ကဗျာဆိုတာ ပြောက်ကျားလက်နက်
ငြိမ်းဝေ(ကဗျာ့ အိုးဝေ)
POS |
၁၉၇၀-ခုနှစ်တ၀ိုက်က၊ “စာပေဆည်းဆာ” လှုပ်ရှားမှုထဲမှာ ကျွန်တော် စိတ်ဝင်စားတဲ့ အယူအဆ (၂) ခု ရှိခဲ့ပါတယ်။ ပထမ အချက်က “ကဗျာနှင့်လူ ထပ်တူဖြစ်မှု မဖြစ်မှု” ဆိုတဲ့အယူအဆ။ နောက်တချက် ကတော့ “ကဗျာဆိုတာ ပြောက်ကျားလက်နက်” ဆိုတဲ့ အယူအဆပါပဲ။
(က)
၂၀၀၈-ခု အ၀င် ကာလများမှာ မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှု စစ်မျက်နှာတခုရယ်လို့ ဆိုရမယ့် ကဗျာစာပေ နယ်ပယ်မှာ ပေါက်ကွဲသံတွေဆူညံနေခဲ့ပါတယ်။ ဒီပေါက်ကွဲသံတွေဟာ ကမ္ဘာ့အာဏာရှင်စနစ် ဆန့် ကျင်ရေးတိုက်ပွဲသမိုင်းမှာလည်း ကဗ္ဗည်းဝင်မယ့်ကဗျာတွေ ကဗ္ဗည်းဝင်မယ့် တိုက်ပွဲခေါ်သံတွေ လည်းဖြစ်တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။
ကျွန်တော်ဆိုလိုတာကတော့ ကဗျာဆရာ
“စောဝေ”ရဲ့ “ဖေဖော်ဝါရီဆယ့်လေး” ကဗျာ ၊ ကဗျာဆရာ “ကြည်မောင်သန်း”ရဲ့ “ဒီပရင်္ဂ”
ကဗျာတွေဟာ စစ်အာဏာရှင်ရဲ့ခံကတုတ်များဖစ်ကြတဲ့ စာပေစီ စစ်ရေးမြောင်းတွေကို
အပြင်းထန်ဆုံး ပစ်ခတ်ထိုးဖောက် တိုက်ခိုက်လိုက်တဲ့ တိုက်ပွဲသံတွေကို ဆိုလို တာပါ။
ဒီအဖြစ်အပျက်တွေနဲ့ ဆက်စပ်ပြီး လွန်ခဲ့တဲ့ နှစ် (၃၀) ကျော် လောက်က
မြန်မာကဗျာ နယ်ပယ်အတွင်း ဖြစ်ထွန်းခဲ့တဲ့ စာပေလှုပ်ရှားမှုတခုကိုသွားပြီး
သတိရမိပါတယ်။
၁၉၇၀-ခုနှစ်ဝန်းကျင်က “စာပေဆည်းဆာ”
ဆိုတဲ့ စာပေလှုပ်ရှးမှုတခု ရှိခဲ့ဖူးတယ်။ မဆလ တပါတီ အာဏာရှင်အောက်မှာဖြစ်တာမို့
ထင်ထင်ပေါ်ပေါ်တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ဒီ “စာပေဆည်းဆာ” ဟာ ကဗျာနဲ့ပတ်သက်တဲ့
ဖြစ်ထွန်းမှုတချို့ကို တွန်းတင်ပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် အတတ်ပညာအပိုင်း မှာ
ဖြစ်ပါတယ်။
“စာပေဆည်းဆာ” လှုပ်ရှားမှုရဲ့အစီစဉ်ထဲမှာ
ကိုယ့်အစုနဲ့ကိုယ်၊ ကိုယ့်ဒေသနဲ့ကိုယ် ကဗျာစာအုပ်တွေ ထုတ်ကြဖို့ ဆိုတဲ့ အစီစဉ်လည်း ရှိခဲ့ပါတယ်။
