ရင်ထဲကသေတ္တာ
POS |
ကျွန်တော့်မှာ လရောင်အောက်က တူရိယာလုလင်ကိုငေးကြည့်ကာ ရှေ့သို့ ဆက်တိုး မသွားတော့ ဘဲ နေရာတွင်ပင် ရပ်နေလိုက်ရ၏။ သူကလည်း သူနှင့်မလှမ်းတွင် လူ တယောက်လာပြီးရပ်နေသည်ကို လုံးဝပင်ဂရုမစိုက်ဘဲ မယ်ဒလင်ကိုသာ ပိုက်ထားလျက် စိတ်ပါလက်ပါ တီးခတ်နေလေသည်။
၁။
ကျုံစိန်ကြိုးဝိုင်းကြီးထဲဝင်လိုက်သည်နှင့်တပြိုင်နက် တောအုပ်ပေါ် စောင်အနက်တထည် အုပ်လိုက် သလို ရုတ်တရက် အုံ့ဆိုင်းမည်းမှောင်သွားရ၏။
ရိုးထဲတွင် သစ်ရွက်ခြောက်များပေါ်ခြေချနင်းလိုက်သည့် တဖြောဖြောက် တဖျောဖျော အသံများကို သာ ကြားနေရသည်။ မည်သူမျှ စကားမပြောနိုင်ကြ။
လူတိုင်းတိတ်ဆိတ်စွာလျှောက်လာနေကြပုံမှာ
စက်ရုပ်များလိုဖြစ်နေသည်။ တောအုပ်အတွင်းဖက်ရောက် သည်အထိ
ခြေသံနှင့်အသက်ရှူသံများမှအပ အခြား မည်သည့်အသံကို မျှ မကြားကြရ။ ကျွန်တော်သည်လည်း
စက်ရုပ်ပမာ လှမ်းလာနေခဲ့ရ၏။
မနက်တုန်းက ဒုံသမိချောင်းဘေး
ကျုံစိန်ရွာပေါ် သေမင်းတမန်များ ခုန်ဆင်းကျရောက်လာခဲ့သည့် ကိစ္စ ကို ပြန်တွေးနေမိသည်။
ကျွန်တော်က လက်နက်ကြီးပစ်သံများကိုအသေအချာ ကြားဖူးခြင်း မရှိသဖြင့် ၆၀ မမ
စိန်ပြောင်းကျည် နှစ်ချက်ပစ်ခတ်သည့်အသံကို နားထဲ၌ ဇဝေဇ၀ါဖြစ်နေခဲ့၏။ ချက်ချင်းဆိုသလို
ကျုံစိန် ရွာဖက်ဆီက လူသံ၊ ခွေးဟောင်သံများ ကျွန်တော်တို့ရှိရာဘက် ဝေ့တက်လာခဲ့၏။
ထိုစဉ်က ကျုံစိန်ရွာနှင့်မလှမ်းမကမ်း တောင်ကုန်းတစ်ခုပေါ်တွင်
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်ခွဲမှူးဗိုလ်သိန်းစိုးနှင့်
ကျွန်တော်တို့ရဲဘော်တစု ညအိပ်ခဲ့ကြသည်။ နေ့လည်ပိုင်းကမူ ဗိုလ်သိန်းစိုးက
ကျုံစိန်ရွာသားဖြစ်သဖြင့် ရွာထဲမှ အသိမိတ်ဆွေများကို စက်ဖြင့်လှမ်းပြောလှမ်းခေါ်ကာ ကျွန်တော်နှင့် တွေ့ဆုံပေးခဲ့၏။ ကျွန်တော်က ကျုံစိန်ရွာ၏သတင်းအချက်အလက်များ ကို
မေးမြန်းလေ့လာခဲ့ သည်။ ကျုံစိန်ရွာသားတချို့ တောင်ကုန်းပေါ်မှ ပြန်ဆင်းသွားသောအခါ
