သစ်ခက်သံလွင် ကဗျာစင်မြင့်၊ လင်းသက်ငြိမ်၊ တေဇလင်း-နည်းပညာတက္ကသိုလ်၊ မင်းပျိုလက်တို့၏ကဗျာများ

ကဗျာ
 
thehammockpapers.blogspot.com
လွယ်လွယ်ရတဲ့အသီးလို့လွယ်လွယ်ကလေးထင်ကြ
ခေတ်ကြီးကစစ်ချလိုက်တော့
လက်ဘယ်နှစ်ဖက်စာကျန်ခဲ့သလဲ
လမ်းလျှောက်လာတဲ့လူကိုရွေးဟောင်တဲ့ခွေးလို
ခပ်ညံ့ညံ့ရုပ်ရှင်တွေထဲ ဟာသလုပ်ရိုက်ကြ
အပေါစားဝတ္ထုတွေထဲ ခပ်ပေါပေါထည့်ရေးကြ
တိုက်ဆောက်ကားစီးလို့မရမှန်းသိလည်း
အပေါ်မော့မထွေးရဲတဲ့တံတွေးကို
ခပ်တည်တည် ခပ်ရင့်ရင့်ထွေးချ
ကဗျာကိုစော်ကားတဲ့လူက
ကဗျာနဲ့ခြေလှမ်းစဝင်လာတဲ့လူဖြစ်နေတာ
နာမယ်ဆို နာစရာတွေချည်းပဲ
ကမ္ဘာမကျော်တာ ပြဿနာမဟုတ်ဘူး
အကုန်လုံးကိုကျော်ခွချင်နေတာ ပြဿနာ
စကားလုံးကိုရေစင်စင်ဆေးဖို့
ပြောစရာမရှိရင် ကိုယ်ဆံပင်ကိုယ်ကိုင်နေဖို့
ရုပ်သိပ်မလှတာနဲ့ စိတ်ကိုပါထပ်ရုပ်ဆိုးပစ်လိုက်ရင်
ကြည်လင်တဲ့ရာသီဥတုကိုဘယ်လိုရနိုင်မှာလဲ
ရိုးရိုးသားသားသွားပါ
ရိုးရိုးသားသားပြန်လာပါ
ကဗျာကိစ္စကို
ကဗျာကပဲသက်သေပြသွားမယ်လို့ယုံတယ်
မဂ္ဂဇင်းတစ်အုပ်လှန်လိုက်တိုင်း
မင်းစိတ်ပျက်တဲ့ကဗျာတွေကိုရှေ့ဆုံးကဖတ်ရတာကိုလည်း
ဘဝပေးဝဋ်ကြွေးလို့ယူရင်လည်းယူလိုက်တော့
အခုဒီကဗျာကိုလည်း
မင်း ကျော်ဖတ်ပစ်လိုက်လို့ရပါတယ်။


လင်းသက်ငြိမ်

….

သုံးဘဝ

www.pinterest.com
 အညှောက်ဟာ …
ထွက်လာကာစကအတိုင်းပါပဲ
အချွန်အတက်ဆန်ဆန်
အညှောက်ဟာ …
အညှောက်လို့တောင်ထင်ရက်စရာမရှိခဲ့
နေရာအနှံ့ ဖြန့်ကြဲသည်းသည်းမဲမဲ
သိပ်ရိုင်းတဲ့ကျူတပင် …
အာဏာနဲ့ ရှင်သမျှခုတ်လှဲချခဲ့တာတောင်
အငုတ်တွေပြန်ထွက်လာကြတယ်       ။  ။

