)နာရီ (၅၃)မိနစ်

Comments