မိုးချုပ်သွားခဲ့ပြီဖြစ်သည်။
မနက်မိုးလင်းစတွင်
ကျွန်တော်နှင့်ဗိုလ်သိန်းစိုး တောင်ကုန်းအောက်ဖက် ရှိုကလေးထဲက စမ်းချောင်းတွင်
မျက်နှာသစ်ကြသည်။ ထိုစဉ်မှာပင် ၆၀ မမ စိန်ပြောင်းကျည်နှစ်ချက် ပစ်ခတ်လိုက်သည့်အသံကို
ကြား လိုက်ကြရခြင်းဖြစ်သည်။
ဗိုလ်သိန်းစိုးက
ထောင်ထားသည့်ကာဘိုင်သေနတ်ကို ကောက်ကိုင်ကာ တောင်ကုန်းပေါ်ပြေးတက် သွားတော့မှ
ကျွန်တော်သည်လည်း သူ့နောက်မှလိုက်လာခဲ့၏။
“ဒီကောင်တွေရွာထဲကို ၆၀ မမ
ပစ်ထည့်လိုက်တာကိုငြိမ်း”
ဗိုလ်သိန်းစိုးက တောင်ကုန်းထိပ်မှနေကာ
ကျုံစိန်ရွာဘက်ကို လှမ်းကြည့်နေ၏။ သူ့ဘေးကိုကျွန်တော်ရောက်သွားတော့ ကျုံစိန်ရွာဆီက
လူသံ၊ ခွေးသံများကို အတိုင်းသား ကြားနေ ရ၏။ ရွာလယ်ဆီက မီးခိုးမှိုင်းများ ဝေ့တက်လာသည်ကို
တွေ့နေရ၏။
“လာ. . . .ကိုငြိမ်း၊ ရွာထဲကလူတွေ
ဒီဘက်ပြေးလာကြမှာသေချာတယ်‘
သူနှင့်ကျွန်တော် တောင်ကုန်းအောက်က
လူသွားလမ်းကလေးပေါ်ရောက်သွားတော့ ရွာသားတချို့ ကျွန်တော်တို့ဖက်သို့ပြေးလာနေ၏။
ပြေးလာနေသည့်လူအုပ်နှင့်အတူ
ကျွန်တော်တို့လူတစ်စုလည်း ရွာနှင့်ဝေးရာသို့ အတူရောပြီး ပြေးကြ ရလေသည်။
ကျုံစိန်ကြိုးဝိုင်းတောစပ်အရောက်တွင် ရွာမှထွက်ပြေးလာသည့်လူတအုပ်နှင့် ကျွန်တော် တို့တတွေ
ခေတ္တအနားယူရင်း ရွာထဲက သတင်းကို မေးရလေသည်။ မည်သူမျှ အတိအကျ ပြော မပြနိုင်ဖြစ်နေ၏။
ဗိုလ်သိန်းစိုးက ရဲဘော်တယောက်၊
ရွာသားနှစ်ယောက်နှင့်အတူ ကျုံစိန်ရွာဖက်သို့ သတင်းစုံစမ်းရန် အတွက်
သတိကြီးစွာထားကာ ထွက်ခွာသွားခဲ့၏။ ကျွန်တော်နှင့် ကျုံစိန်ရွာသားတအုပ်မှာ တောထဲ တွင်
ငြိမ်သက်စွာ ထိုင်နေရစ်ခဲ့ကြ၏။ ထိုအခါကြမှ ပင် ကျွန်တော့်မှာ
ကျုံစိန်ရွာသားတချို့ကို မသိ မသာ အကဲခတ်နိုင်လေတော့သည်။
ကျွန်တော်နှင့်ဗိုလ်သိန်းစိုးတို့
တောင်ကုန်းပေါ်ကပြေးဆင်းပြီး လူသွားလမ်းလေးဆီအရောက် ကျွန်တော် တို့ရှေ့ကလူအုပ်ထဲတွင်
