သစ်ခက်သံလွင် ဝတ္ထုတို၊ ခွာညို၏ စာနာမှု နှောင်းတေးတပုဒ်



စာနာမှု နှောင်း တေးတပုဒ်

 ခွာညို


ထိုအခါ ငယ်ငယ်က အဝတ်နွမ်းနွမ်း ပမ်းလျသော မျက်နှာနှင့် ဆရာဦးခင်မောင်ကိုသတိရသည်။ အမြဲတမ်း မြောင်းပုပ်ရေထဲက တီထွေးလေးတွေလို တချက်လေးမှအငြိမ်မနေတဲ့ သူ့တပည့်တွေကို ငုပ်တုပ်ငေးနေသည့်ဆရာ၊ 

(၁)

၁၉၈၀

….. ငါ ငယ်ငယ်က အတန်းထဲမှာ ခုံခေါက်ရင်းသီချင်းလေးဆို ဒါကို ဆရာမကြားတော့ အတန်းရှေ့ကို လာစမ်း…..
လူငယ်တွေနှုတ်ဖျား ရေပန်းစားပြီး နာမည်သိပ်ကြီးနေသည့် အဆိုတော်လွှမ်းမိုး၏ “ဆရာမ “ သီချင်းကိုကြားသောအခါ ၈ တန်းကျောင်းသူကောင်မလေး ရယ်ကျဲကျဲ-စပ်ဖြဲဖြဲနှင့် သီချင်းကို အတော်နှစ်ခြိုက် သွားသည်။ သူလည်းခုံခေါက်ပြီး သီချင်းဆိုမှုနဲ့ ဆရာအပြစ်ပေးတာကိုခံခဲ့ရဖူး သည်လေ။
၁၉၇၆

ချောက်မြို့၊ ရေအိုးစင်ကျောင်းဟုလည်းခေါ်သော အလက (၁) မှ ငါးတန်း(အေ) တွင် ကျောင်းသူ ကျောင်း သားချာတိတ်ပေါင်း ၆၀ ကျော်ရှိခဲ့မည်ထင်သည်။ ကြမ်းပြင်ပေါ်မှာထိုင်ပြီး စာရေးခုံလေးတွေအောက်မှာ ကိုယ့်လွယ်အိတ်ကို ကိုယ့်ရှေ့နေရာမှာထားကာထိုင်နေကြသည့် ကလေးများရှေ့တွင် စာအုပ်ပေါင်း (၆၀) ကျော်ထဲက သင်္ချာအပုဒ်ရေပေါင်း ရာနှင့်ချီကို အဆင့်ဆင့် မှားမှန် စစ်ဆေးနေသော ဆရာဦးခင်မောင် ရှိနေသည်။ စာစစ်နေချိန်တွင် ကလေးတွေက ဆရာ့ကို ရိုသေသမှုနှင့် တိုးတိုးတိတ်တိတ် စကားတွက်ထိုး ကြသော်လည်း ကလေးအယောက် (၆၀) ကျော် ၏တွတ်ထိုးသံသည် အတော်အတန်တော့ ကျယ်လောင်နေပါလိမ့်မည်။ 

သည်အချိန်မှာ စာသင်ခုံတန်း (၃) တန်းအနက် ယာဘက်အစွန်၏ရှေ့ဆုံးတန်းမှာထိုင်သော ပိန်ပိန်၊ ညိုညို၊ မေးချွန်းချွန်း၊ ကတုံးကထွက်စဆံပင်ပုံစံနှင့်ကောင်မလေးက သူများထက်ကဲကာ ဒုတိယခုံတန်း ဘက်ကို နောက်လှည့်ထိုင်ပြီး သူရထားသောသီချင်းအသစ်ကို စတင်ဆိုပြသည်။

နာမည်ဘယ်လို မသိရဘူးလား ₓ ₓ ₓ ₓ ယဉ်သူ ချောသူရေ ₓ ₓ ₓ ₓ ₓ
အထာမကြည်ဘူး ခေါက်လို့ထားစမ်း
ₓ ₓ ₓ ₓ  ဒါတွေရိုးနေပြီ ₓ ₓ ₓ ₓ

ကြည်ပါ ₓ ₓ ₓ ₓ
ဘယ်လို
ₓ ₓ ₓ ₓ
ချစ်တယ်
ₓ ₓ ₓ ₓ
မချစ်ပေါင်
ₓ ₓ ₓ ₓ
“ဗြန်း….ဗြန်း…..”

