သစ်ခက်သံလွင်၊ ကဗျာရေးရာဆောင်းပါး- ညိုထက်(လမ်းသစ်ဦး) ရဲ့ သူ့ ဗုံသံတွေ အဇာဋာထဲ ပြန့်လွင့်နေတဲ့ကဗျာ
သူ့ ဗုံသံတွေ အဇာဋာထဲ ပြန့်လွင့်နေတဲ့ကဗျာ
beyondlanguagepoetry.com
ဖတ်ပြီးတဲ့အခါ………………
……………… ဘာမှမဟုတ်ပါဘူးကွာလို့
ခင်ဗျားတို့ အပြောခံရဖို့ ……………….
…………………… ကျနော် ဘယ်လောက်
ကြိုးစားရတယ်မှတ်လဲ။
K ဇော်
ကိုယ်တိုင်မဖတ်ရခင်ကတည်းက အကြားနဲ့တင်လှနေတဲ့ K ဇော်ရဲ့ကဗျာကို ဉာဏ်ပန်းအိုးလေးထဲမှာ တွေ့ လိုက်ရတော့ ၀မ်းမြောက်ဝမ်းသာပွေ့ဖတ်လိုက်မိတယ်။ ဘာမှမဟုတ်ပါဘူးကွာလို့ အပြောခံရဖို့အတွက် ကျနော်တို့တွေ ကြိုးစားခဲ့ကြတဲ့ကဗျာတွေနဲ့ ကဗျာဆရာတွေရဲ့ဘ၀။ အလှရှာရင်း အကျနာမှု ကိုထင်ဟပ်စေ တဲ့ကဗျာ။ ကျနော် K ဇော်ကိုသတိထားမိတာရွှေပွင့်လွှာ။ အဇာဋာလို့စာတမ်းတင်လိုက်တဲ့နေရာအသံတွေ ကနေစပြီး စီးရီးပြီးတဲ့အထိ အနုပညာတွေအလှတွေနဲ့အတိ။ သူ့ဂီတသံတွေနဲ့ကဗျာသံတွေ တကယ် ပဲ ကောင်းကင်ယံအဇာဋာထဲ ၀ံ့ပျံလွင့်ဝဲ။
မနေ့က ဖို့ဝိန်းဇေတ၀န်ကျောင်းကိုအလုပ်လျှောက်ဖို့အသွား ဆရာတော်ဦးကုသလ (ဦးဇင်းအောင်ကျော် လှိုင်) ကိုလာတွေ့တဲ့ မောင်သိန်းဇော်နဲ့ အမှတ်မထင်တွေ့လိုက်တယ်။ ကျနော်တို့တယောက်ကို တယောက် သတိမထားလိုက်မိခင် လေညင်းက မိုးရိပ်ငွေ့နေတယ်။ ညဦးပိုင်းလေညင်းကို ကွပ်ပျစ်ပေါ် လဲလှောင်းခံစား ရင်း အမေရိကားမှာသာတဲ့လကို ခံစားရင်း ကောင်းကင်ကိုမော့အကြည့် လျှပ်စစ်မိုးကြိုး ထစ်ချုံးနေတာတွေ့ ရတော့ သိကြားမင်းရဲ့ဝရဇိန်ကိုသတိရ။ နိုးလော့ထလော့ဧရာဝတီကို ဆိုညည်းမိ။ မောင်သိန်းဇော်အပြန် ကျနော့်အတွက်အလုပ်လျှောက်လွာရေးပေးနေတဲ့ ဦးဇင်းအောင်ကျော်လှိုင် အနားမှာ အဇာဋာထဲက ၀ရဇိန် ကိုတွေ့လိုက်ရတော့ အဲ့ဒီလျှပ်စီးတွေကို ကောက်ကိုင်ယူလိုက်မိတယ်။
K ဇော်
ဉာဏ်ပန်းအိုးလေး
K ဇော်ရဲ့တီထွင်လိုမှု၊ အသစ်ကို အာသာငမ်းငမ်းတပ်မက်မှုတွေကို ဒီကဗျာထဲ တွေ့ရတယ်။ ကျနော့် အရင် ဒီကဗျာကိုဖတ်နေတဲ့ဝိဇ္ဖာတပါးရဲ့အပြော ၃ ၄ ပုဒ် ပဲကြိုက်တယ်တဲ့။ ကျနော့်အတွေးထဲ အဲဒီ စကားတွေရဲ့ အဓိပ္ပာယ်တွေအရ ကျနော်တို့ကဗျာတွေ ကျနော်တို့အနုပညာတွေ ကျောချင်းကပ် ကြိုက်နေကြတယ်။ အဓိပ္ပာယ်တမျိုးအရ ရင်ချင်းအပ်နှစ်သက်ရတယ်။ ကျနော့်အတွေးတွေ လေပြေလို သုန်ဖြူးနေတဲ့အချိန် K ဇော်ရဲ့ကဗျာ လှမ်းဝင်ရောက်ရှိလာတယ်။ အဲဒီကဗျာကို ကျနော်ရင်ဖွင့်ကြိုဆိုလိုက်မိတယ်။
တွေးတောခြင်းဟာ …………….
