သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ပိုင်သစ်နွယ်၊ အခရာ၊ ဇွဲခက်

ငါ့ညီမလေးရဲ့လက်

davidsartoftheday.blogspot.com


လှလိုက်တာ
ငါ့ညီမလေးရဲ့လက် ။ 

အိမ်နောက်ဖေးမီးဖိုချောင်မှာ
အိုးမည်းတွေနဲ့ပေကျံနေတာတောင်
ငါ့ညီမလေးရဲ့လက်က ဖြူစင်နေတုန်းပဲ
ငါ့ညီမလေးရဲ့လက်
ဆပ်ပြာအမြုပ်တွေထဲနှစ်လိုက်တဲ့အခါ
ပန်းကန်ပြားတွေ
သန့်ရှင်းစင်ကြယ်သွားစေတယ်
ငါ့ညီမလေးရဲ့လက်
ဂျင်းဘောင်းဘီအညစ်အကြေးတွေကို
သစ်သားတုတ်နဲ့
တဘုန်းဘုန်းရိုက်နှက်
အင်္ကျီ ပုဆိုးအတွင်းအပြင် ပြောင်းပြန်လှန်ပြီးနေလှန်းသလို
သူ့ဘဝကို ပြောင်းပြန်ပြောင်းလဲအောင်
မအားလပ်ရှာတဲ့
ငါ့ညီမလေးရဲ့လက်
ယားနေတဲ့ သူ့နောက်ကျောပြင်ကို မကုပ်အား
အချစ်ရေး မအား
တွေးနေဖို့ မအား
ငေးနေဖို့ မအား
နေ့မအားညမအားကမ္ဘာ
ငါ့ညီမလေးရဲ့လက်နှစ်ဖက်ကို ပူးကပ်လိုက်ရင်
" ရိုသေစွာ ရှိခိုးပါ၏ "လို့
အဓိပ္ပာယ်ပေါက်တယ်။

ငါ့ညီမလေးရဲ့လက်ဟာ
ကိုယ်လုံးပေါ်မှန်ဘီရိုဆီ မရောက်
သေနပ်ခါးကျောက်ပြင်ဆီ မရောက်
ဆိုဖာထိုင်ခုံပေါ် မရောက်
ကာရာအိုကေခန်းထဲက
မိုက်ခရိုဖုန်းဆီမရောက်
ငါတို့ဆီလည်း မရောက်ဘဲ
လည်ပတ်နေတဲ့ပင်နယံသွားထဲ ရောက်သွားတယ် ။

ပျောက်ဆုံးသွားတဲ့ ငါ့ညီမလေးရဲ့လက်
ဘယ်ဘဝမှာ ပျော်ရွှင်နေသလဲ
ငါ့ညီမလေးရဲ့လက်
ဘယ်အရာဝတ္ထုမှာ ဝင်စားနေသလဲ
ကဗျာဖတ်သူများမိတ်ဆွေများခင်ဗျာ
သွေးစပေနေတဲ့
လက်ကိုင်ပုဝါတထည်ကို တွေ့ရင်
ကျနော့်ဆီ
ချက်ချင်းအကြောင်းပေးကြပါ ။ ။

ပိုင်သစ်နွယ်


နံရံခြောက်ဖက် 
 
statusmagonline.com
အတိကျပြောရရင်
နံရံလေးဖက်ဆိုတဲ့
ဇီရှိန်းဆာဟိလ်ရဲ့ ကဗျာထဲက
အိမ်လိုတော့မဟုတ်ဘူး။
အန်မတန်နိမ့်ပေမယ့်
မျက်နှာကျက်မပါဘူး။
အင်မတန်မြင့်တာလည်း
မဟုတ်ဘူး။
အတော်လေးမကြီးတဲ့
ထွင်းစာလုံးတွေနဲ့
တံခါးပေါက်
အနေတော်လေးတခု။
လက်ကို ခါးဘေးမှာကပ်
ခြေထောက်ကို တချက်လေးမှ
မကြွဘဲနေမယ်ဆိုရင်
အဲ့ဒီတံခါးကနေ ဝင်လို့ရပါတယ်။

ဇီရှိန်းဆာဟိလ်ရဲ့ပြတင်းပေါက်လို
အပြင်ကို လှမ်းကြည့်စရာမရှိဘူး။
အင်မတန်နိမ့်ပေမယ့်
မျက်နှာကြက်မပါဘူး။
အင်မတန်မမြင့်တဲ့ အခန်းတခုလို့
ဆိုချင်ဆိုပါလေ။
ခြေထောက်ဆန့်အိပ်လို့ရ
ဦးခေါင်းကို တချက်လေးမှမကြွဘဲ
အိပ်လို့ရတဲ့နေရာပေါ့။
ဇီရှိန်းဆာဟိလ်အိမ်နဲ့
လုံးဝမတူတဲ့အချက်က
နေမယ်ဆိုရင်
မတ်တပ်ရပ်ဝင်လာလို့ မရသလို
ပြန်ထွက်လို့လည်း မရတော့ပါဘူး။
အဆိုးဆုံးအချက်ကတော့
ဇီရှိန်းဆာဟိလ်ရဲ့
စကားလုံးအတိုင်း
တိုက်ရိုက်ဆန့်ကျင်ထားခြင်းကိုလည်း
ဒီကဗျာက
ဝန်ခံထားတာပါနေလို့ပါပဲ။

အခရာ

...

အရသာမဲ့နေတဲ့ခရီးသည်
www.nytimes.com


အရာရာကို အနှစ်ချုပ်
အားလုံးကို အစကပြန်စမယ်လုပ်တော့
ဗလာနတ္ထိဆိုတာ နိဒါန်းရဲ့ရှေ့ကစတယ်
ဒါဟာမှားနေနိုင်တဲ့ အမှန်တရား။

တခုတော့တခုပဲ
နိဒါန်းမလှခဲ့တာလား စာကိုယ်ပဲလွဲသွားသလား
ငါကိုယ်တိုင်လည်း ဝေဝေဝါးဝါးနဲ့
ငါလျှောက်ခဲ့တဲ့လမ်း ကြမ်းတမ်းမနေခဲ့တာကအပြစ်လား။

တနင်္ဂနွေရဲ့ လမ်းတလျှောက်မှာ
ငါလမ်းပျောက်နေတာ ကြာခဲ့ရောပေါ့
အရာရာကိုက ငါ့အတွက်အချိုဓာတ်မဲ့နေသလို။

မလိုပါဘူး ဘာဆိုဘာမှမလိုပါဘူး
အကြိမ်ကြိမ် ဖွင့်ပြောမိပေမယ့်
ငြင်းဆန်နေတဲ့ စကားလုံးတချို့က
ရင်ထဲမှာ အက်ကြောင်းအထပ်ထပ်။

ငါဖွင့်ခဲ့တဲ့နိဒါန်း အစမလှခဲ့ပေမယ့်
နိဂုံးလှအောင်တော့ ကူညီပါ
ဖိနပ်တရံ ရေတဘူးပဲ ဖြစ်ပါစေ
သေချာတယ်.....
ငါခရီးပေါက်အောင်တော့ လျှောက်နေမိမှာ

ငါဆိုတာ.....
ဘဝရဲ့အရသာစုံကို သိချင်ရုံသက်သက်သာ။     ။


ဇွဲခက်


ရေရိုင်းမြေရိုင်းအလွန် ငြိမ်းချမ်းရေးနှင့်ကဗျာအင်အားစုမှပေးပို့သောကဗျာ
 

Comments