ခပ်တည်တည် နဲ့ တိရစ္ဆာန်ဆရာဝန်လိုလို ဘာလိုလို။ ဆေးထိုးအပ်ကလေးနဲ့ ဆေးပုလင်းကို ထိုးဖောက်ယူပြီး ခေါဂေကမ်းလာတဲ့ ကြက်ကလေးပေါင်ရင်းနားမှာ ထိုးထည့်လိုက်တယ်။ ကြက်ကလေးခဗျာ နာလို့ထင်ပါရဲ့"ဂျလိ ဂျလိနဲ့” ။ ကြက်မကြီးက "ကတော်ကတော်နဲ့ "။ ခွဲစိတ်မှုအောင်မြင်စွာပြီးဆုံးသွားတဲ့ ဆရာဝန်ရဲ့မျက်နှာထားမျိုးနဲ့ ခေါဂေက အားလုံးကိုကြည့်ပြီး ကြက်ကလေးကို မြေပေါ်အသာချပေးတယ်။ မကြာဘူး သူချလိုက် တဲ့ ကြက်ပေါက်စလေးက နှစ်လှမ်းသုံးလှမ်းလျှောက်ပြီးတာနဲ့ တန်းလန်းကြီး လဲကျသေတာပဲ။
ဒေါက်တာခေါဂေ
ဝေမြင့်မောင်
အခုတလော ရပ်ကွက်ထဲမှာ ကြက်နာကျနေတဲ့အကြောင်း
သားလတ်ခေါဘူ ပြောလို့ ခေါဂေသိရတယ်။ ဟုတ်မယ် မနေ့ က ခေါဂေရုံးတက်သွားရင်း လမ်းထိပ်
ဒေါ်ညိုကြီးပြောတာ ခပ်သဲ့သဲ့ကြားရတယ်။ ကြက်တွေ တကောင်ပြီးတကောင် သေနေတယ်တဲ့။
သားလတ်ခေါဘူက ငါးတန်းကျောင်းသား။ ဒီကောင်က
ကြက်ဆိုသိပ်ချစ်တာ။ ကြက်မွေးဖို့အဆိုတင်သွင်းပြီး ယောက္ခမကြီး(သူတို့အဘိုး) အိမ်က
ကြက်မလေး ယူလာတာလည်း ဒီကောင်ပဲ။ သူတို့အမေစိမ်းယက တားသေးတယ်"အလုပ်ရှုတ်ပါတယ်
မမွေးပါနဲ့" ဆိုတော့ ဒီကောင်က မရဘူး" သားဂရုစိုက်မှာပါဈ အစာလည်းသားကျွေးမယ်နော်...အမေနော်
"နဲ့ ခဏခဏပူညံပူညံ လုပ်နေတော့ စိမ်းယကမရတဲ့အဆုံး ခွင့်ပြုပေးရှာတယ်။ ခေါဂေက
အေးဆေးပဲ။ စိမ်းယ မကြိုက်မှန်းသိတော့ သူတို့သားအမိကြားမှာ ဝင်မပါဘူး။ ခေါဘူကလည်း
ပါးတယ်။
သူ့အဖေခေါဂေ ခွင့်ပြုလို
့ဘာမှဖြစ်မလာဘူး သူ့အမေ စိမ်းယခွင့်ပြုမှ အဆင်ပြေမယ်မှန်းသိတော့ သူ့အမေဆီ ကပ်တာပဲ။
ဒီကောင်လုပ်လိုက်လို့ မအားတဲ့ကြားက ခေါဂေ ကြက်အိမ် ဆောက်ပေး ရသေးတယ်။ ဘာတဲ့
ဒီကောင်ပြောတာ…"အထဲမှာ ကြက်ကလေးတွေ ချောင်ချောင်ချိချိနေလို့ ရအောင်
ကျယ်ကျယ်လေးဆောက်ပေးနော် အဖေ၊ ပြီးတော့ သပ်သပ်ရပ်ရပ်လေးနော်အဖေ... သားကြက်မလေးက
ကြက်ကလေးတွေအများကြီး မွေးမှာဗျ"တဲ့။ ဒါနဲ့ခေါဂေ ကြိမ်းပစ်တယ် "အေး
မင်းပါ ဝင်နေလို့ရအောင် ငါဆောက်ပေးမယ်" ဆိုတော့မှ ဒီကောင်ငြိမ်သွားတာ။
ဟုတ်တော့လည်းဟုတ်တယ်။ ဒီကောင်က