ဒီအစီစဉ်နဲ့ပဲ ဒေသအရဆိုရင် ပျဉ်းမနားက “တောင်ညိုခင် တန်း” ၊ ပဲခူးက “ဒီရေ” နဲ့
“ဆီးပွင့်” ။ ရန်ကုန်ကတော့ “နွေဦးသစ်မှာပေါ်တဲ့ ပွင့်သစ်” “မိုးရိပ်လေရိပ်” နဲ့ “မတ်လအရိပ်”
ကဗျာစာအုပ်တွေပါပဲ။ တခြားဒေသတချို့ကလည်း ကဗျာစာအုပ်တွေ ထုတ်ကောင်း ထုတ်နိုင်ခဲ့ပါလိမ့်မယ်။
ကျွန်တော် မှတ်မိသလောက် အဲဒီ ပဲခူး၊ ရန်ကုန်၊ ပျဉ်းမနား အစရှိတဲ့ ဒေသက ကဗျာဆရာတွေက
ကိုယ့်ဒေသရယ်လို့မဟုတ်ပဲ၊ တခြားဒေသက ကဗျာဆရာတွေဆီက ကဗျာတွေကို ပါတောင်းပြီး
ထုတ်တော့ ကိုယ့်ဒေသက တာဝန်ယူ ထုတ်ခဲ့ကြတဲ့သဘောပါပဲ။
ဥပမာ ... ကျွန်တော်တို့
ပဲခူးကဆိုရင် “ဆီးပွင့်” ကဗျာစာအုပ်ထုတ်တော့ ရန်ကုန်က “မုံရွာအောင်ရှင်” တို့
ပျဉ်းမနားက “မောင်သင်းခိုင်” တို့ရဲ့ ကဗျာတွေကိုတောင်းပြီး ကျွန်တော်တို့
ကဗျာစာအုပ်မှာ ထည့်ခဲ့ကြ တာပဲ။
ရာဇ၀င်တွင်ဖို့လိုအပ်တယ်လို့
ယူဆပြီးပြောရရင် ရန်ကုန်မှာထုတ်တဲ့ ကဗျာစာအုပ်တွေဟာ၊ အသိုင်း အ၀ိုင်းအားဖြင့်
ကျယ်ပါတယ်။ တကယ့်တပ်ပေါင်းစုသဘောလည်း ဆောင်ပါတယ်။ ဒီတုန်းက ရန်ကုန်က ထုတ်တဲ့
ပထမဦးဆုံးနဲ့ ဒုတိယအကြိမ်ထုတ်ဝေတဲ့ ကဗျာစာအုပ်ရဲ့ နာမည်တွေကို ဆရာ “ဒဂုန်တာရာ” က
နာမည်ပေးခဲ့တာပါ။ လက်ရေးနဲ့ရေးတဲ့သူတွေက ပထမ “မုံရွာအောင်ရှင်” ၊ ဒုတိယ
“ကိုအောင်ငြိမ်း” ။ ပထမဦး ဆုံး ထုတ်ဝေတဲ့ ကဗျာစာအုပ်ရဲ့ အမည်က
“နွေဦးသစ်မှာပေါ်တဲ့ ပွင့်သစ်” တဲ့။
ဒုတိယစာအုပ်ကတော့ “မိုးရိပ် လေရိပ်”
ဖြစ်ပါတယ်။ ဒီစာအုပ်တွေဟာ ထုတ်ဝေခွင့်ရယူပြီး တရားဝင်ပုံနှိပ် ထုတ်ဝေခဲ့တာ
မဟုတ်ပါဘူး။ သမိုင်းပေးတာဝန်အရ မတရားတဲ့ စာပေဆိုင်ရာအမိန့်အာဏာကို
ဖီဆန် ထုတ်ဝေလိုက်တဲ့ သဘောပါပဲ။ ဖယောင်းစက္ကူပေါ်မှာ ကညစ်နဲ့ရေးပြီး
ကျောက်ပုံနှိပ်လက်ရေးကဗျာ စာအုပ်တွေအဖြစ် ထုတ်ဝေခဲ့ကြတာပါ။
ကျွန်တော်ထင်ပါတယ်။ ဒီတုန်းက အဲဒီ
“စာပေဆည်းဆာ” လှုပ်ရှားမှုဟာ အကြောင်းအရာ(နိုင်ငံရေး) အရ၊ အတတ်ပညာအရ