ဆရာ့ကြိမ်နှင့် စားပွဲထိတွေ့သံကြောင့် တွတ်ထိုးသံတွေရုတ်ချည်းရပ်သွားချိန်မှာ ရုတ်ချည်းရပ်မရ သည့်သီချင်းသံက စူးခနဲ ပိုတိုးပြီး ကျယ်သွားသည်။ အတန်းထဲက မျက်လုံးပေါင်း ၁၀၀ ကျော် က ကောင်မလေးမြဆီ စူးဝင်လာ၏။ သည်အချိန်ကျမှ ခပ်တည်တည်နှင့် ရှေ့ကိုအမြန်ဆုံးလှည့်ထိုင် ရန်လည်း မဖြစ်နိုင်တော့။ နောက်ခုံဘက်တည့်တည့်လှည့်နေလျက်သားကြီး လက်ပူးလက်ကြပ် မိလေ သည်။

“ ဆရာကြီးသမီး၊ ထွက်ခဲ့စမ်း ”

ဆရာတွေက သည်အတိုင်းပဲဟု စိတ်ကွက်လျက် နှုတ်ခမ်းစူချင်ချင်နှင့် သူငယ်ချင်းနှစ်ယောက်က ရှေ့ကို ခါးကုန်းဖယ်ပေးသည်ကို တိုးဝှေ့လျက် အတန်းရှေ့ကို မျက်လွှာချလေးနှင့် ထွက်လာရ သည်။ အတန်းထဲမှာ မေးသမျှ ဖြေနိုင်လျှင် ဝင်းမြမြဟုခေါ်ပြီး အပြစ်တခုခုလုပ်လိုက်လျှင် သူ့ နာမည်က အလိုလိုနေရင်းနဲ့ ဆရာကြီးသမီး ဖြစ်သွားရသည်။ 

“နင်နဲ့ဘယ်သူတွေပါသေးလဲ… ခေါ်”

ဆရာ့အသံက ခပ်တိုးတိုးဖြစ်သော်လည်း အသံကြီးကြီးအုပ်အုပ်နှင့် ငြိမ်သက်နေသောအသံကို တော့ လွှမ်းခြုံမိသည်။
မြက သူငယ်ချင်းတွေကိုကြည့်ကာ သူ့သီချင်းကိုလိုက်ပြီး ခုံခေါက်ပေးသောသူငယ်ချင်းတွေကို မဆိုင်းမတွ လက်ညှိုးညွှန်မိလေသည်။
သူ့အတွေး၊ သူ့ခန္ဓာက ဆရာနှင့်မိဘကပြောလျှင် တသွေမတိမ်းလုပ်ရမည်ဟုသာ အလို အလျောက် တုံ့ပြန်ကျင့်မှာ ပုံစံတကျဖြစ်နေသည်ကိုး။
သည်လိုနှင့် သူ့လိုပဲ သူ့သူငယ်ချင်းမလေးတွေ တယောက်ပြီးတယောက် သူ့ဘေးရောက်လာကြရ သည်။ ဆရာက သူ့စာအုပ်ပုံကြီးဆီ ပြန်လှည့်သွား၏။
မြတို့ သူငယ်ချင်းတီးဝိုင်းအဖွဲ့ကတော့ သချာင်္ (၂) အချိန် မကုန်မချင်း အတန်းရှေ့မှာ မတ်တပ်ရပ်နေခဲ့ရလေ သည်။

သူငယ်ချင်းမလေးတွေကလည်း ကိုယ့်ဘာသာကိုယ် ရှေ့တန်းမှာမနေဘဲ သူတို့နောက်ခုံဘက်ကို လည်း လှည့်လာသေး၊ သီချင်းလည်း အရင်ဆိုပြသေး၊ ဆရာအပြစ်ပေးခံရသောအခါ လက်ညှိုးလည်း ထိုးကာ သူခိုးသေဖော်ညှိသေးသောမြကို စိတ်ကောက်ကာ ကျောင်းအပြန်မှာ သူ့ကိုထားရစ်ခဲ့ကြလေသည်။

………..

(၂)

၁၉၉၃

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အမက (၁၄) တွင် ဆရာမဒေါ်ဝင်းမြမြသည် စတုတ္ထတန်း (B) ကို ပထဝီ သင်ရတော့မည်။ ဘီတန်း၏လက်ယာဘက်တွင် စီနှင့်ဒီ ရှိသည်။ လက်ဝဲဘက်တွင် (အေ) တန်း ရှိ သည်။ အေတန်းက သချာင်္ဆရာမက အလီအော်ခိုင်းထားသည်။ စီတန်းတွင်ဝင်နေသော မြန်မာစာဆရာမ က မြန်မာစာကို အော်ဖတ်ခိုင်းထားသည်။ သူ့မှာ ဘီတန်းက တပည့်တွေကို မြေပုံနှင့်တကွရှင်းရန်လိုအပ် သည်။ ဘေးနှစ်ခန်းက ကလေးပေါင်း ၁၅၀ လောက်ရဲ့သံပြိုင်ဟစ်သံတွေကို လွှမ်းမိုးအောင် သူ ဘယ်အင် အားနှင့် အော်ရပါ့။
ခေတ်ဟောင်း မင်းသမီးကြီး လေပါတီ မမြရင်လို ပရိသတ်အားလုံးကြားအောင် အသံချဲ့စက်မလိုဘဲ အသံ ထုတ်နိုင်သည့်ပါရမီကလည်း သူ့မှာမရှိ။ အတန်းတွေ၏ အကာအရံက ကလေးတရပ်လွတ်ရုံသာ ထရံနှင့် ကာထားခြင်းဖြစ်သည့်အပြင် ဒူးဆစ်လောက်အထိ အောက်ပိုင်းဆို ကာထားသည်ပင် မရှိ။ အခန်းတခန်းကို ကလေး ၇၀ ဝန်းကျင်ရှိ သည်။