ဖိနပ်မပါ ပုဆိုးစလွယ်သိုင်းလျက် ကျောတွင် တစုံတရာ လွယ်ထားသည့် အသက် ၃၀ ခန့်အရွယ်
လူတယောက်ကို ကျွန်တော်သတိထားမိခဲ့၏။ လူအုပ်နှင့်အတူ တောနက်ထဲသို့တိုးဝင် လာ ကြစဉ်
သူ့ကိုအသေအချာ ကျွန်တော်လိုက်ကြည့်နေမိသည်။ ထိုလူမှာ စလွယ်သိုင်းထားသည့်
ပုဆိုး အဟောင်းတထည်မှအပ တခြားဘာပစ္စည်းမှ ပါမလာသည်ကိုတွေ့ရ၏။
သို့သော်
နှီးကြိုးနှင့်ချီကာ ကျောတွင်စလွယ်သိုင်းထားသည့် ပစ္စည်းတခုကို တွေ့လိုက်ရ တော့
ကျွန်တော့်မှာ မပြုံးဘဲမနေနိုင်အောင်ဖြစ်သွားရ၏။ နှီးနှင့်ချည်တုပ်ပြီးမှ
လွယ်ထားသိုင်းထား သည့်ပစ္စည်းမှာ မယ်ဒလင် အဟောင်း တလက်ဖြစ်နေလေသည်။ ထို့ပြင်
သူ့လက်ထဲတွင် ခွေးပေါက်စ လေးတကောင် ထွေးပွေ့လျက် ပါလာသည်ကို ကျွန်တော်
လှည့်ကြည့်လှည့်ကြည့် လုပ်နေခဲ့မိသေးသည်။
တစ်နာရီခန့်ရှိသောအခါ
ဗိုလ်သိန်းစိုးတို့လူသိုက် တောထဲသို့ပြန်ရောက်လာခဲ့ကြ၏။ ကျွန်တော်တို့နှင့်အတူ
တောထဲသို့လိုက်ပါပုန်းအောင်းကြမည့်လူအုပ်ကို ဗိုလ်သိန်းစိုးက အသေအချာ
ရေတွက်စစ်ဆေးပြီးနောက် ကျုံစိန်ကြိုးဝိုင်းထဲသို့ဝင်လာခဲ့၏။
လမ်းတွင် ဗိုလ်သိန်းစိုးပြောပြသည့်
ကျုံစိန်ရွာ အမင်္ဂလာသတင်းက စိတ်မကောင်းစရာ။ ရွာသားတဦး စိန်ပြောင်းကျည်ထိမှန်ပြီး
သေဆုံးပြီး အဘွားအိုတဦးနှင့် ကလေးငယ်တဦးမှာ ခြေထောက်နှင့် လက်တွင် ဒဏ်ရာရသွား၏။
ယခုအခါ ရွာထဲတွင် အဘိုးအို အဘွားအိုမှအပ မည်သူမှမနေရဲကြ။
နီးစပ်ရာ တောထဲတောင်ထဲ
ပြေးဝင် ပုန်းအောင်းကုန်ကြပြီ ဖြစ်သည်။
ကျွန်တော်တို့လူအုပ်
ကျုံစိန်ကြိုးဝိုင်း တောနက်ထဲသို့ရောလာပြီး ညအိပ်နားနေရန် နေရာရွေးကြ သောအခါ
ကျုံစိန်ကြိုးဝိုင်းတခုလုံး မှောင်အတိဖုံးလျက် ရှိပေပြီ။
၂။
မည်သည့်အချိန်က အိပ်ပျော်ခဲ့သည်မသိ ရုတ်တရက်အိပ်ရာကလန့်နိုးတော့ ကျွန်တော့်ခန္ဓာကိုယ်ကို တစုံတယောက်က တိုးဝှေ့ထိကပ်ပြီး အိပ်နေသည်ဟု ယူဆပြီးအိပ်ရာက ကမန်းကတန်း ထကြည့် လိုက်ရ၏။
