သစ်ခက်သံလွင်၊ ဘဝဖြတ်သန်းမှုမှတ်တမ်းများ၊ စိုးလွင်(၂၁၁)(ဝမ်ခ) ရဲ့ ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ-၈၈၊ "သက်သက်ညှာညှာ ဆုံးမလိုက်သည်"


သက်သက်ညှာညှာ ဆုံးမလိုက်သည်

ကြမ်းကြမ်းတမ်းတမ်း ဘ၀လမ်းများ-၈၈..
 
၁၉၈၈ -ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်အာဏရှင်စနစ် အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်လှန်​​ရေးခရီးလမ်းတလျှောက် ကျနော် ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများ ကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်များအား အမှတ်ရဂုဏ်ပြုခြင်းအဖြစ်​​သော်လည်းကောင်း၊ နောင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ်မျိုးဆက်သစ်များ သိရှိလေ့လာနိုင်ရန်အတွက်သော်လည်းကောင်း..သစ်ခက်သံလွင်အွန်လိုင်းမှ တဆင်ရေးသားတင်ဆက်လိုက်ပါသည်။ 

 
 စိုးလွင်
(၂၁၁) (၀မ်ခ)
ဒီဇိုင်း မိုးမခမီဒီယာ 
ဒါနဲ့ပဲ ဘန်ကာထဲဝင်..G.4 တလက်ကို ၀င်ဆွဲ ကျည်ဆံ ၂၀ အပြည့်ပါတဲ့ ကျည်ဘောက်တခုကို ယူပြီး တပ်၊ မောင်းတင်းပြီး မြွေရှိနေတဲ့သစ်တုံး ကြားထဲကို သေနတ်ပြောင်းကို ထိုးထည့်၊ မြွေကလည်း သေနတ်ပြောင်း သူဆီတိုးလာလေ တရှူးရှူးနဲ့မှုတ်လေပဲ။
 
တနေ့...တိုက်ပွဲတွေမဖြစ်တာနဲ့ ရဲဘော်တွေစုပြီး ရောက်တတ်ရာရာ ပြောဖြစ်ကြတယ်။ ဒီလိုပြောရင်နဲ့ စကားဝိုင်းထဲမှာပါတဲ့ ရန်ကုန်သားကိုလှသွင်ရဲ့ လက်တွေမှာထိုးထားတဲ့ ဆေးမှင်ကြောင်အကြောင်းရောက် သွားတယ်။ ဒီမှာတင် ကိုလှသွင်က ဒီဆေးမှင်ရုပ်တွေသည် မြွေနိုင်ဆေးဖြစ်ကြောင်း..သူရန်ကုန်မှာနေစဉ် တရက်သား၌ ရွာတရွာသို့ သွားလည်ကြောင်း၊ ညဘက်မူးပြီး လယ်ကွင်းတွင်မှဖြတ်စဉ် အကောင် တကောင်က သူ့ခြေထောက်အားကိုက်လိုက်ရာ သူ့မျက်လုံးမှာ မီးဝင်းဝင်းတောက်သလို ခံစားလိုက် ရကြောင်း၊ သူလည်း ကိုက်တဲ့အကောင်အားဆွဲဖြုတ်ပြီး လက်နှိပ်ဓာတ်မီးဖြစ်ထိုးကြည့်သော အခါ မြွေပွေးဖြစ်နေကြောင်း.။ မြွေဆိပ်လည်း မတက်ကြောင်း ပြောပြတာပေါ့။ 

ကျနော်တို့တအုပ်လုံးလည်းးမယုံတ၀က် ယုံတ၀က်နဲ့ သူကို ၀ိုင်းကြည့်ကြပေါ့။ တချို့ကလည်း သိချင်တာကိုမေးသူကလည်း ဖြေပေါ့လေ။  ဒီလိုနဲ့ အမေးအဖြေပြုနေကြတုန်း ကျနော်လည်း အပေါ့သွား ချင်လာတာနဲ့ စကားဝိုင်းနဲ့မနီးမဝေး သစ်ပင်အောက်ဆီ ထွက်လာခဲ့တယ်။ အပေါ့အပါးသွားပြီး စကားဝိုင်း ဆီပြန်မယ်လုပ်တော့ လက်သန်းလောက်မရှိတရှိ မြွေလေး နှစ်ကောင်တွေ့တယ်။ ဒါနဲ့ပဲ စကားဝိုင်းဆီပြေး ကိုလှသွင်ခေါ်ပြီး မြွေကိုကိုင်ခိုင်းတော့ ပုဂ္ဂိုလ်ကြီးက ဘာပြောတယ်ထင်သလဲ။ 
ဒီမြွေတော့ သူ့ဆေးမနိုင်ဘူးတဲ့ အဆိပ်ရှိလို့တဲ့..ဟင်း။