ထိုအခါ ငယ်ငယ်က အဝတ်နွမ်းနွမ်း ပမ်းလျသော မျက်နှာနှင့် ဆရာဦးခင်မောင်ကိုသတိရသည်။ အမြဲတမ်း မြောင်းပုပ်ရေထဲက တီထွေးလေးတွေလို တချက်လေးမှအငြိမ်မနေတဲ့ သူ့တပည့်တွေကို ငုပ်တုပ်ငေးနေသည့်ဆရာ၊ အငြိမ်မနေ၊ တကွိကွိမပြတ်အော်နေသည့် မျောက်လှောင်အိမ်ထဲ ပစ်ချခံထားရသူလို စိတ်ပျက်လက်ပျက်ထိုင်ကြည့်နေသည့် ဆရာဦးခင်မောင်ကိုသာ ပြေးပြေး မြင်လျက် ဆရာ့စာသင်ကြားမှုကို နှောင့်ယှက်ခဲ့မိလို့ ကျမဝဋ်လိုက်နေပါပြီဆရာ ဟုသာ ဆရာ့ကို စိတ်ထဲက တိုင်တည်မိလျက် လွှမ်းမိုးသီချင်းကို မနှစ်သက်ချင်တော့။

မနှစ်သက်သည့်အကြောင်းက…

ကျနော်ဆိုနေတဲ့ အခုစတိတ်ရှိုးကို
ₓₓ ₓ ₓ  အစိတ်တန်းရဲ့ရှေ့ဆုံးမှာ ထိုင်နေတဲ့ ₓₓ ₓ ₓ   
ဆရာမကတော့ မှတ်မိမယ်မထင်ဘူး ₓₓ ₓ ₓ  ငယ်ငယ်က စိုးစိုးဘဝနဲ့ ₓₓ ₓ ₓ  
ဆရာမရိုက်ဖူးတဲ့သူ ₓₓ ₓ ₓ  အဆိုတော်ဂစ်တာတီးတဲ့ လွှမ်းမိုးဟာ ₓₓ ₓ ₓ   
ကျနော်ပဲနော် ₓₓ ₓ ₓ  ဆိုသည့် စာသား။
 
ခုံပေါ်မှာ ငိုခဲ့တဲ့မျက်ရည် အခုသီချင်းလေးဖြစ်သွားပြီ ဆရာမသောတဆင်နိုင်ဖို့ပါ။

ဆရာမကို ချစ်ခင်စွာဂုဏ်ပြုနေသလား၊ ခနဲ့နေ ရွဲ့နေသလားဆိုတာ မသေချာ၊ အခု ကျုပ်က စင်ပေါ်ကလူ၊ ခင်ဗျားကြီး ကျုပ်ကို အားပေးနေရပြီမဟုတ်လားလို့ ခွာရာချင်းပြိုင်နေသလား…. မသိုးမသန့်ဖြစ်လာသည်။

မြ ဆရာတွေထဲမှာ အရိုက်ကြမ်းသည့်ဆရာတွေ ပါပါသည်။ ခြောက်တန်းက ဆရာဦးကြည်သိန်း ရိုက်သောကြောင့် ဒူးကောက်ကွေးမှာ သွေးပင်ထွက်ခဲ့သေးသည်။ (အဲဒါလည်း အတန်းထဲမှာ ဆူပူသောင်းကြမ်းမှုပါပဲ) အဖေကတော့ သူ့ဆရာတွေကိုအပြစ်မပြော၊ ‘ဆန်ရင်းနာနာဖွပ်..ဆိုတာ အဲဒါကို ခေါ်တယ်သမီးရဲ့’ ဟုသာ ဆရာတွေကို မပြစ်မှားမိအောင် ထိုစကားနှင့် မြကိုထိန်းခဲ့သည်။

ထို့ကြောင့် ကိုယ်ဆရာမဖြစ်လာသောအခါ လွှမ်းမိုး၏ ဆရာမသီချင်းကို သံစဉ်လေး နှစ်သက်သောကြောင့် ဆိုညည်းမိလျှင်ပင် ဘယ်သောအခါမှ တပုဒ်မဆုံးဖြစ်တော့။ ဆရာဦးခင်မောင်ကို သတိရသောကြောင့်ပါ။ ဆရာစာသင်မရအောင်နှောင့်ယှက်ခဲ့သော ကိုယ့်အပြစ်ကိုယ် ပြတ်ပြတ်ထင်ထင် သိမြင်ခဲ့ ပြီ ဖြစ်သောကြောင့်ပါ။

ခွာညို
ဇူလိုင် ၁၂၊ ၂၀၁၆

Comments