မြန်မာကဗျာဖြစ်ထွန်း တိုးတက်မှုကို တွန်းတင်နိုင်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ ဒီ
“စာပေ ဆည်းဆာ” လှုပ်ရှားမှုထဲကပဲ စာပေအယူအဆတချို့ ပေါ်ထွက်လာခဲ့ တယ်လို့ ဆိုရပါမယ်။
(ခ)
၁၉၇၀-ခုနှစ်တ၀ိုက်က၊ “စာပေဆည်းဆာ”
လှုပ်ရှားမှုထဲမှာ ကျွန်တော် စိတ်ဝင်စားတဲ့ အယူအဆ (၂) ခု ရှိခဲ့ပါတယ်။ ပထမ အချက်က
“ကဗျာနှင့်လူ ထပ်တူဖြစ်မှု မဖြစ်မှု” ဆိုတဲ့အယူအဆ။ နောက်တချက် ကတော့ “ကဗျာဆိုတာ
ပြောက်ကျားလက်နက်” ဆိုတဲ့ အယူအဆပါပဲ။ ဒီကနေ့ ဒီဆောင်းပါးမှာတော့ “ကဗျာဆိုတာ
ပြောက်ကျားလက်နက်” ဆိုတဲ့ အယူအဆကိုပဲ ကျွန်တော် ပြောပါမယ်။
ပြောမယ့်သာပြောရတာပါ။ ဒီ “စာပေဆည်းဆာ”
ကဗျာလှုပ်ရှားမှုလုပ်တဲ့အချိန်က ကျွန်တော်က ကဗျာ တပုဒ်ပဲ ပုံနှိပ်ဖော်ပြခံရဖူးသေးတဲ့
တကယ့်နောက်တန်းရဲ့ နောက်တန်းက လူတယောက်ပါ။ အသက်အရွယ်အားဖြင့်လည်း (၂၀) ၀န်းကျင်ပဲ
ရှိပါသေးတယ်။ နောင်တော် ကဗျာဆရာတွေ ဖြစ်ကြတဲ့ “အောင်ငြိမ်း” ၊ “မုံရွာ အောင်ရှင်”
၊ “မောင်သင်းခိုင်” ၊ “ဇော် (ပျဉ်းမနား)” တို့ရဲ့ နောက် ...၊ ခတ်လှမ်းလှမ်း က လူတယောက်ပါပဲ။
“စာပေဆည်းဆာ” ကိစ္စ၊ ကျွန်တော့်မှာ ပြောခွင့်ရှိတဲ့ အနေအထား၊ ပြောနိုင်လောက် တဲ့
“၀ါ” ၊ ကျွန်တော့်မှာ မရှိပါဘူး။ အခုလို စာတတန် ပေတတန် ရေးပြီး ပြောတယ်ဆိုတာကလည်း
ကိုယ့် ကိုယ်ကို ပြောနိုင်တဲ့ လူတယောက်လို့ယူဆပြီး ပြောတာလည်း မဟုတ်ပါဘူး။
ဒါပေမဲ့ “စာပေဆည်းဆာ” ကို ကျွန်တော်တန်ဖိုးထားတယ်။ “စာပေဆည်းဆာ” ဟာ ကျွန်တော့်ရဲ့
ပဲ့ကိုင်၊ “စာပေဆည်းဆာ” ဟာ ကျွန်တော့်ရဲ့ ဖြတ်သန်းမှုတခုဖြစ်တာမို့ “စာပေဆည်းဆာ”
ကို လွမ်းသတဲ့အနေနဲ့ ကျွန်တော်ရေးတာပါ။
အဲဒီစာပေဆည်းဆာလှုပ်ရှားမှုထဲမှာ
ကျနော်တို့ရဲ့ နောင်တော်ကြီးတွေ ပြောသံဆိုသံကြားလို့ ၀င်ပြီး နားထောင်၊ ၀င်ပြီး
ဆွေးနွေးရင်းနဲ့ “ကဗျာဆိုတာ ပြောက်ကျားလက်နက်” ဆိုတဲ့ စကားကို ကျွန်တော်ကြားခဲ့ ရတာပါ။ လွဲချင်လည်း လွဲနိုင်ပါတယ်။ “ကဗျာဆိုတာ ပြောက်ကျားလက်နက် ဖြစ်တယ်” ဆိုတဲ့