နှစ်ရက်လောက်နေတော့ ကျနော်လည်း ပျင်းပျင်းရှိတာနဲ့ ဘန်ကာထဲ ၀င်အိပ်တယ်။ မှေးခနဲအိပ်ပျော်သွားပြီး လန့်နိုးလာတယ်။ စိတ်ထဲမှာ မသိုးမသန့်ဖြစ်တာနဲ့ ဘေးဘယ်ကို ကြည့်လိုက်တော့ ကျနော်နဲ့တလံလောက် အကွာမှာ အမြီးကို ဘန်ကာသစ်တုံးကြားမှာ ချိပ်ထားပြီး ကြမ်းပြင်ကိုဆင်းဖို့လုပ်နေတဲ့ လက်ကောက် ၀တ်လောက်ရှိတဲ့ မြွေတကောင်ကို တွေ့လိုက်ရတယ်။ ကျနော်လည်းမလှုပ်ရဲဘဲ ဒီအတိုင်းကြည့်နေ လိုက်တယ်။ ကိုယ့်ဘက်လာရင်တော့ ပြေးဖို့တော့ စဉ်းစားထားပြီ။ ခဏနေတော့ မြွေလည်း အမိုးပေါ်ပြန် တက်ဖို့လုပ်ရော ကျနော်လည်း နီးရာ တုတ်တခုနဲ့ မြွေကိုလှမ်းရိုက်လိုက်တယ်။ 

ထိသွားပေမဲ့ နံရံမှာချိပ်ထားတဲ့သေနတ်တွေနဲ့ ရောရိုက်မိတဲ့အတွက် ဒဏ်ရာမပြင်းလိုက်ဘူး. မြွေလဲ ရှူးခနဲတချက်မှုတ်ပြီး သစ်တုံးကြားဝင်သွားတော့တယ်။ 

ကျနော်လည်း ဘန်ကာအပြင်ကို အပြေးထွက်ပြီး အပြင်မှာရှိတဲ့ရဲဘော်တွေကို ပြောပြတော့တာပေါ။ ဒီမှာတင် ၀င်းထွန်းလင်းက ဘန်ကာထဲဝင်ပြီး သစ်တုံးကြားကမြွေကို လိုက်စမ်းတော့တာပဲ။ ကျနော်လည်း ၀င်းထွန်းလင်းကို လိုက်ဆွဲရတော့တယ်။ ဟုတ်တယ်လေ၊ အဆိပ်ရှိရင် ဘယ်လိုလုပ်မလဲ။ KNU က ရဲဘော်တွေကလဲ ပြောထားတယ်လေ။ ၀မ်ခစခန်းထဲမှာက မြွေဟောက်နဲ့ ငန်းတော်ကြားပဲရှိတာတဲ့။ 

ဒီမှာတင် ကိုလှသွင်ကိုအားကိုးဖို့ သတိရလာတော့တယ်။ ဒါနဲ့ သူ့ကိုပြေးခေါ်ပေါ့။ ကိုလှသွင်ရောက်လာပြီး ဘန်ကာအပြင်ဘက် သစ်တုံးကြားတွေကနေ မြွေကိုချောင်းကြည့်တော့ မြွေက ရှူးခနဲမှုတ်တယ်ဗျာ၊ မြွေက မပြေးနိုင်တော့ဘဲ သစ်တုံးကြားမှာ နေနေတာ။ ကိုလှသွင်ကြည့်တော့လည်း ခေါင်းငိုက်စိုက်နဲ့ ဘာမှ မလုပ်နိုင်ဘူး။