သူ့ကြက်မလေးကို ဂရုစိုက်သလားမမေးနဲ့။ သူ့ကြက်မလေးကို "တီတီ"တဲ့။
ကျောင်းဆင်း အိမ်ပြန်လာတာနဲ့သူ့ကြက်မလေးကို မျက်စိထောက် ကြည့်နေတာပဲ။ အစာကျွေးလိုက်
ရေထည့်ပေးလိုက်နဲ့။
ညနေစောင်းလို့ ကြက်အိမ်ပိတ်တာလည်း
ဒီကောင်၊ မနက်ရောက်လို့ ကြက်အိမ်ဖွင့်ပေးတာလည်း ဒီကောင်ပဲ။
သိပ်မကြာဘူး ဒီကောင့် ကြက်မလေး
တီတီစဥပြီး ကြက်ကလေးဆယ်ကောင် ပေါက်တယ်။ ဒီကောင်ပျော်လိုက်တာများ ပြောမနေနဲ့။
ကြက်ကလေးတွေကို ခဏခဏ ကိုင်လိုက်ပွတ်လိုက်လုပ်နေလို
့ဆူရသေးတယ်။ ညရောက်တော့ ဒီကောင်ထထပြီး ကြက်အိမ်ကို သွားကြည့်တတ်တယ်။ ကြက်ကလေးတွေ
မြွေကိုက်ခံရမှာ ကြွက်ကိုက်ခံရမှာ ကြောက်လို့တဲ့။ အဲ့လောက်အဖြစ်သည်းတဲ့ကောင်။
မနေ့ညက ဒီကောင့်ကို စိမ်းယ
ရိုက်တယ်ဆိုပဲ။ သူ့ကြက်မနဲ့ ကြက်ကလေးတွေကို သူ့သူငယ်ချင်းက ခဲနဲ့ပေါက်လို
့မကျေနပ်ဘူးဆိုပြီး သူ့သူငယ်ချင်းကို ဒီကောင် ထိုးတယ်ဆိုပဲ။
ပေါက်မှာပေါ့ ...သူ့ကြက်မကြီးက
သူများခြံထဲ ဝင်မွှေနှောက်တာတော့ ဒီကောင်မတွက်ဘူး။ သူ့အပေါ် အကြီးနှစ်ယောက်ကလည်း
အခုတလော ဒီကောင့်ကို သိပ်အမြင်မကြည်ကြဘူး။ ကြက် ကိစ္စပဲ ဖြစ်မှာသေချာတယ်။
မနက်စောစော ခေါဂေနိုးလာတော့ သမီးလတ်ခေါတီးက ထမင်းချက်နေတယ်။ စိမ်းယက
ဈေးသွားတယ်ဆိုလားပဲ။ အကြီးကောင်နဲ့ အငယ်မက မနိုးကြသေးဘူး။ ထုံးစံအတိုင်း ခေါဘူက
ကြက်အိမ်ရှေ့မှာ။ ကြက်ကလေးတွေကို အစာကျွေးပြီး ကြည်နူးနေလိုက်တာများ။ ဟို
ကြက်ပေါက်စလေးကိုင်လိုက် ဒီကြက်ပေါက်စလေး ကိုင်လိုက် နာမည်ပေးလိုက် တတွတ်တွတ်နဲ့။
ခေါဂေက "ဟေ့ ကောင် ကြက်ကလေးတွေ
အများကြီးပဲ၊ မင်းဘယ်လိုမှတ်မိမှာလဲ ပြောတော့ "
“ အာ မှတ်မိတာပေါ့ အဖေ" ဆိုပြီး တကောင်ကိုင်လိုက်
နာမည်ပြောလိုက် နောက်တကောင် ကိုင်ပြီး နာမည်ပြောလိုက်နဲ့ ဟုတ်နေတာပဲ။ တတ်လည်း တတ်နိုင်တဲ့အကောင်။
ဒါနဲ့ခေါဂေ အတွန့်မတက်တော့ဘူး။ မိသားစုထမင်းစားချိန်ရောက်တော့
ထမင်းစားပွဲဝိုင်းမှာ ခေါဘူနေရာက လွဲပြီး လူအားလုံးစုံနေတယ်။ စိမ်းယက "ဟဲ့ခေါဘူ
ထမင်းစားမယ်"လို့ လှမ်းအော်မှ ဒီကောင်ဝင်လာတာ။ အကြီးမ ခေါတီးက သိပ်ကြည့်လို့ ရပုံမပေါ်ဘူး "သွား...လက်ကို
