သစ်ခက်သံလွင်၊ အမှတ်တရများ ၂၊ နရီမင်း - ထူးအိမ်သင်



ထူးအိမ်သင်

နရီမင်း

ဒီဇိုင်းမျိုးဆွေသန်း
  ၈၈ စစ်အာဏာသိမ်းပြီးတဲ့အခါ တောခိုကြတော့ သူလည်း ကိုမွန်းအောင်နဲ့အတူ ဘုရားသုံးဆူ စခန်းကိုပဲ သွားခဲ့တာပါ။ ကျွန်တော်တို့က စစ်အာဏာသိမ်းပြီး တစ်လလောက်ကြာမှ ဘုရားသုံးဆူ ရောက်တယ်။ ကျွန်တော်တို့ရောက်တော့ ကိုကျော်မြင့်လွင်က ပြန်သွားပြီ။ ကိုမွန်းအောင်ပဲ ကျန်တယ်။

ကိုမောင်မောင်နီရေ
ထူးအိမ်သင်အကြောင်းပြောရရင် သူနဲ့က စတွေ့တွေ့ချင်း ညမှာပဲ တခန်းတည်း တူတူ အိပ်ခဲ့ကြတာ ဆိုပါတော့။ သူလည်း ထူးအိမ်သင် မဖြစ်သေးပါဘူး။ သူက သီချင်းခွေ သွင်းမယ်ဆိုပြီး ရန်ကုန်ရောက်နေတာ။ နာရီပေါ်က မျက်ရည်စက်များဆိုတဲ့ အခွေပါ။ 


သူက RASU ထဲက အဆောင် (ရွှေဘိုဆောင်လား၊ ပဲခူးဆောင်လားတောင် မမှတ်မိတော့ဘူး။ သထုံဆောင်လည်း ဖြစ်နိုင်တယ်) မှာနေတဲ့ ကျွန်တော့်သူငယ်ချင်း အောင်ကျော်ဦးအခန်းမှာ လာလာ အိပ်တယ်။ အောင်ကျော်ဦးက ပဲခူးနေရှင်နယ်ကျောင်းကနေ ကျွန်တော်နဲ့ တစ်နှစ်တည်း တူတူအောင်တာ။ သူက စိတ်ပညာအဓိက တက်နေတာ။ ဂစ်တာတီး အရမ်းကောင်းတယ်။ ကျော်ဦးကလည်း ဂျက်ဇ်ဂီတကို အရမ်းကြိုက်တာဆိုတော့ ထူးအိမ်သင်နဲ့ အရမ်းခင်တယ်။

ကျွန်တော်ကလည်း မင်္ဂလာဒုံတောထဲက အဆောင်မှာ နေမပျော်တာမို့ RC 2 ထဲ သွားအိပ်လိုက်၊ RASU ထဲသွားအိပ်လိုက်၊ RIT ထဲ သွားလိုက်နဲ့ လှည့်ပတ် ဂျပိုးထိုးနေတာ။ 
 
ဒီဇိုင်းမျိုးဆွေသန်း

အဲ့ဒီလိုနဲ့တည ကျော်ဦးအခန်းမှာ အိပ်မယ်ဆိုပြီးသွားတော့ ထူးအိမ်သင်နဲ့ သွားဆုံတာ။
ကျော်ဦးက ကိုကျော်မြင့်လွင်လေ၊ အခွေသွင်းချင်လို့ ရန်ကုန်ရောက်နေတာလို့ ဆံပင်ကောက်ကောက် အရုပ်ဆိုးဆိုး လူတယောက်နဲ့ မိတ်ဆက်ပေးတယ်။ ကျွန်တော်က ကျော်ဦးအခန်း စရောက်ကတည်းက အရက်မူးနေပြီ။ ကျော်ဦးတို့ကတော့ စိမ်းရွှင်ရွှင်အနံ့ထွက်တဲ့ ဆေးလိပ်တွေကို သောက်ကြတယ်။
အဲ့ဒီညမှာ ထူးအိမ်သင်က သူရေးထားတဲ့ သီချင်းတွေဆိုပြတော့ ကျွန်တော် သိပ်မကြိုက်လှပါဘူး။ ကိုယ်ကလည်း အဲ့ဒီတုန်းက ဂီတအကြောင်း ဘာမှမသိလှပါဘူး။ သူ့အသံက ထူးခြားမှု ရှိပေမယ့် ကောင်း လှတာလည်း မဟုတ်။ အဟီး ကိုယ့်အသံ ကတောင် သူ့ထက် အများကြီးကောင်းဦးမယ်လို့ အဲ့ဒီတုန်းက ထင်တယ်။ သူ့ကိုသနားစရာ သတ္တ၀ါလို့ပဲ ထင်လိုက်မိတယ်။ အမိုက်မဲလေးပေါ့၊ ပါလာတဲ့ ပိုက်ဆံလေး ကုန်တာပဲ အဖတ်တင်မယ်လို့တောင် တွေးလိုက်မိသေးတယ်ထင်တယ်။ 

ကျွန်တော့်ရဲ့အကဲဖြတ်ကောင်းပုံများ။ ဒါပေမဲ့ ကျော်ဦးက ဂီတနဲ့ပတ်သက်ပြီး သူ့ကို အရမ်း အထင်ကြီးထား တယ်။
ဒါပေမဲ့ ကဗျာအကြောင်းပြောကြတော့ သူက အထင်ကြီးစရာ ဖြစ်လာတယ်။ သူက မောင်သာနိုးရဲ့ ထင်ရူးပင်ရိပ်ကို အလွတ်ရလုနီးပါး ဖတ်ထားတဲ့သူကိုး။ 

