သစ်ခက်သံလွင်ကဗျာစင်မြင့်၊ ဝါကျဖြူ၊ လင်းမိုးစွေ၊ စိုးခိုင်ညိန်း၊ ကမ်လူဝေး

ထီးတလက်နဲ့ဇူလိုင်

www.artresourceboston.com
ဆောင်းငွေ့ထဲမှာ
မှီထောင်ပြီးသိမ်းခဲ့တဲ့ထီးတချောင်းပါ ။

ဇူလိုင်ဟာ
မိုးရွာတာနဲ့ထီးကိုဖွင့်ဆောင်းခဲ့တယ်
၁၉ ရက်ဟာလည်း ဇူလိုင်ဖြစ်ခဲ့
၇ ရက်ဟာလည်းဇူလိုင်ဖြစ်ခဲ့
မိုးစက်တွေဟာလည်းဇူလိုင်ဖြစ်ခဲ့
အဲဒီဖြစ်ခဲ့တာတွေ
တစစက်စက် ရွာချနေတဲ့ကြားက
အစိုရောင်တွေဟာ
လမ်းမတွေပေါ်မှာ ။

ဆောင်းကိုမှီထောင်ထားခဲ့တဲ့
ထီးကလေးတလက်ရဲ့အရွက်အလက်တွေကြားမှာ
သမိုင်းတွေနဲ့မိုးစက်တွေဟာရောထွေး
မျက်ဖျားမှာစိုနေတဲ့မိုးငွေ့နဲ့
မျက်ရည်ငွေ့တွေဝေ့သီလို့ ။

သမိုင်းကြောင်းဟာ
အဲဒီထီးကိုဖွင့်ဆောင်းမှဖြစ်လိမ့်မယ်တဲ့
ဇူလိုင်က ။

ဝါကျဖြူ

07.07.2016


ရည်းစားစကား 

 
www.pinterest.com
မင်ရှေ့မှာ
လက်သီးလက်​​မောင်တွေ
မတန်တော့ဘူး
လက်ကလေး နောက်ပစ်လို့
တကိုယ်​​တော်ဆန္ဒ ပြပါရစေ။

လင်းမိုးစွေ 

၇.၇.၂၀၁၆


ညမွှေးပန်းများ- ၇

www.pinterest.com
 မြွေတကောင် အပေါက်ခံထားရသလို
ငွေဆိပ်တွေနဲ့ ကျွန်မတကိုယ်လုံး ပြာနှမ်း
ပါးစပ်က ဘီယာမြှုပ်တွေ တစီစီ
အမှောင်ထဲ အကြည့်တွေက ရဲရဲနီ
ကျွန်မတင်ပါး တချက်လှုပ်လိုက်တာနဲ့
ဆေးလိပ်မီးပွားတွေ တဖွားဖွားကျလာမယ်
သွားရည်တွေ တများများကျလာတယ်
ကျွန်မက ကိုယ်ပိုင်အိမ်ခြေ ယာခြေမရှိတော့
လမ်းကြိုလမ်းကြား တံတားတွေအောက်
Guest house တွေနဲ့ ဟိုတယ်တွေမှာ အလှည့်ကျတည်းခို
ခိုးစားနေတာ မဟုတ်ပေမဲ့ ခိုးကြောင်ခိုးဝှက်ပါပဲ
ကျွန်မက ကြောင်မျက်ရှင် စိန်စိန်တော့ မဟုတ်ပါဘူး
ကျွန်မရဲ့ပေါင်ကို လက်ဝါးနဲ့တချက်ပုတ်လိုက်တာနဲ့
ခြင်္သေ့တွေ တအုပ်ကြီးကျလာတာပဲ
အသားစားကျားတွေကို ကျွန်မရဲ့အသားနဲ့ ထိုးကျွေးလိုက်တော့
ကျွန်မရဲ့ခြေထောက်အောက် ငြိမ်ဆင်းလာတာပေါ့
ကျွန်မက အမှောင်ရဲ့အသားစိုင်မှာ ပက်ကျဲထားတဲ့ ကြယ်မှုန်မွှားပါ
ညတွေရှိနေသမျှ ကျွန်မ လက်လက်ထနေဦးမယ်
ဘ၀ရဲ့ယားယံမှုကို သွေးထွက်အောင် ကုပ်ခြစ်အရသာခံ
ဒဏ်ရာကို လျှာနဲ့ရက် ဒီထက် ဘ၀ရသ ဘာများရှိဦးမလဲ
အာဏာရှင်ခေတ်လာမလား၊ ဒီမိုကရေစီခေတ်လာမလား
ဘယ်ခေတ်လာမလဲ ၊ ကြိုက်တဲ့ခေတ် လာခဲ့
ကျွန်မကတော့ တခစ်ခစ် ရယ်မောနေမှာပဲ
မျက်ရည်က သုံးတတ်ရင် ဆေးဖက်ဝင်တယ်ရှင့် သိလား ။ ။

စိုးခိုင်ညိန်း
28. 8.15
… 
 မိတ်ဆွေဟောင်းများဆုံတဲ့ညနေ
www.pinterest.com
ရှေးဟောင်းနှောင်းဖြစ်
ပြောဖြစ်တယ်
ကာလကိုတွက်စစ်တော့
အနှစ်သုံးဆယ်တောင်ရှိပါပေါ့
အရာရာဟာ
ဘာမှမကြာသေးသလို။

ပြောဖြစ်ကြတဲ့ အကြောင်းအရာမှာ
ပျော်စရာပါတယ်
ဝမ်းနည်းစရာပါတယ်
ဝမ်မြောက်စရာပါတယ်
ကြေကွဲစရာပါတယ်။

ပြောဖြစ်ကြတဲ့လူတွေ
တချို့တွေကသေ
တချို့တွေက အဝေးမှာ
အချို့တွေက အနီးမှာ။

မျိုးစေ့ပန်းကန်ကို
မြေပေါ်မှောက်ချလိုက်တော့
အပင်တွေပေါက်လာခဲ့
အပြိုင်းအရိုင်း
တချို့က ထွားထွားကြိုင်းကြိုင်း
တချို့က ပိန်လှီလှီ။

အားလုံးဟာ
ပိတ်လှောင်ခံထားရ
တံတိုင်းတခုထဲမှာ။

အဲဒီတံတိုင်းကို ဖြိုချဖို့က
ကိုယ်က တံတိုင်းထဲကအုတ်တချပ်
ညှပ်နေတဲ့ အုတ်တချပ်။

အားလုံးဟာ သစ်ပင်များ
တကယ်က
အားလုံးဟာ အုတ်နီခဲများ
တံတိုင်းထဲမှာ
စနစ်တကျ စီထည့်ခံထားရသော
အုတ်နီခဲများ။

ရှေးဟောင်းနှောင်းဖြစ်
ပြောဖြစ်ကြတယ်
အုတ်နီခဲများဟာ
သစ်ပင်ဘဝ ခဏပြန်ယူရင်း
လေအလာမှာ
ခဏယိမ်းနွဲ့ ခဲ့ကြတယ်။ ။

ကမ်လူဝေး
Description: https://ssl.gstatic.com/ui/v1/icons/mail/images/cleardot.gif

Comments