ကျွန်တော်နှင့်တလံခန့်အကွာ
ညဥ့်ဦးပိုင်းက မွှေးထားခဲ့သည့်မီးဖိုတွင် မီးညွန့်ကျိုးနေပြီဖြစ်သည်။ သို့သော်
လထွက်လာပြီဖြစ်သည့်အတွက် ကျွန်တော့်ဘေးကအရာကို ကောင်းစွာတွေ့နေရ၏။
ချစ်စရာကောင်းသည့် ခွေးပေါက်စလေးတကောင်။
သူ့ခမျာ ချမ်းရှာလွန်းသည်ထင့်။ ကျွန်တော့်ဘေးတွင်
တိုးဝှေ့အိပ်စက်နေခြင်းဖြစ်လေသည်။ တောကြီးမျက်မည်းထဲ ဘယ်ကရောက်
လာသည့်ခွေးကလေးပါလိမ့် ဟု တွေးနေစဉ် လူတယောက်ရောက်လာကာ တအိအိနှင့်အသံပေးနေ သည့်
ခွေးကလေးကိုအသာ အယာ ကောက်ယူပွေ့ပိုက်လိုက်၏။ ပြီးတော့မှ စလွယ်သိုင်းထားသည့်
ပုဆိုးထဲထည့်ကာ ကျွန်တော် အနားမှခွာသွားခဲ့၏။ ကျွန်တော်က တစုံတရာပြောမည်ပြုပြီးမှ
နေရာတွင် ပြန်လှဲအိပ်လိုက်ရလေသည်။
သစ်ရွက်ခြောက်များခင်းထားသည့်အိပ်ရာပေါ်လှဲအိပ်လိုက်သည့်တိုင်
ကျွန်တော့်မှာ အိပ်မပျော်နိုင်သေးပေ။ ညဥ့်ဦးပိုင်းက ပြေးလွှားခဲ့ရသည့်အတွက်
ပင်ပန်းနွမ်းနယ်စွာ အိပ်မောကျခဲ့သည့်တိုင် နိုးလာတော့
ရုတ်တရက်ပြန်အိပ်လို့မရနိုင်ဖြစ်နေ၏။
လရောင်များမှာ ကျွန်တော်တို့
ခိုအောင်းနေရာတောအုပ်ပေါ် အစွမ်းကုန် သွန်ကျလာလျက်ရှိနေသည်။ အအေးဓာတ်ပိုလာပြီဖြစ်သဖြင့်
ကျွန်တော်က လူနှင့်ဝေးနေသော သစ်ရွက်ခြောက်များကို လက်နှင့် ယက်ပြီး
ခန္ဓာကိုယ်ဘေးသို့ဆွဲယူ ဖိကပ်ထားလိုက်၏။ မလှမ်းမကမ်းက သစ်ပင်သစ်ကိုင်းများပေါ်တွင် မူ
မြူများဝေ့၀ဲနေလျက်။ ထိုစဉ်အခိုက်မှာပင် ကျွန်တော်နှင့်မလှမ်းမကမ်း
ဝါးရုံပင်အုပ်ဆီက မယ်ဒလင် တီးသံ ထွက်ပေါ်လာခဲ့လေသည်။
ကျွန်တော်က အစပထမတော့
အိပ်ရာထဲမှပင်ကြားနေသည့် မယ်ဒလင်သံကို နားစွင့်ထားနေမိ၏။ တော နက်ထဲသို့
န၀တစစ်တပ်များလာလေ့လာထမရှိသဖြင့် တူရိယာရှင်က မယ်ဒလင်ကို စိတ်တိုင်းကျ တီးခတ် လျက် ရှိပုံရလေသည်။
မယ်ဒလင်သံမှာ တိတ်ဆိပ်လျက်ရှိသော
တောအုပ်ပေါ်ကျော်လွှားပြီး စီးမျှောလျက်ရှိနေ၏။ ချက်ချင်းဆိုသလို