သေချာ ဆပ်ပြာနဲ့ ဆေးပြီးမှလားစား"တဲ့။ ထမင်းစားပြီး ခေါဂေဂျာနယ်ထိုင်ဖတ်နေတုန်း
ခေါဘူ သူ့ဆီ လာပြီး ပြောတယ်။
"အဖေ သားတို့ရပ်ကွက်မှာ တကယ်ကြီး
ကြက်နာကျနေတယ် ဟိုဘက် လောဟာတို့ အိမ်ဆို တကောင်ပြီး တကောင်သေတာပဲ" "အဲ့ဒီတော့"
"အဲ့ဒါ သားကြက်ကလေးတွေမသေရအောင် ကာကွယ်ဆေး ထိုးချင် တယ်အဖေ" ခေါဂေက ဟေ..ငါက
တိရစ္ဆာန်ဆရာဝန်မှ မဟုတ်တာ" လို့ ခေါဂေပြန်ဖြေတော့ ကိုယ်တော်ချောလေးက
"ဒါပေမဲ့ အဖေ့သူငယ်ချင်း ဦးမာန်ဟာဆီ သွားမေးပါ လား၊ သူ့မှာ ကြက် ကာကွယ်ဆေးတွေ
ရှိမှာပဲနော်"တဲ့။
"အေးပါ ငါသွားကြည့်လိုက်မယ်
မင်းကျောင်းသွားတော့"ဆိုမှ ဒီကောင် ထွက်သွားတာ။ ဒီကောင် ပြောတာဟုတ်တယ်၊ မာန်ဟာက
ဒီမြို့မှာ ကြက်မွေးပြီးစီးပွားရှာနေတဲ့သူ။ သူ့မှာ ကာကွယ်ဆေး တွေ ရှိမှာပဲ။ ပြီးတော့
ခေါဂေနဲ့ မာန်ဟာက ငယ်သူငယ်ချင်းတွေ။ ရုံးဆင်း ပြန်ရင် သူ့ဆီဝင်အုံးမှ။
ညနေ ရုံးဆင်း ခေါဂေအိမ်ပြန်တော့
သားလတ်ခေါဘူက သူ့ ကိုပြေးကြိုတယ်။ ပါးစပ်က ဘာမှ မပြောသေးပေမယ့် ဒီကောင်
ဘာမျှော်နေလဲဆိုတာ ခေါဂေသိနေတယ်။
"အေး မင်းဦးလေးမာန်ဟာဆီ ငါရောက်ခဲ့တယ်၊
ကာကွယ်ဆေးတွေလည်းပါတယ်" ဆိုတော့ "ဒါမှ ဒို့အဖေကြီးကွ" ဆိုပြီး
ခေါဘူပျော်နေတာများ။
အဝတ်အစားလဲပြီး မာန်ဟာဆီက ရလာတဲ့
ဆေးထိုးအပ်ရယ် ဆေးပုလင်းလေးတွေရယ် ထုတ်လိုက်တယ်။
အိမ်နောက်ဖေးမှာ ခေါဘူက ကြက်ကလေးတွေကို
အစာကျွေးနေတယ်။ ခေါဂေ ဆေးထိုးမယ်လုပ်တော့ စိမ်းယရယ် အကြီးနှစ်ယောက်ရယ်
အငယ်မလေးရယ် သူ့ကိုဝိုင်းအုံလာကြတယ်။
စိမ်းယက ခေါဂေကိုကြည့်ပြီးပြုံးနေတယ်။ ဒီအပြုံးကို
ခေါဂေ သဘောပေါက်တာပေါ့။ လင်မယားဖြစ်လာတာ ကလေးငါးယောက်တောင် ရှိနေပြီကိုး။ စိမ်းယ
ကြည့်တဲ့အဓိပ္ပာယ်က "ဟုတ်မှလည်း လုပ်ပါ ရှင်ရယ်" ဆိုတဲ့ အကြည့်မျိုး။ ခေါဂေကလည်း
"စိတ်ချပါ မိန်းမရာ"ဆိုတဲ့ အကြည့်မျိုးနဲ့  ပြန်ကြည့်လိုက်တယ်။
ကလေးတွေကလည်း
သူ့ကိုအားကိုးနေကြတဲ့ ပုံစံမျိုးမျှော်လင့်နေကြတဲ့ ပုံစံမျိုး ခေါဂေက ခပ်တည်တည် နဲ
့တိရစ္ဆာန်ဆရာဝန်လိုလို ဘာလိုလို။ ဆေးထိုးအပ်ကလေးနဲ့ ဆေးပုလင်းကို ထိုးဖောက်ယူပြီး
