သစ်ခက်သံလွင်၊ ဘဝဖြတ်သန်းမှုမှတ်တမ်းများ၊ စိုးလွင်(၂၁၁)(ဝမ်ခ) ရဲ့ ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ-၈၈၊ "တပ်မဟာ (၃) အမှတ်တရ"



တပ်မဟာ(၃)အမှတ်တရ
 စိုးလွင်(၀မ်ခ)(၂၁၁)
ကြမ်းကြမ်းတမ်းတမ်း ဘ၀လမ်းများ-၈၈..
၁၉၈၈ -ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်အာဏရှင်စနစ် အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်ခဲ့ကြ တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်လှန်​​ရေးခရီးလမ်းတလျှောက် ကျနော် ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများ ကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်များအား အမှတ်ရဂုဏ်ပြုခြင်းအဖြစ်​​သော်လည်းကောင်း၊ နောင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ်မျိုးဆက်သစ်များ သိရှိလေ့လာနိုင်ရန်အတွက်သော်လည်းကောင်း..သစ်ခက်သံလွင်အွန်လိုင်းမှ တဆင်ရေးသားတင်ဆက်လိုက်ပါသည်။ 

 
 စိုးလွင်
(၂၁၁) (၀မ်ခ)
Design MMK
ကင်းသမားအပြေးရောက်လာပြီး..ရန်သူတက်လာပြီဆိုပြီးသတင်းပို့လို့ တပ်စိတ်ရဲဘော်တွေနဲ့ အတူ နေရာပြေးယူရတယ်။ ပြီးမှ ကင်းသမားကို မေးကြည်တော့.. ကျနော်တို့ ကုန်းရဲ့ အရှေ့ ဘက် နာရီဝက်လောက်အဝေးမှာရှိတဲ့ တဲအိမ်နေရာကို အစိုးရစစ်ကြောင်းတခုရောက်လာပြီး တဲအိမ်ရှင်ကို ဖမ်းဆီးဖို့ကြိုးစားရာမှာ တဲအိမ်ရှင်က လက်လွတ်ထွက်ပြေးလာပြီး  ....


၁၉၉၁
KNU တပ်ရင်း ၈
တပ်မဟာ ၃

KNU တပ်ရင်း ၈ ရဲ့ ခွဲ ၁ ကုန်းလို့ခေါ်တဲ့ ပတ္တလားကုန်းပေါ်မှာ ကျနော်တို့ကျောင်းသားတပ်စုတစု စခန်း ထိုင်ထားတယ်။ ဘယ်တောင်ကုန်းနဲ့ ညာတောင်ကုန်းက မြင့်ပြီး..ဒီနေရာနှစ်ခုကို နိမ့်လျှော မြေပြန့်လေးက ဆက်သွယ်ထားတယ်။ ပတ္တလားပုံစံမျိုးပေါ့။

ကိုမောင်မောင်တိုး ဦးစီးတဲ့ တပ်ရင်း ၂၁၄ က တပ်စိတ်တစိတ်က ဘယ်ဘက်တာင်ကုန်း။ ကိုမောင်မောင်ငြိမ်းဦးစီးတဲ့ တပ်ရင်း ၁၀၁ က တပ်စိတ်တစိတ်က ညာဘက်တောင်ကုန်း။ ကျနော်ဦးစီးတဲ့ ၈၈၈၈ တပ်ရင်းက တပ်စိတ်တစိတ်က တောင်ကုန်း ၂ ခုရဲ့ကြား အလယ်ဝင်ပေါက်မှာ စခန်းချထားကြ တယ်။
တည..သန်ခေါင်ယံချိန်....
ကျနော့်ခြေထောက်ကို လှုပ်နိုးလာလို့ ထကြည့်လိုက်တော့..ကင်းကျနေတဲ့ သောင်းဦး။ နာရီကြည့်လိုက်တော့ မနက် ၂ နာရီကျော်...။