ကျွန်တော့်မျက်စေ့ထဲတွင် ဟောင်းအိုလျက်ရှိသည့် မယ်ဒလင်တလက်ကို လျှော်ကြိုးနှင့်
သိုင်းချည်ကာ ကျွန်တော်တို့နှင့်အတူ တောထဲသို့လိုက်ပါထွက်ပြေးလာသည့် ကျုံစိန် ရွာသားတဦးကို
ပြန်မြင်လာခဲ့၏။ စိတ်ထဲတွင် မတင်မကျဖြစ်နေရာက ကျွန်တော့်ဘေးတွင် တိုးကပ် အိပ်ဖို့ကြိုးစားနေသည့်
ခွေးကလေး တကောင်ကို တယုတယကောက်ယူပွေ့ပြီး ယူသွားသူမှာလည်း ထိုမက်ဒလင်ပိုင်ရှင်ပင်ဖြစ်မည်ကို ကျွန်တော် သတိပြုမိလာ၏။
ကျွန်တော်က အိပ်ရာမှထကာ
မယ်ဒလင်တီးသံထွက်ပေါ်ရာ ၀ါးရုံပင်အုပ်ဘေးသို့ ခြေဖွဖွနင်းကာ လျောက် သွားခဲ့၏။
လရောင်အောက်တွင် လူတယောက်မှာ
မယ်ဒလင်တီးရင်း ကောင်းကင်ကိုမော့ကြည့်လျက် ထိုင်နေသည် ကိုတွေ့ရ၏။ သူ့ရှေ့တွင်
မီးညွှန့်မကျိုးသေးသည့် မီးဖိုတခုရှိနေ၏။ သူနှင့်မီးဖိုဘေး သူ့ခြေရင်းတွင်မူ
ပုဆိုးစုတ်တထည်ကို ခင်းထား၏။ ခင်းထားသည့်ပုဆိုးပေါ်က လှုပ်လှုပ်ရွရွလုပ်နေသည့်
အရာတခုကိုတွေ့ လို့ အာရုံစိုက်ကြည့်တော့ ခွေးပေါက်စကလေးတကောင် အိပ်ပျော်နေသည်ကို
တွေ့ရလေသည်။
ကျွန်တော့်မှာ လရောင်အောက်က
တူရိယာလုလင်ကိုငေးကြည့်ကာ ရှေ့သို့ဆက်တိုးမသွားတော့ ဘဲ နေရာတွင်ပင် ရပ်နေလိုက်ရ၏။
သူကလည်း သူနှင့်မလှမ်းတွင် လူတယောက်လာပြီးရပ်နေသည်ကို လုံးဝပင်ဂရုမစိုက်ဘဲ
မယ်ဒလင်ကိုသာ ပိုက်ထားလျက် စိတ်ပါလက်ပါ တီးခတ်နေလေသည်။
အသက်ဘေးမှလွတ်အောင် ရုတ်တရက်ထွက်ပြေးတိမ်းရှောင်လာရသူတဦးအဖို့
စားဖွယ်သောက်ဖွယ် နှင့် ခြုံစောင်များကိုတော့ တပါတည်းယူမလာဘဲ ခွေးကလေးတကောင်နှင့်
မယ်ဒလင်တလက်ကိုယူဖြစ်အောင် ယူလာခဲ့သည့် ထိုတူရိယာလုလင်၏ ရင်ခုန်သံများကို
ကျွန်တော် အတိုင်းသား ကြားနေရ၏။
မယ်ဒလင်သံက လွမ်းမောဘွယ်ကောင်းလှသည်။ လရောင်၊ မယ်ဒလင်သံနှင့် တိတ်ဆိတ်သော တောအုပ် တခု၏လျို့ဝှက်ချက်များကို ကျွန်တော်သိချင်လာခဲ့၏။
