သစ်ခက်သံလွင် တကိုယ်တော်ကဗျာ၊ ဆလိုင်းမြတ်နိုးသူရဲ့ ကဗျာများ

သကြားလုံးနဲ့ လူငယ်နဲ့ ကလေးနဲ့ အတိတ်နဲ့ လက်ရှိ
www.artbylt.com
ငါ့အချိုရောင် သကြားလုံးဟာ ဒုက္ခိတဖြစ်နေတယ်
ပန်းခြံကို နောက်ဆုံးမြင်ရတာ အသက် ၁၂ ဝန်းကျင်
အဲ့ဒီမှာ သင်တို့ရဲ့လွတ်လပ်ရေးခေါင်းဆောင်ကြီးရုပ်တု

အိပ်ရာဝင်ပုံပြင်မှာ ငါချစ်ကျွမ်းဝင်ပြီးသားဖြစ်ခဲ့
အမြန်သွားကြည့်တော့
ခေါင်းဆောင်ကြီးရဲ့လက်ဟာ ကျိုးပဲ့ပြီး
သူ့ ခြေထောက်မှာ မြက်ပင်တွေပေါက်နေပေါ့
သူ့ မျက်လုံးတလုံးဟာ သွေးတွေ အဖောက်ခံထားရသလိုပဲ
ကျီးကန်းတွေထိုးစားထားသလို အပြင်ကို ပြူးထွက်လာ
ခေါင်းဆောင်ကြီးရဲ့အနား
မြက်ပင်တွေဘေးက အင်းဆက်ကောင်တွေ

တကယ်တော့ လွတ်လပ်ရေးကလည်း မြက်တွေပေါက်ခဲ့တာကြာပေါ့
ဆီးနှင်းတွေနဲ့ နှာရည်တွေ သဘာဝဟာ ငါ့ကိုကွယ်ပေးခဲ့
နေရောင်မထွက်ခင် ခဏခဏပြေးခဲ့ဖူးတယ်
နောက်တော့ ခေါင်းဆောင်ကြီးဟာ ဖြိုချခံခဲ့ရတယ်

အဲ့ဒီထဲက တချို့အခုလည်း ဒူးထောက်ကြလို့
အသက်မရှိတဲ့ရုပ်တုကြီးကို လျှာနဲ့ပွတ်တော့မတတ်

အခုတော့ ငါ သကြားလုံးတွေကို
မကြိုက်တော့ဘူး။

ဆလိုင်းမြတ်နိုးသူ
2016 July 10
 ...

ငါ စောင့်နေလျက် မေမေသူရဲကောင်းကြီး
www.artbylt.com
အမေဟာ ငါ့ကို လာကယ်မလား ငါရပ်စောင့်နေခဲ့
ဂျေဒိုးနပ်ပေါ်က အမှတ်အသားလေး ၁၉၉၉ မှာ ငါဝင်ထိုင်
ရန်သူတွေ ငါ့ကိုဝိုင်းထားကြလို့
ဒီလောက်ဆို ရောက်သင့်တာကြာပါပြီ
မနည်းတော့ နှစ်တွေ သိမ်ငယ်နေတဲ့စိတ်ဟာ အခုထိ ရှိဆဲ

လမ်းဆုံရောက်ခိုက် တွေးမိတယ်
ပိုက်ဆံရှာရတာ ပင်ပန်းသလို စောင့်ရတာလည်း မောလှ
အမှတ်အသားပြုလုပ်ဖို့ တွေးကြည့်တယ်
ငါ့ကိုအမေမြင်ဖို့ပါ သူ့ သားတော်မောင်ဆိုတာကို
ခေါင်းပေါ်က  ချုပ်ရိုးတွေ ပုလင်းထဲထည့်ပြီး ခုတင်ပေါ်မျှောလိုက်တယ်
အမေနဲ့ တူတဲ့မိန်းမကိုလိုချင်ခဲ့တာ အသက် ၂၀ တုန်းက
အခု ၂၁ ဆိုတော့လည်း အမေနဲ့တူတဲ့မိန်းမပဲ
သူမခုတင်ပေါ်ရောက်တဲ့အခါ တွေ့ဖို့တော့ မတွေးထား

အချစ်စိတ်ဖြစ်လာရင် အားလုံးဟာ ဟင်းလင်းပြင်သို့
အမေ့ကိုကျနော် သိပ်ချစ်တာပဲ  ရွေ့လျက်
မမြင်ဖူးတဲ့ သူ့အမေပုံကို သူငယ်ချင်းဟာ တက်တူးထိုးထားတယ်
ငါက အမေ့ကိုတပိုင်းတစမြင်ခဲ့တာဆိုတော့ ခန္ဓာကိုယ်က မလုံလောက်