တေဇလင်း - နည်းပညာတက္ကသိုလ်


ဆပ်ကပ်ထဲက လူရွှင်တော်လေး
www.pinterest.com
ငါ့နှယ်နော် မေ့တတ်လိုက်တာ
ရှင်ဟာလေသိပ်ကို ကိုးရိုးကားရားနိုင်တာပဲနော်
တံခါးရွတ်နောက်က ရှင့်ကုတ်အင်္ကျီမှာ
ပိုးကိုက်ရာတွေနဲ့
ကိုယ့်နှာခေါင်းကအမှည့်လွန်ပုဏ္ဏရိတ်သီးတွေလိုပဲနော်
ညနေဆို ကလေးတွေဝင်ဝင်ပုန်းပြီး
လူရိုင်းသတ်တိုင်း ကစားကြတယ်
"ဟား ဟား" ရှင် တကယ်ရယ်ရတာပဲနော်
စင်ပေါ်မှာ စက်ဘီးသေးသေးလေး ကိုယ်စီးတုန်းက
မင်းလက်ချောင်းလေးတွေကို သိပ်သတိရတယ်
လူတွေရယ်သံထဲ မင်းလက်ချောင်းပေါ်က
မှဲ့သေးသေးလေးကိုယ်လိုက်ရှာနေမိသေးတယ်
အိုကျွန်မက အာမေဍိတ်အသံလေးရွတ်ပေးရမယ်ပေါ့
မဟုတ်ဘူးလေ ဂျက်လေးပျံလေးကိုယ်စီးတုန်းက
တကယ်လွဲချော်သွားတာသိလား
ဆလိုက်မီးသီးတွေက သူတို့ရဲ့ရင့်ရော်မူကို
အန်ချလိုက်တယ်ထင်ပါရဲ့
အင်းဒါလည်းဖြစ်နိုင်ကောင်းပါရဲ့ရှင်
မင်းမြင်ဖူးသလား ရေတလျှောက်မှာလက်သီးဆုပ်လောက်နှင်းသီးမျိုး
နှင်းသီးနဲ့အပေါက်ခံရတာ ပထမတော့ အေးသလိုပေါ့
နောက်တော့ သွေးထွက်သံယိုဖြစ်တဲ့အထိ ကိုယ်နာကျင်ခဲ့ရတယ်။

ချောင်ထဲကိုယ်တယောက်ထဲငိုနေလိုက်တာ
အမှောင်ရဲ့အနက်ရှိုင်းဆုံးထိပွေးတကောင်လို
အိုဆက်မပြောပါနဲ့တော့လားရှင်
ဟောရှင့်မျက်ဝန်းထဲ အပြာရောင်မျက်ရည်ပုံးလေးတွေ
စတော်ဖယ်ရီရောင်လေထီးလေးတွေ
ပန်းနုရောင်ပစ်စတိုလေးတွေ
အိုရှင်ကလူတယောက်ကိုသိပ်အံသြအောင်
လုပ်နိုင်တာပဲနော်
မဟုတ်ဘူးဘေဘီ ကိုယ်တကယ်နာကျင်ခဲ့ရတာ
တယောက်ယောက်က ကိုယ့်ကိုအမှောင်နဲ့
ဖုံးလိုက်သလို ညထဲကိုယ်ပျက်ကျသွားတာ
မေ့ထားလိုက်ပါရှင် ကျွန်မရယ်သံလေးနဲ့
အဲဒီတညလုံးကိုခပ်ထုတ်ပေးမယ်လေ
ဟင်းအင်းကိုယ်ကတလွဲလူပျက်ပါ
အပြာရောင်စီးကရက်လေးတွေနဲ့
ပြာကျသွားတဲ့နေ့ရက်တွေကိုမှားယွင်းဖူးတယ်
ကျားသစ်လှောင်အိမ်လေးနဲ့
ဒရယ်မလှောင်အိမ်လေးကိုမှားဖွင့်ခဲ့ဖူးတယ်
အိုဒါလင်ရယ်ကျွန်မတို့ဟာအမှောင်ရဲ့
သိပ်သည်းစတွေပဲဖြစ်နေဦးတော့
ရှင့်ရဲ့သစ်သားခြေထောက်ခြေတံရှည်လေးနဲ့
မနက်ခင်းထဲလိမ့်စီးကြမယ်လေ
ကျွန်မလေရှင့်အမှားလေးတွေကိုသိပ်ချစ်တာပဲ
ရှင့်ပရိတ်သတ်တွေလည်းအဲဒီအရာလေးတွေကို
သိပ်ချစ်ကြမှာပါ။

မင်းပျိုလက်

Comments