ဒီလောက်တောင် နေ့မြင်ညပျောက်ဘ၀မျိုးနှင့် နေထိုင်ကြရသည့် စစ်အတွင်းလူသားတဦး၏ ရင်ထဲတွင် မည်သို့သောလျှို့ဝှက်ချက်များ ရှိနေပါလိမ့်။ သူ့မယ်ဒလင်သံထဲက သူ့ဘ၀ လျှို့ဝှက်ချက် များ၏ရနံ့ကို ကျွန်တော်ရနေ၏။ သူ့ဘ၀လျှို့ဝှက်ချက်များ၏ အရောင်အဆင်းကို ကျွန်တော်မြင်နေရ၏။
သူ့ဘေးတွင်သွားရောက်ထိုင်ချကာ “ ကဲ …
ပြောစမ်း၊ ခင်ဗျားရင်ထဲမှာရှိတဲ့အရာတွေကို ကျုပ်ကို ပွင့်ပွင့် လင်းလင်းဖွင့်ပြီးပြောစမ်း”
ဟု ဆိုကာ ထိုတူရိယာလုပ်လင်၏ ရင်ကို ပေါ့ပါး သွားစေချင်၏။
သို့သော် ထိုမေးခွန်းများကို ကျွန်တော်မမေး ခဲ့တော့ပါ။ မေးလည်းမမေးရက်ပါ။
သို့သော် ထိုမေးခွန်းများကို ကျွန်တော်မမေး ခဲ့တော့ပါ။ မေးလည်းမမေးရက်ပါ။
မေးနိုင်သည့်ခွန်အားများလည်း
ကျွန်တော့်မှာမရှိတော့ပါ။ အကယ်၍များ သူ့ဘေးမှာသွားထိုင်ပြီး
အဲဒီမေးခွန်းတွေကိုမေးပြီး သူ့ရင်ကိုဖွင့်ကြည့်ခဲ့လျှင် …..။
-------------------------
ရင်ထဲကသေတ္တာ
-----------------------
ရင်ထဲကသေတ္တာ
-----------------------
မဖွင်နဲ့
မဖွင့်နဲ့
သူ့ရင်ထဲက သေတ္တာကိုမဖွင့်ပါနဲ့
ဖွင့်ကြည့်ဖို့
သင်
ဘယ်တော့မှ မကြိုးစားနဲ့လေ။
မဖွင့်နဲ့
သူ့ရင်ထဲက သေတ္တာကိုမဖွင့်ပါနဲ့
ဖွင့်ကြည့်ဖို့
သင်
ဘယ်တော့မှ မကြိုးစားနဲ့လေ။
အလှပဆုံးအရာဆိုတာ
အခင်းအကျင်းနဲ့လျှို့ဝှက်ချက်
ညီညွတ်လိုက်ဖက်နေတဲ့ အရာတခု။
လျှို့ဝှက်ချက်တွေ
ရင်ထဲက သေတ္တာတွေထဲမှာ
ကိုယ်စီကိုယ်စီ သိမ်းထားလို့။
အခင်းအကျင်းနဲ့လျှို့ဝှက်ချက်
ညီညွတ်လိုက်ဖက်နေတဲ့ အရာတခု။
လျှို့ဝှက်ချက်တွေ
ရင်ထဲက သေတ္တာတွေထဲမှာ
ကိုယ်စီကိုယ်စီ သိမ်းထားလို့။
ရင်ထဲကသေတ္တာလေး ပွင့်များသွားရင်
ကာယကံရှင် သေဆုံးသွားလိမ့်မယ် ။ ။
ကာယကံရှင် သေဆုံးသွားလိမ့်မယ် ။ ။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)
(သက္ကရာဇ် ၂၀၀၁ ခု၊ ဒီဇင်ဘာလထုတ်
ဟန်သစ်မဂ္ဂဇင်းမှ “ငုအိမ်ထက်မြက်” ရဲ့ “ရင်ထဲကသေတ္တာ” ကဗျာ) ဒီဆောင်းပါးလည်း
ရေးထားခဲ့တာ ဆယ်နှစ်ကျော်ပါပြီ။
Comments
Post a Comment