အဲ့ဒီတုန်းက ကျွန်တော်တို့ ဆေး ၂ ကဗျာအသိုင်းအဝိုင်းကျဉ်းကျဉ်းလေးမှာ ထင်ရူးပင်ရိပ် ဖတ်ဖူးသူ သုံးလေးငါးယောက်ပဲ ရှိမယ် ထင်ပါတယ်။ ကိုယ်တောင် ကိုဇော်မင်းတို့ ကိုအောင်သူငြိမ်းတို့နဲ့ပေါင်းမှ ထင်ရူးပင်ရိပ် ဖတ်ဖူးတာ။ သူနဲ့ ကျွန်တော်နဲ့က ကိုင်ထားတဲ့ ကျမ်းချင်းတူတော့ ကဗျာအကြောင်းပြောတဲ့ အခါ ကီးကိုက်သွားရော ဆိုပါတော့။

ဒီဇိုင်းမျိုးဆွေသန်း
ကျော်ဦးအခန်းမှာ သူနဲ့သုံးညလောက် တူတူအိပ် စကားတွေ ပြောဖြစ်ခဲ့တယ်။ သမံတလင်းပေါ် ဖျာခင်းပြီး အိပ်ခဲ့ကြတာပါ။


နောက်အရေးအခင်း ဖြစ်တဲ့အထိ သူနဲ့ပြန်မဆုံတော့ဘူး။ သူ့ပထမဆုံးခွေက အရမ်းပေါက်သွားပြီး နေရာ အနှံ့ကြားနေရတော့ ကျွန်တော်ပါ သူ့သီချင်းတွေကို ကြိုက်လာတယ်။

၈၈ စစ်အာဏာသိမ်းပြီးတဲ့အခါ တောခိုကြတော့ သူလည်း ကိုမွန်းအောင်နဲ့အတူ ဘုရားသုံးဆူ စခန်းကိုပဲ သွားခဲ့တာပါ။ ကျွန်တော်တို့က စစ်အာဏာသိမ်းပြီး တစ်လလောက်ကြာမှ ဘုရားသုံးဆူ ရောက်တယ်။ ကျွန်တော်တို့ရောက်တော့ ကိုကျော်မြင့်လွင်က ပြန်သွားပြီ။ ကိုမွန်းအောင်ပဲ ကျန်တယ်။ ဒါပေမဲ့ ဘုရား သုံးဆူစခန်းမှာ ကျွန်တော်နဲ့တလျှောက်လုံး တွဲခဲ့တဲ့သူက သူနဲ့ တအိမ်တည်းနေခဲ့တဲ့ သူ့အစ်ကိုတစ်ဝမ်းခွဲ ကိုအောင်မျိုးဆန်း။
ကိုအောင်မျိုးဆန်းပြောထားလို့ သူတို့နေတဲ့ မော်လမြိုင် မောင်ငံက အိမ်လိပ်စာကို ကျွန်တော်သိတယ်။ ကျွန်တော်ပြည်ထဲကို အပြီးပြန်ဝင်တုန်းကရော ကြားထဲမှာခိုးဝင်တုန်းကရော မောင်ငံက သူ့အိမ်မှာ အိပ်ခဲ့တာပါ။ သူ့ကြီးဒေါ်ကြီး (ကိုအောင်မျိုးဆန်း အမေ)နဲ့ သူ့အစ်မအပျိုကြီး မအိအိခင် တို့က အရမ်း သဘောကောင်းတယ်။
တောထဲက ခိုးဝင်လာတဲ့ တခါမှမမြင်ဘူးတဲ့ကျွန်တော့်ကို ကျွန်တော် အောင်မျိုးဆန်းတို့ ကျော်မြင့်လွင်တို့ သူငယ်ချင်းပါလို့ ပြောလိုက်ရုံနဲ့ အိမ်မှာလက်ခံပြီး ပေးအိပ်တဲ့အပြင် လိုလေသေးမရှိ ကူညီတယ်။ ကျွန်တော် ရောက်တဲ့ နှစ်ခေါက်စလုံး သူ အိမ်မှာမရှိဘူး။ စစ်အစိုးရကခေါ်တဲ့ပွဲတွေ သူ သွားမဆို လို့ ပေါ်လစီသီချင်းတွေ ဆိုမပေးလို့ ပြဿနာ အရှာခံရတဲ့အကြောင်းတွေ သူ့အစ်မက ပြောပြတယ်။
သူနဲ့ပြန်တွေ့တာက တောထဲကပြန်ရောက်ပြီး ကျွန်တော် ကျောင်းပြန်တက်နေတဲ့အချိန်။

ဆေး ၂ အဆောင်က မြောက်ဥက္ကလာရောက်သွားပြီ။ ကိုအောင်ဘညိုက ကျွန်တော့်အဆောင်မှာ လာအိပ်တယ်။ အောင်ဘညို ဗိုက်တအားအောင့်လို့ မြောက်ဥက္ကလာ ဆေးရုံတင်လိုက်ရတယ်။ သူက အောင်ဘညိုကို ဆေးရုံမှာလာကြည့်တော့ ကျွန်တော်နဲ့ ပြန်တွေ့တာပါ။ သူကိုအောင်ဘညို ကို ပိုက်ဆံ တော်တော်များများ ပေးသွားတယ်။

နရီမင်း


Comments