ဘာထူးလို့လဲမေးလိုက်တော့..သူတို့ကင်းရှေ့ဘက်က ခြေသံကြားလို့တဲ့…။

ဒါနဲ့ အီကွင့်မင့်ကောက်ဝတ် သေနတ်ဆွဲပြီး..သူနဲ့အတူ ကင်းရှိရာဘက်ကို ထွက်လာလိုက်တယ်။ ကင်းကိုရောက်လို့ ရှိနေတဲ့ကင်းသမားကို ဘာထပ်ထူးသေးလဲလို့မေးကြည့်တော့.. ဘာမှထပ်မကြားရတော့ ဘူးတဲ့။ ကျနော်ကိုယ်တိုင်လည်း ကင်းသမား ၂ ယောက်နဲ့အတူ စောင့်ကြည့်တယ်။ ဘာသံမှမကြားရဘူး..အချိန်နည်းနည်းပေးပြီးစောင့်ကြည့်ပေမဲ့ ဘာမှမထူးတဲ့အတွက် သတိထားစောင့်ကြည့်ဖို့မှာပြီး ဘားတိုက်ကို ပြန်လာအိပ်လိုက်တယ်။


မှေးခနဲ ပျော်မလို့ရှိသေး သောင်းဦးလာနိုးပြန်လို့ မေးကြည့်ပြန်တော့ အသံကြားရပြန်ပြီးတဲ့။

ဒါနဲ့လိုက်သွား နားထောင်ပြန်တော့ မသင်္ကာစရာ ဘာသံမှ မကြားရပြန်ဘူး။ ဒါနဲ့ပဲ ပြန်သွားအိပ်ဖို့ ကြိုးစားပြန်ပေါ့လေ။

ဟော …အိပ်တောင်မပျော်သေးဘူး၊ ကင်းသမားက လာထပ်ခေါ်ပြန်ရော။

လိုက်သွား နားထောင်ကြည့်ပြန်၊ ဘာထူးခြားတဲ့အသံမှမကြားရဘူး။ 


နာရီကြည့်လိုက်တော့ မနက် ၄ နာရီထိုးတော့မယ်။ မိုးလင်းကင်း ချိန်းကြတော့မယ်၊ နေ့တိုင်းလည်း ကိုယ်က မိုးလင်းကင်းသမားတွေနဲ့အတူစောင့်နေကျဆိုတော့ ပြန်မအိပ်တော့ဘဲ နေလိုက်တော့တယ်။

မနက်ပိုင်း အလင်းရောင်ရတာနဲ့ အသံကြားတယ်ဆိုတဲ့နေရာကို ကင်းသမားတွေနဲ့အတူ တက်ရှင်း ကြည့်တော့ မသင်္ကာစရာ ဘာတခုမှမတွေ့ရဘူး။


ဒါနဲ့ နေ့ကင်းသမားကို တာဝန်ချပြီး တရေးပြန်အိပ်အုံးမယ်လေးဆိုပြီး ဘားတိုက်ကို ပြန်ရောက်ရုံ ရှိသေး၊ ကင်းသမားအပြေးရောက်လာပြီး..ရန်သူတက်လာပြီဆိုပြီး သတင်းပို့လို့ တပ်စိတ်ရဲဘော်တွေနဲ့ အတူ နေရာပြေးယူရတယ်။ ပြီးမှ ကင်းသမားကို မေးကြည်တော့.. ကျနော်တို့ကုန်းရဲ့ အရှေ့ဘက် နာရီဝက်လောက်အဝေးမှာရှိတဲ့ တဲအိမ်နေရာကို အစိုးရစစ်ကြောင်းတခုရောက်လာပြီး တဲအိမ်ရှင်ကို ဖမ်းဆီးဖို့ကြိုးစားရာမှာ တဲအိမ်ရှင်က လက်လွတ်ထွက်ပြေးလာပြီး ကင်းသမားဆီကိုရောက်လာလို့ သိရတာလို့ သိရတယ်။ 


ဒါနဲ့တပ်စုမှူးလုပ်တဲ့ ၀င်းချိုကိုမေးကြည့်တော့ သူလည်း တခြားတပ်စိပ်မှူးတွေကို သတင်းပို့ထားပြီးပြီ လို့ပြောတယ်။ ကျနော်တို့တပ်စိတ်က လူသွားလမ်းကြောင်းပေါ်မှာ နေရာယူထားတော့... တခြား တပ်စိတ်တွေနဲ့စာရင် ကျနော်တို့တပ်စိတ်နဲ့ ရန်သူက ထိပ်တိုက်တွေ့ဖို့က ပိုများတယ်လို့ ကျနော် သုံးသပ်မိတယ်။ 


