သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မြတ်လှိုင်း၊ ထက်သစ်၊ ဟာရှိန်း(မင်းတပ်)တို့၏ကဗျာများ

ပင်လယ်ဆီက မြစ်တစ်စင်းနဲ့ ပြန်ဆန်တက်ခဲ့တယ်
KT#
လောကကိုမကျေနပ်မှုတွေများခဲ့တယ်
သဘာဝတရားနဲ့အညီနေထိုင်ပြီး
လိုက်လျောညီထွေအစာတွေထိုးကျွေးခဲ့ပေမယ့်
ဥခွံအတုနဲ့ရှင်သန်သူတွေကိုအပေးအယူလုပ်
ရုတ်တရက်ထရှင်သန်ခိုင်းခဲ့တာတွေ
ငါမြင်နေရတော့။
ကံတရားရဲ့စီရင်ချက်ဟာ
တစ်ဖက်သတ်ဆန်လွန်းခဲ့တယ်
စားစရာမရှိသူတွေနဲ့
ထားစရာမရှိသူတွေကြား
မျက်နှာကြီးသူကို မျက်နှာမူတဲ့ဆုံးဖြတ်ချက်တွေ
ငါမြင်နေရတော့။
အထားအသိုမှားနေကြတယ်
မြစ်ရဲ့ပုံမှန်စီးဆင်းမှုကိုငြင်းဆန်ခဲ့ကြ
ပြိုကျသွားတဲ့ကမ်းပါးကိုအပြစ်တင်ခဲ့ကြ
တဖက်မှာသောင်ထွန်းခဲ့ကြတာ
ချီးကျူးနေကြတော့။
စိတ်ပေါက်ပေါက်နဲ့
မီးပြတိုက်ကိုနှုတ်ဆက်လိုက်ပြီး
ငါ့မြစ် ငါစီးပြီး ဆန်တက်လိုက်တယ်
လောကကြီးက
ငါ့ကိုကြည့်ပြီး ဟားတိုက်ရယ်မောနေတယ်
ငါသိလိုက်တာက
အားလုံးရူးသွပ်နေကြတယ်ဆိုတာ။     ။

မြတ်လှိုင်း

….

မကွေး

KT#
ကိုယ့်မြို့ရဲ့အဆန်းတကြယ်က
ဘီလူး.....ပဲ
ဖန်ခါးသီး....ပဲ
မြစ်တောင် ရှောင်ကွေ့သွားရတဲ့မြို့
မန်ကျည်း ကုက္ကိုလ် တမာတန်းနဲ့
ထန်းပင်တွေ လေထဲ ဝဲနေတဲ့မြို့
ခုဆို မြို့မှာ.......
တက္ကသီလာတွေ စုံတယ်
ဖို...မ..တွေလည်း စုံတယ်
အရောင်အသွေးလည်း စုံတယ်
စည်လိုက်သမှ...ဝက်ဝက် ကွဲတယ်
စာရိတ္တလည်း ကွဲတယ်..
ယဉ်ကျေးမှုလည်း ကွဲတယ်
လူ ကွဲသလို မူလည်း ကွဲတယ်
အတူယှဉ်တွဲ ဒုက္ခကိုမှ ကိုယ်ဝန်ဆောင်သလို လွယ်ထားရ
သုခက ချောင်းရေစီးသလို
ဟန်မူပို အညာသား စစ်စစ်တွေ
လျော့လျော့နေတဲ့မြို့....
ဇီးဖြူ ဖန်ခါး ချဉ်ခါးခါးလေးဝါးပြီး
ရေတခွက်နဲ့ ချိုတဲ့မြို့...
နှမ်း ပင်လယ် ပဲ သမုဒ္ဒရာကြား
ဆီ အရွဲသားနဲ့မြို့...
နဂုတ္တမ တောင်ချွန်းမှာ
ဘီလူး မောင်နှမတတွေ ပျော်တဲ့မြို့
မိုးကလေးညှို့လာရင်
ရင်တခွင်လုံး ညှိုးချုံး လွမ်းမဆုံးတဲ့မြို့
အဲ့ ဇာတိမြို့ဆီ အရောက်လှမ်း
ခပ်လှမ်းလှမ်းက အညာရနံ့လေး
ရရုံနဲ့ ......
ရင်တွေပန်းတွေတုန်ပြီး
ရင်ခုန်လွန်းတဲ့မြို့......။


ထက်သစ် 

….

အတု(သို့မဟုတ်) မိတ္တူ
KT#

 အမှန်တရားကို
မိတ္တူ ပွားခွင့်မရတဲ့ခေတ်။

လက်တလုံးခြား
ယဉ်ကျေးမှုတွေ
မိုးဦးကျ မှိုတွေလို
အပြိုင်းအရိုင်းပေါက်လာတယ်။

စေတနာမှာ
ဖာထေးရာတွေပြည့်နှက်လာ။

ကိုယ်
မလုပ်လည်းသူများလုပ်နေတာပဲ
ဝေဒနာမှာ
အသပြာတွေကပ်။

လက်မတွေဖြတ်လိုက်မယ်။
အတွေးအခေါ်တွေ တံဆိပ်ကပ်မခံနဲ့။
အတု(သို့မဟုတ်) မိတ္တူ
ငါတို့ဟာ
စက်ရုပ်တွေ။

ဟာရှိန်း(မင်းတပ်)

Comments