သစ်ခက်သံလွင် အက်ဆေး၊ မောင်ရင်ထွေးရဲ့ မျဉ်းပြိုင်နှစ်ခုကြားက ငါ

visualmelt.com



ဖွာလန်ကျဲနေသော စိတ်တွေက စနစ်တကျ အစီအရီ အိပ်မောကျနေတဲ့ စာအုပ်စင်ထဲမှ စာတအုပ်ကို လှမ်းဆွဲယူလိုက်သည်။ စာအုပ်မျက်နှာဖုံး ကြည့်လိုက်မိမှ ရယ်ချင်စိတ်ကို အတော်ထိန်းသိမ်းလိုက်ရ..

 
ပြိုင်မျဉ်းနှစ်ခုကြားက ငါ 


ည … ဒါမှမဟုတ် အလင်းပျောက်ဆုံးနေသော တိမ်ထူနေ့စွဲ … 

နောက်ဆုံးပေါ် ဗားရှင်းဖြစ်သော အဖြူရောင်ခြုံထည် ဝတ်ဆင်ထားတဲ့ မှော်ဆရာက အဲဒီညကိုပဲ ကောင်းကင်ရဲ့အရေပြားတွေနဲ့ ဖုံးအုပ်ပစ်လိုက်ပြန်၏။ ဆူညံ ပူလောင်မှုတွေနှင့် ရုန်းကန်နေရသော တနေ့တာခရီးမှ ခြေကုန်လက်ပန်းကျကာ ပြန်ရောက်ရှိလာသော ခရီးသည် တဦးနှင့်မခြား ည၏အင်္ဂါ အစိတ်ပိုင်း အတော်များများသည် အလင်းပျောက်ဆုံးလို့ တိတ်တဆိတ် ဆွံ့အနေလျက်ရှိသည်။

 " ဒေါက် … ဒေါက် … ဒေါက် " 

လွတ်လပ်ခြင်းတွေရဲ့ အိပ်တန်းဝင် စည်းချက်ခေါက် သံတွေလား …။ 

ဒါမှမဟုတ် 

မွန်းကျပ်မှုတွေရဲ့ လွတ်မြောက်လိုမှု ရုန်းကန်ခြင်း စည်းချက်ခေါက်သံတွေလား …။ 

အေးစက်စက် တရှပ်ရှပ်ခြေသံတွေက နီးကပ်လို့ လာနေ၏။ ကိုယ့်အလင်းကို ကိုယ် ပြန်မြင်လာပြန်တော့ ခရီးသွားစက္ကန့်သံလေးများကိုတောင် စိတ်တွေက ရေတွက်လို့ ရနေပြန်သည်။ ပြီးတော့ စိတ်တွေက ရုန်းကန်မှု နေရောင်ခြည်တွေရဲ့အောက် ရောက်ရှိသွားပြန်သည်။ 

သတိတရားပေါ်မှာ စိတ်တွေကို ရိုက်ခွဲကြည့်၏။ ကမ္ဘာကြီးရဲ့ စက္ခု လုယူသွားတဲ့ နေ့ကစလို့ ကြီးကောင်ဝင်စ ညတွေမှာ လူတွေရဲ့အတွင်းသားက အလင်းအားများ လျော့နည်းကျသွားတော့တာ သိသာလာသည်။ 

လူတွေ … လူတွေ မူလအမှတ်ကနေ အဆုံးအဆမဲ့ ခရီးရှည်ကြီးကို ရွက်လွင့်ထွက်ခွာကြသည်။ ဘာအတွက်လဲ … သိပ်ကိုရိုးရှင်းပါသည်။ အများသူငှာ ပြောပြောနေကြတဲ့ မှတ်တိုင်ဆိုသော မျှော်လင့်ခြင်း ခရီးတခုအတွက်သာ ဖြစ်မည်။ 

မနေ့က သေဆုံးခဲ့သော စကားလုံးတွေကို ယခု ပစ္စုပ္ပန်မှာ အသက်ပြန်သွင်းရင် လေဟာနယ်ထဲမှာတော့ဖြင့် စိတ်ခံစားမှုတွေက နိမ့်လိုက် မြင့်လိုက် … 

ဖွာလန်ကျဲနေသော စိတ်တွေက စနစ်တကျ အစီအရီ အိပ်မောကျနေတဲ့ စာအုပ်စင်ထဲမှ စာတအုပ်ကို လှမ်းဆွဲယူလိုက်သည်။ စာအုပ်မျက်နှာဖုံး ကြည့်လိုက်မိမှ ရယ်ချင်စိတ်ကို အတော်ထိန်းသိမ်းလိုက်ရသည်။

ကြည့် " ဘဝနေနည်းတဲ့ " ။ 

ရေးခြစ်မှုမပြုရသေးသမျှသော ဟောင်းနွှမ်းနေတဲ့ စာရွက်တွေဟာလည်း အသစ်ဖြစ်နေမှတော့ … ဘဝမှာ နေထိုင်ဖို့အတွက် နည်းစနစ် ပညာရပ်တွေလိုအပ်နေသေးသလား။ 

ကဗျာဆရာ တယောက်ပြောထားသလို ကိုယ့်ဘက်က လိုက်လျောပေးနိုင်ရင်ရော အရာရာ အဆင်မပြေနိုင်ဘူးလား။ 

ရပ်တန့်နေတဲ့ နာရီတလုံးမှာတောင် အချိန်နှစ်ခုက မှန်နေသေးတာပဲ။ တခါတလေကြတော့လည်း သိုမှီထားသော အားပြည့်ဓာတ်ခဲတွေနှင့် တာဝန်ကျ သံပတ်ပေး စနစ်တွေကို ခဏဖယ်ထားပြီး အကောင်းနဲ့ အဆိုးဆိုတဲ့ အချိန်နှစ်ခုကို ထပ်တူကျ အံကိုက်မှန်နေချင်မိသည်။ 

ဘာပဲပြောပြော ဟောဒီ့ လောကဓံကိုတော့ မွေးဖွားလာကတည်းက သားဖွားဆရာမရဲ့ ရိုက်နှက်ခြင်းနဲ့ မင်္ဂလာပါလို့ ကျွန်တော်က နှုတ်ဆက်ထားပြီးသားပါ။ 

ထပ်ပြီးသရုပ်ဖော်ပြရရင် ကျွန်တော်ဟာ တန်းနေတဲ့ ပြိုင်မျဉ်းနှစ်ခုကြားထဲက ကတ္တားတကောင်ပေါ့။
နောက်ဆုံးတော့လည်း အောက်ဆုံးမျဉ်းတန်းကို အားပါးတရနင်းပြီး အပေါ်ဆုံးမျဉ်းတန်းကို အောက်ကိုဆွဲဆွဲချနေခဲ့တဲ့ သူလေ … 

ဆုံ နိုင် ပါ ဦး မ လား ဗျာ …… ။။။။။ 


မောင်ရင်ထွေး

Comments