ကျနော့်မှာက တခါသုံး ၇၂ တလက်..RPG တလက်နဲ့ ကျန်တာ လက်နက်ငယ်ကြီးပဲ။ ကျနော့်တပ်စိတ်နဲ့အနီးဆုံးရှိနေတဲ့ ကိုမောင်မောင်ငြိမ်း တပ်စိတ်မှာက ၇၉ တလက်..RPG တလက်နဲ့ စက်လတ်တလက် ရှိနေတယ်။ လိုအပ်ရင် သူတို့ကို စစ်ကူတောင်းနိင်တယ်။ ကျနော့်တပ်စိတ်မှာက လူသစ်အောင်ကျော်(ဟင်္သာတ)ကလွဲပြီး အားလုံးက ၀မ်ခတိုက်ပွဲမှာ တိုက်ပွဲအတွေ့အကြုံရှိလာတဲ့ သူတွေကြီးပဲဆိုတော့ စိုးရိမ်စရာဘာမှမရှိဘူး။ အောင်ကျော်ကို အတွေ့အကြုံရှိတဲ့သူတွေကြားမှာ ညှပ်ထည့် ထား။ RPG ကိုင်တဲ့ကိုမောင်ဝင်းကို သူ့ပစ်ပိုင်ခွင့်နယ်မြေတွေပြပြီး ရန်သူတက်လာမှာကို ကျနော်တို့စောင့် ကြတာပေါ့။

ဒါပေမဲ့ နာရီဝက်အတွင်းရောက်ရမယ့် ကျနော်တို့နေရာကို တနာရီကျော်ကြာတဲ့အထိ ရန်သူမရောက် လာတော့ ကျနော်တွက်မိပါပြီ။ ရန်သူဟာ ကျနော်တို့ကို ထိပ်တိုက်ဝင်မတိုးဘဲ ဘယ်တောင်ပံ(သို့) ညာတောင်ပံက ပတ်တိုက်ဖို့ကြိုးစားပါပြီ။ ဒါဆို ကိုတိုး(သို့)ကိုငြိမ်းတို့ အဖွဲ့နဲ့ပဲ ဖြစ်တော့မယ်လို့ သုံးသပ် မိလို့ တပ်စုမှူးလုပ်တဲ့ဝင်းချိုကို အကြံပေး၊ ပြီးတော့ ကိုယ့်နဲ့ဖြစ်စရာအကြောင်းမမြင်တော့ ဖြစ်တဲ့အဖွဲ့ ကိုစစ်ကူပေးနိင်ဖို့ ဒုစိတ်မှူးဝင်းကိုဦးစီးတဲ့ RPG သမား မောင်ဝင်း၊ AK 47 ကိုင် အောင်မိုးတို့နဲ့ စစ်ကူအဖွဲ့ကို ဖွဲ့ထားလိုက်တယ်။ မကြာပါဘူး၊ ကိုတိုးကြီးတို့အဖွဲ့နဲ့ ရန်သူရဲ့ ပစ်ခတ်သံတွေကို ကြားရတော့တာပဲ။ (ကိုယ်ကစောင့်နေပြီး စပစ်ရမှာကိုး ရန်သူက ကိုယ့်ကိုမြင်ပြီး စပစ်တာ...။ တကယ်တော့ ကိုတိုးကြီးတို့အဖွဲ့ က အသေအချာနေရာယူထားတာ..။ ဒါကို KNU အဖွဲ့ကတယောက် က ဟို့ရွေ့ဒီပြောင်း ဂဏှာမငြိမ်ဘဲ လုပ်နေလို့ ရန်သူက စမြင်ပြီး ပစ်တာ)၊ ဒီအချိန်မှာပဲ တိုက်ပွဲဖြစ်တဲ့ တောင်ကုန်းပေါ်က ပြေးဆင်းလာတဲ့ လူတယောက်တွေ့လို့ (သူက ဟိန္ဒူလူမျိုး..KNU က လုပ်အားပေး) ကျနော်က ....

"ဟေ့ရပ်...ဘာကိစ္စ ပြေးလာရတာလဲ" မေးတော့.."ကျည်ဆံကုန်လို့ ကျည်ဆံလာယူတာ"တဲ့။

(အမှန်မှာတော့ ထွက်ပြေးတာ...KNU ကလည်း ဒီတောင်ကုန်းပေါ်မှာ ၃....၄ ယောက်ပဲနေတာ။ ရန်သူကလည်း တနှစ်တခါလောက်လာတိုက်နေကျ..KNU ကလည်း အင်အားမမျှတော့ ပစ်ပြေးနေကြ။ ရန်သူကလည်း ရှိတဲ့ တဲ ၂ လုံး ၃ လုံးကို မီးရှို့ပြီး ပြန်သွားနေကြ။