ခေါဂေ ကမ်းလာတဲ့ ကြက်ကလေးပေါင်ရင်းနားမှာ ထိုးထည့်လိုက်တယ်။ ကြက်ကလေးခဗျာ
နာလို့ထင်ပါရဲ့"ဂျလိ ဂျလိနဲ့” ။ ကြက်မကြီးက "ကတော် ကတော်နဲ့ "။
ခွဲစိတ်မှုအောင်မြင်စွာပြီးဆုံးသွားတဲ့ ဆရာဝန်ရဲ့ မျက်နှာ ထားမျိုးနဲ့ ခေါဂေက အားလုံးကိုကြည့်ပြီး
ကြက်ကလေးကို မြေပေါ်အသာချပေးတယ်။ မကြာဘူး သူချလိုက် တဲ့ ကြက်ပေါက်စလေးက နှစ်လှမ်းသုံးလှမ်းလျှောက်ပြီးတာနဲ
့တန်းလန်းကြီး လဲကျသေတာပဲ။ ခြေထောက် နှစ်ဖက်ကို ဆန့် ဆန့် ဆွဲပြီး ငြိမ်ကျသွားလို့။
အဲ့ဒီမှာ စိမ်းယနဲ့အကြီးကောင်က တခွီးခွီးစရယ်ကြတော့ တယ်။
အလတ်မ ခေါတီးက "အဖေရယ်"ဆိုပြီး
သူ့ ကို တစ်လှည့် ခေါဘူကို တလှည့်ကြည့်ပြီး ပြုံးလို့။ အငယ်မလေးစိမ်းငှိမ်းက
သွားမရှိတဲ့ သူ့ပါးစပ်လေးကို လက်နဲ့ကာပြီး တဟိဟိရယ်တယ်။ ခေါဂေလည်း
ဘာမှမတတ်နိုင်တော့ သူတို့သားအမိတွေနဲ့အတူ လိုက်ရယ်တယ်။ သူ့အဖြစ်ကလည်း ရယ်စရာကြီးကိုး။
မာန်ဟာဆီ ဆေးတောင်းတုန်းက ဆေးထိုးနည်း ဆေးထိုးပုံမမေးလိုက်မိဘူး။ ခေါဘူက
ကြက်သေလေး ကိုင်ပြီး တအိအိနဲ့ စငိုတော့တာပဲ။ ဘာတဲ့ ငိုရင်း ပြောသေးတယ်။ "အဖေက
မကောင်းဘူး သားကြက် ကလေးကို သတ်တယ်" တဲ့။
အဲ့ဒီညနေပိုင်း ထမင်းစားကြတော့ ခေါဘူ
ထမင်းလာမစားဘူး။ အကြီးမက သွားခေါ်မယ် လုပ်တော့ ခေါဂေက တားလိုက်တယ်။ အားလုံးက
ပြုံးစိစိနဲ့ ထမင်းစားကြလို့။ ထမင်းစားနေရင်း သားကြီးက "ခေါဘူအဖြစ်ကလည်းနော်
ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးက ကျားထက် ဆိုး ဖြစ်နေတော့တာပဲ"တဲ့။ ဒါနဲ
့ခေါဂေက "ဟေ့ကောင် မင့်ထမင်းမင်းစားစမ်း"လို့ ငေါက်တော့
ဒီကောင်ငြိမ်သွားတယ်။
ထမင်းစားပြီးတော့ ခေါဂေက
ခေါဘူကိုသွားချော့တယ်။
နည်းနည်းစိတ် ပြေလာတဲ့ ခေါဘူက ခေါဂေကိုကြည့်ပြီးပြောတယ်။
"ဖေကြီး ဒေါက်တာပေါက်တူးကြီး"တဲ့။ အဲ့လိုပြောတော့ ခေါဂေ ခဗျာ
ပြုံးရမလိုလို ရယ်ရမလိုလို။ မချိုမချဉ် မျက်နှာပေါက်ကြီးနဲ
့"အေးပါကွာ..." တဲ့။
ဝေမြင့်မောင်
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
နှစ်ပတ်လည်မဂ္ဂဇင်း
၂၀၁၅
Comments
Post a Comment