စကားကို ဆရာ “မောင်သင်းခိုင်” တို့က စပြီး ပြောခဲ့တာလို့ပဲ မှတ်ယူခဲ့ဖူးပါတယ်။
(ဂ)
ဒီ ၂၀၀၈-ခုနှစ်၊
နှစ်လည်မကျော်ခင်မှာပဲ၊ မြန်မာစာပေသမိုင်းမှာ ထင်ရှားတဲ့အဖြစ်အပျက်(၂)ခု ရှိခဲ့ပါ တယ်။
နှစ်ခုစလုံး ကဗျာနဲ့ပတ်သက်တဲ့ သမိုင်းဝင်အဖြစ်အပျက်တွေပါပဲ။ ပထမအဖြစ်အပျက်ကတော့
ကဗျာ ဆရာစောဝေရဲ့ “ ဖေဖော်ဝါရီဆယ့်လေး ” ကဗျာကိစ္စ၊ နောက်တခုကတော့ ကဗျာဆရာ“ကြည်မောင်သန်း” ရဲ့ “ဒီပရင်္ဂ” ကဗျာ ကိစ္စပါပဲ။
ဒီကဗျာ (၂)ပုဒ်ဟာ တခုနဲ့တခု
ဦးတည်ချက်ချင်းတော့ တူကြပါတယ်။ ဆရာ “စောဝေ” ရဲ့ ကဗျာက အုပ်စိုး သူ စစ်အစိုးရရဲ့
ဦးနှောက်နဲ့ နှလုံးသားကို တိုက်ရိုက်ထိုးနှက်တဲ့ ကဗျာဖြစ်ပြီး၊ ဒုတိယကဗျာတပုဒ်
ဆရာ ကြည်မောင်သန်းရဲ့ကဗျာကြတော့ စစ်အစိုးရဆန့်ကျင်ရေးတိုက်ပွဲဝင် အဖြစ်အပျက်နဲ့
တိုက်ပွဲ ၀င် ခေါင်းဆောင်တွေကို ဂုဏ်ပြုမှတ်တမ်းတင်တဲ့ ကဗျာဖြစ်ပါတယ်။ ဟိုတုန်းက
အသုံးပြုခဲ့တဲ့ စကား လုံးတွေအရ ပြောရရင် ဆရာစောဝေရဲ့ကဗျာက “ဖွင့်ချရေး”
အလုပ်ကိုလုပ်ပြီး၊ ဆရာကြည်မောင်သန်း ရဲ့ကဗျာ ကတော့ “အမွှန်းတင်ရေး” အလုပ်ကို လုပ်ပါတယ်။
ဒီအဖြစ်အပျက်နဲ့ ဒီကဗျာ (၂)
ပုဒ်ကိုကြည့်ရင် ကဗျာဆရာနှစ်ယောက်စလုံးဟာ လူထုဖက်က ရပ်တည် ကြတဲ့ကဗျာဆရာတွေဆိုတာ
ရှင်းပါတယ်။ အခုလို လူထုနဲ့အုပ်စိုးသူ စစ်အစိုးရ ပဋိပက္ခ ဖြစ်တဲ့အခိုက်၊ ဒီကဗျာ
ဆရာနှစ်ယောက်ဟာ လူထုဖက်ကရပ်ပြီး လူထုရဲ့ရန်သူ၊ ဖိနှိပ်သူ စစ်အစိုးရကို
ထိုးနှက်တိုက်ခိုက် ကြတဲ့ ရာဇ၀င် တွင်တဲ့ ကဗျာဆရာတွေပါပဲ။
ဒီနေရာမှာ ကဗျာဆရာနှစ်ယောက်စလုံး
ကဗျာဆရာပီပီ၊ ကဗျာလက်နက်ကိုပဲ ကိုင်ဆွဲခဲ့ကြပေမယ့် သူတို့ ကိုင်ဆွဲတဲ့ကဗျာ၊
သူတို့အသုံးပြုတဲ့ကဗျာဟာ “ပြောက်ကျားလက်နက်” သဘော အသုံးပြုသွား တာ တွေ့ကြရပါတယ်။
စစ်အစိုးရဲ့ စာပေစီစစ်ရေးအဟန့်အတားတွေကို အလစ်အငိုက် ထိုးဖောက် ၀င်ရောက်ဖြတ်သန်း