ဒီတခါမှ မောင်ကျောင်းသားတွေနဲ့တွေ့တာ)..ကျနော်လည်း ပြန်ပြောလိုက်တယ်။ တို့ရဲဘော်တွေဆီမှာ ကျည်ဆန်အများကြီး ပြန်တက်လို့။ ဒီတော့မှ ဟိန္ဒူကုလားလေးလည်း မျက်နှာပျက်ပျက်နဲ့ ပြန်တက်သွားလေ ရဲ့။

ကျနော်လည်း တပ်စုမှူးဝင်းချိုကတဆင့် တောင်ကုန်းပေါ်မှာရှိနေတဲ့ KNU ခွဲ ၁ ခွဲမှူးဗိုလ်တကို စစ်ကူလို လား မေးခိုင်းလိုက်တယ်။ ဗိုလ်တရဲ့ စစ်ကူလိုတယ်လို့ပြောသံ လမ်းလျှောက်စကားပြောစက် ကတဆင့် ကျနော်ကြားတာနဲ့..ဒုစိပ်မှူးဝင်းကိုနဲ့အဖွဲ့ကို တိုက်ပွဲဖြစ်ရာတောင်ကုန်းကို အမြန်တက်ဖို့ အမိန့်ပေးလိုက် တယ်။ ဒီအချိန်မှာပဲ ရန်သူကလည်း သူတို့ရဲ ၇၉ လောင်ချာနဲ့ နေရာအနှံကို ပစ်နေပါပြီ။ 


ဝင်းကိုနဲ့အဖွဲ့ တက်သွားပြီး မကြာခင်မှာပဲ ကျနော်တို့အဖွဲ့က မောင်ဝင်းပစ်ခတ်လိုက်တဲ့ RPG သံကို ကျယ်လောင်စွာ ကြားလိုက်ပါတော့တယ် (ကျနော်တို့အသုံးပြုတဲ့ RPG သီးက သူ့ပုံမှန်အသီး မဟုတ် ဘူး။ KNU က တီထွင်ထားတဲ့ ၆၀မမ စိန်ပြောင်အသီးဆိုတော့ ပုံမှန်အသံထက်ပိုပြင်းတယ်.) ပြောရရင်တော့ ဗျာ..တောကောင်ငယ်လေးတွေအလယ်မှာ ခြင်္သေ ၀င်ဟိန်းလိုက်သလိုပဲ။ 


ရန်သူရဲ့ပစ်အားဟာ ချက်ချင်းလျှော့ကျသွားတယ်။ ကျနော်တို့ဘက်က နောက်ထပ် RPG နှစ်လုံး ထပ်ပစ် လိုက်တဲ့အခါမှာတော့ ရန်သူရဲ့ပစ်ခတ်သံတွေ ပျောက်ကွယ်သွားပြီး ကျနော်တို့ဆီက လက်နက်ငယ် သံတွေပ ပြောက်ကြားပြောက်ကြား ကြားရတော့တယ်။

ဆိုလိုရင်းသဘောက ရန်သူဆုတ်ပြီးပေါ့ဗျာ။ နောက်ထပ် တနာရီလောက်အကြာမှာ ကိုတိုးတပ်စိပ်နဲ့ ကျနော်တပ်စိပ်ပေါင်းပြီး ရန်သူ့နေရာကိုတက်ရှင်းတဲ့အခါမှာတော့ ကျည်ဘောက်အချို့နဲ့ တောဆောင်း ခမောက်အချို့ကို သိမ်းဆည်းရမိလိုက်တယ်။

နောက် နှစ်ရက်လောက်အကြာမှာ ရွာသားတွေကတဆင့်သတင်းရတာက ရန်သူဟာ ဒဏ်ရာ ရသူ နှစ်ယောက်ကိုထမ်းပြီး ရွာတွေမှာမနားဘဲ ဆုတ်ခွာသွားကြောင်း သိလိုက်ရတယ်။
ရန်သူဆီက လူ လက်နက်မရလိုက်လို့ မကြေနပ်နိုင်ပေမဲ့..ကိုယ့်ဘက်က ထိခိုက်ဒဏ်ရာမရတာကို ဘဲ ကြေနပ်လိုက်ရတယ်ပေါ့ဗျာ။ 


စိုးလွင်(၀မ်ခ)(၂၁၁)

Comments