အမေလာနေမလား ခုထိတွေးပြီးမျှော် ပျော်နေတုန်းပဲ
ရန်သူတွေက အမေ့ကိုအရသာရှိစေတာ မဟုတ်ဘူးဆိုတာ
အမေလာတဲ့ခါ ငါ ဘယ်လိုပြောရမလဲ။

ဆလိုင်းမြတ်နိုးသူ
July 23 2016
....
ရောဂါသည် ခရီးသွားနေသည်
www.abstract-art-blog.net
လက်ထဲငွေတပြားမှရှိမနေဘဲ ဘတ်စ်ကားမှတ်တိုင်တွေဆီအငမ်းမရ သွားခဲ့
ဆီဆိုင်နားအရောက် ကောင်မလေးဟာ သူ့လင်ငယ်ပေးဖို့
ကောင်တာထဲက ကင်းမြီးကောက်ပုံတွေနှိုက်ယူ အေးဆေးငြိမ်သက်ပြီး
သူခိုးသူခိုးလို့ ထအော်တာကို သူတွေ့ရ
မီးသီးကိုခေါင်းနဲ့တိုက်ဖို့ကြိုးစားနေတဲ့နဂါးပိုးကောင်လေးက သနားစရာဆိုပေမယ့်
အဟာရဓာတ်တွေကုန်ဆုံးလို့ ပိန်လှီသော လက်ချောင်းတွေကို ပိုမိုသနားစရာပါ
အရသာရှိတဲ့ကြက်ပေါင်ကြော် လိုချင်တယ်
အခုနေ ကဗျာစာအုပ်တအုပ်လောက်ရှိရင် ကောင်းမယ်
ဒီ့ထက် မိန်းမတယောက်သာရှိနေရင် ပိုကောင်းမှာပဲပြောပြီး
ဒီလောက်ပိုက်ဆံတွေ ဘဝမှာ တကြိမ်တခါမှမလိုအပ်ဘူး
သူဟာ ဘဏ်တိုက်တွေကို လှောင်ရယ်နေ
လုံးဝအသုံးမကျသေးတဲ့ အစိုးရရုံးတခုနားရောက်တော့
တဘဝလုံး ချို့ချို့တဲ့တဲ့နေခဲ့တဲ့ သူ့ကောင်ကို သတိရပြန်
ခွေးသားလေး တော်တော်ညံ့တယ် ထီပေါက်ဖို့စောင့်နေတဲ့ကောင်တွေက
လူ့ဘဝမှာ အညံ့ဆုံးကောင်တွေပါတဲ့
သူ့ အော်သံဟာ ခေါင်းလောင်းတွေ မြည်သွားစေသလိုပဲ
ငါက ငါ့အသက်ကိုပေးရအောင် မင့်နိုင်ငံတော်ကြီးက
ဘယ်လောက်အရေးပါလဲ ဆက်လျှောက်နေတယ်
တနေနေရာမှာတော့ အလကားစီးသွားရတာဖြစ်ဖြစ် စီးကိုစီးရမယ်လို့ထင်နေပုံပဲ
သူ့လက်ထဲမှာသူ့ လက်ဟာ သူဟာ သူ့မြေပုံအညွှန်း
" ခဏခဏထထ အလေးပြုမှုတွေဟာ ပျင်းစရာ" ဆို
သူဟာ ဆက်သွားလျက် ရပ်လျက် ရယ်လျက် မပြီးမစီး။

ဆလိုင်းမြတ်နိုးသူ
2016 July  8

...
ငါတို့ ကိုယ်တိုင်လက်ရာ  
lesliepaints.wordpress.com

သူမ ငါ့ကို လက်ခံလိုက်တဲ့ နေ့ကစပြီး
သူမရဲ့ရွှေရောင်ဆံခြည်တွေကြားမှာ
နှစ်ဦးသဘောတူ ငါးတွေမွေးထား
တစ်ကောင်နှစ်ကောင်မှသည် လေးငါးဆယ်ကောင်
ငါးတွေဟာ သန်းကောင်တွေနဲ့ အုန်းဆီတွေကိုစားလို့
သူမအမေပေးတဲ့ ဦးထုပ်လှလှလေးကို ဖောက်သောက်ပစ်ကြလို့
ငါနဲ့ သူမရတဲ့အခါ တစ်ကောင်နှစ်ကောင်ဆက်ချန်ပြီး
ကျန်တဲ့ငါးတွေကို ချက်စားပစ်ဖို့ ဆုံးဖြတ်ထားကြတယ်
ငါတို့သားသမီးတွေဟာ ငါးတွေကို ဆံပင်တွေကြားမှာ
ဆက်မွေးကြလိမ့်မယ်
သမိုင်းရဲ့တန်ဖိုးအရှိဆုံး လက်ဆောင် အစားအစာ
ငါးတွေ မလား။


ဆလိုင်းမြတ်နိုးသူ
2016 July

Comments