နိုင်ဖို့ သူတို့ရဲ့ကဗျာတွေဟာ ကိုယ်ရောင်ဖျောက်ထားတဲ့ကဗျာ စကားလုံး၊
ကိုယ်ရောင်ဖျောက်ထားတဲ့ ပါဒ၊ ကိုယ်ရောင်ဖျောက်ထားတဲ့ ကဗျာပိုဒ်တွေကို အသုံးပြု ခဲ့ကြပါတယ်။
မထင်မှတ်တဲ့အချိန်၊ မထင်မှတ်တဲ့နေရာက မထင်မှတ်တဲ့အသွင်သဏ္ဌာန်နဲ့ စစ်အစိုးရဲ့ခံတပ်၊ စာပေ စီစစ်ရေးကို အပြင်းထန်ဆုံးဝင်ရောက်ထိုးဖောက် တိုက်ခိုက်လိုက်ကြတဲ့
သဘောပါပဲ။ ဒါဟာဖြင့် ပြောက်ကျားသေနင်္ဂဗျူဟာပါပဲ။
လူထုကြီးနဲ့ စစ်အစိုးရ အခုလို
ရင်ဆိုင်ပဋိပက္ခဖြစ်နေတဲ့အချိန်မှာ လူထုကြီးက လက်နက်မဲ့ဖြစ်ပါတယ်။ ဖိနှိပ်သူစစ်အစိုးရက
လက်နက်ရှိဖြစ်ပါတယ်။ လူထုကြီးက အင်အားနည်းပြီး ဖိနှိပ်သူ စစ်အစိုးရက အင် အားကြီးပါတယ်။ စစ်ရေးသေနင်္ဂဗျူဟာမှာ အင်အားကြီးသူကို အင်အား နည်းသူက
ရင်ဆိုင်တိုက်ခိုက်တဲ့ အခါ “ပြောက်ကျားသေနင်္ဂဗျူဟာ” ဟာ အထိရောက်ဆုံးနဲ့
အမှန်ကန်ဆုံးဗျူဟာပါပဲ။
ပြောက်ကျားဗျူဟာမှာ
အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခြင်း၊ ကိုယ်ရောင်ဖျောက်ထားခြင်း၊ အသေမရပ် တည်ဘဲ
အမြဲလှုပ်ရှားနေခြင်း၊ ရွေ့လွယ်ပြောင်းလွယ်ဖြစ်ခြင်း၊ အစရှိတဲ့ အင်္ဂါရပ်တွေ ရှိပါတယ်။
လူထုကြီးဖက်က ရပ်တည်တဲ့ ကဗျာဆရာတွေဟာ သူတို့ရဲ့ ကဗျာလက်နက်ကို “ပြောက်ကျားလက်နက်”
တခုအဖြစ် ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုခဲ့ကြ ပါတယ်။ ဒါကြောင့်မို့ ထိလည်း
ထိရောက်ခဲ့ကြပါတယ်။ အုပ်စိုးသူဟာ အကြီးအကျယ်အထိနာခဲ့ရပါတယ်။
ဒီအဖြစ်အပျက်တွေကိုကြည့်ရင် ဟိုတချိန်တုန်းက
“စာပေဆည်းဆာ” စာပေလှုပ်ရှားမှုကို ဦးဆောင်ခဲ့ ကြတဲ့ ဆရာ “မောင်သင်းခိုင်”တို့ ၊ ဆရာ
“မုံရွာအောင်ရှင်” တို့ ပြောခဲ့ကြတဲ့ “ကဗျာဆိုတာ ပြောက်ကျား လက်နက်” ပဲ ဆိုတဲ့
စကားအတိုင်း တချိန်တုန်းက အထူးသဖြင့် လွန်ခဲ့တဲ့ငါးနှစ်ကျော်ကာလအထိ လူထု ဘက်က
ရပ်တည်တဲ့ ကဗျာဆရာတွေ ကိုင်စွဲခဲ့ကြရတဲ့ ကဗျာဆိုင်ရာနည်းနာတခုလို့ပဲ ယူဆမိပါတယ်။
ငြိမ်းဝေ(ကဗျာ့ အိုးဝေ)
Comments
Post a Comment