ကျနော်တို့ကလည်း အမှတ်ကိုမရှိတာ။ တခါခံရပြီးလည်း မမှတ်ဘူး။ ကျနော်လည်း ခပ်ချဉ်ချဉ် ရှိတာနဲ့ ခင်ဗျာပြောတော့ မြွေနိုင်တယ်ဆို …အခုလုပ်လေဆိုတော့ သူလည်း ကျနော့်ကို မိုက်ကြည့် ကြည့်ပြီး ထွက်သွားလေးရဲ့။
အချိန်ကလည်း မှောင်စပြုလာပြီ၊ ဒီမှာတင် ကျနော်ကြောက်လာပါပြီ။ ပါးစပ်ရာဇာဝင်လည်း ကြားဖူးခဲ့တယ်လေ။ မြွေတွေဒဏ်ရာရသွားရင် ညဘက်အိပ်ချိန်မှာ ဒဏ်ရာရအောင်လုပ်တဲ့သူကို လာပေါက်သတ် တယ်ဆိုတာပဲ။
ကျနော်ညဘက် ဘယ်လိုအိပ်ရဲတော့မလဲ။ ကြောက်လည်း ကြောက်၊ ဒေါသလည်း ဖြစ်လာပါပြီ။ ရန်သူနဲ့က သူပစ်ကိုယ်ပစ် ညံ့တဲ့သူ သေပဲ။
ဒီမြွေနဲ့က ကိုယ်က ဘာမှမလုပ်ရဘဲ သေရမှာ..ဒီတော့ ကျနော်ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒီမြွေကိုတော့ ဒီညမတိုင်ခင်ရှင်းမှ။ 

ဒါနဲ့ပဲ ဘန်ကာထဲဝင်..G.4 တလက်ကို ၀င်ဆွဲ ကျည်ဆံ ၂၀ အပြည့်ပါတဲ့ ကျည်ဘောက်တခုကို ယူပြီး တပ်၊ မောင်းတင်းပြီး မြွေရှိနေတဲ့သစ်တုံးကြားထဲကို သေနတ်ပြောင်းကိုထိုးထည့်၊ မြွေကလည်း သေနတ်ပြောင်း သူဆီတိုးလာလေ တရှူရှူးနဲ့မှုတ်လေပဲ။
သေနတ်ပြောင်း မြွေဆီကိုအနေတော်ရောက်တာနဲ့ သေနတ်ခလုပ်ကို အတွဲလိုက်မှာထားပြီး အတွဲတိုလေးပစ်ထဲ့လိုက်တယ်။ ၄ -၅တောင့်တော့ ထွက်သွားမှာပေါ့။ 

ကျနော်လည်းပစ်ပြီးတာနဲ့ မြွေသံကိုလည်း နားထောင်ကြည့်၊ ဘန်ကာထဲလည်း ၀င်ကြည့်ဖို့ ပြောတော့၊ ၀င်းထွန်းလင်းက ၀င်ကြည့်ပြီး ထိသွားတယ်ထင်တယ်လို့ပြောတယ်။ ကျနော်မကျေနပ်ဘူး၊ သေသွားတယ်ဆိုတာ သက်သေရမှကျေနပ်မှာ။
ဒါနဲ့ နောက်ထပ်အတွဲတိုတချက် ထပ်ပစ်ပြန်ရော...။
ဒီတခါတော့ ၀င်းထွန်းလင်းဆီက အသံထွက်လာတယ်..ထိသွားပြီး..ထိသွားပြီးတဲ့..။ 

ကျနော်ပျော်ပြီပေါ့။ ဒါပေမဲ့ ပိုသေချာအောင် လက်ကျန်ကျည်အားလုံးကုန်အောင် ပစ်လိုက် ပြန်ရောဗျာ။ ဒီတခါတော့ ၀င်းထွန်းလင်း ဘာမှမပြောတော့ဘဲ မျက်နှာစူပုတ်ပုတ်နဲ့ ဘန်ကာထဲက ထွက်လာတယ်။ သူကမြွေကိုအကောင်လိုက်လိုချင်တာလေ၊ ချက်စားဖို့။ 

ကျနော်ဘန်ကာထဲကို ၀င်ကြည့်တော့ မြွေက ငရုပ်ဆုံထဲထည့်ထောင်ထားသလို မွလန်ကြေနေပြီ။ မြွေတကောင်ကို ကျည်အတောင့် ၂၀ ကုန်အောင်ပစ်လို့ သူများတွေက ကဲ့ရဲ့တဲ့အကြည့်နဲ့ ကြည့်ကြတာကို ကျနော်မမှုတော့ပါဘူး။
ကျနော်ပျော်ပြီလေ။ ၀မ်ခစခန်းထဲမှာ နေနေရတဲ့ကာလထဲမှာ အဲဒီညက အိပ်လို့ အကောင်းဆုံး ပါပဲဗျာ။ 

စိုးလွင်(၂၁၁)(၀မ်ခ)
 

Comments