တခါတရံမှာ သက်စွန့်စံဖျားပါပဲ။        
တချို့သောစာပိုဒ်တွေဖတ်ကြည့်နေမိရင်း ကျနော်ရေးခဲ့ဖူးတာတွေကို သတိတရ ရှိနေမိပြန်တယ်။ တနေ့တည်းတရက်တည်း ကျနော်ရေးတဲ့ကဗျာကို ကျနော်ဖတ်တဲ့ကဗျာထဲမှာတွေ့ခွင့်ရတော့ ၂ ကိုယ်ခွဲ ဓာတ်ရှင်ကားတွေထဲ စရိုက်၂ မျိုးနဲ့ သရုပ်ဆောင်သည်လို့ရေးထားတဲ့စာသားတွေကိုသတိရ။ ကျနော် မနေ့ နေ့လည်ပိုင်း နိုင်ငံရေးကဗျာကိုရေးဖြစ်တယ်။ ညပိုင်းမှာ ဉာဏ်ပန်းအိုးလေးကိုဖတ်ရတယ်။ နိုင်ငံရေးကဗျာ ထဲ ဒီလိုရေးထားတယ်။
စပယ်အိုးပုတ်တွေ ပွင့်နေပြီ
တကယ်ပဲ အသဲကွဲရတယ်။
K ဇော်ရဲ့ဉာဏ်ပန်းအိုးထဲ စပယ်ပန်းလေးရောက်နေပုံ
          လရိပ်တွေ ……
          ……….. မနိုးမချင်း
          စပယ်ခင်းဟာ စောင့်နေရ။     
အချစ်နဲ့ပတ်သက်ရင် ကျနော်တို့ရဲ့ပွင့်လင်းမှုတွေ အစွမ်းကုန်လန်းဆန်းခွင့်ရချင်ကြတာ ဓမ္မအကြောင်း တရားပဲ။ သဘာဝပဲ။ ကျနော့်အတိတ်ရဲ့တ၀တ်တပျက်ဖြစ်မှုတွေကို အာသာငမ်းငမ်း တောင်းဆိုမိတဲ့ အခါ၊ မြည်တွန်တောက်တီးတတ်တဲ့နှလုံးသားကို အန်ထုတ်ထွေးမိတဲ့ သဘာဝရှိကြတယ်။ အနုပညာမှု ပြုထားတဲ့ကမ္ဘာဦးငါးကို ပန်းသီးလေးအဖြစ် ကျနော်ရေးဖွဲ့မိတဲ့အချိန်တွေ အာဒံလှမ်းခဲ့တဲ့အချစ် အကြောင်း ဒီလိုဖွဲ့နွဲ့ပြခဲ့ဖူးတယ်။
          တံခါးချပ်ကို မပွင့်တပွင့်လေးဖွင့်ထားပြီး
တို့ နှစ်ဦးသား စကားတွေပြောခဲ့တာ
မင်းမျက်နှာလေးတ၀က်
မင်းမျက်လုံးလေးတ၀က်
ချစ်တော့ချစ်ပါတယ်
အမေဆူလိမ့်မယ်ဆိုသလိုမျိုး
ကိုယ့်ကို ချစ်တာကလည်းတ၀က်။
အာသီသတွေ ၀က်ဝက်ကွဲ။ အချစ်တွေ တသီတသန်းကြီးနဲ့ ဉာဏ်ပန်းအိုးလေးထဲ ရောက်ရှိနေပုံ
          ပန်းတွေဆန္ဒ စိတ်ချည်းသက်သက် ………..
          …………………..ထွက်ခဲ့ရတဲ့ ခရီးမို့
          ပျော်ရွှင်ခြင်းလည်း ………………………………
          တစ်ဝက်ပါပဲကွယ်။     
ကျနော်တို့တွေလောကဓံအကြောင်း လက်ခမောင်းတီးပြီး ညွန်းဆိုခဲ့ကြတာတွေရှိတယ်။ အဲဒီအထဲ ကျနော်ဘ၀င်ငြိတဲ့လောကဓံကို စိန်ခေါ်ချက်တွေရှိတယ်။ ကချောပေါ့။
လောကဓံကို မထေမဲ့မြင် ပြုမူခဲ့ပုံများ  
မိုးဦးအကျစောတယ်ဆိုတာလည်း      
တကယ်တော့ လောကဓံတွေပါအမေ
အဲဒီစာကိုကြယ်ပြာလေးနဲ့ထမင်းစားပြီးတဲ့အချိန်တွေတိုင်း ကျနော်ရွတ်ဆိုနေလေ့ ရှိတယ်။ အဲဒီလောကဓံ ကိုပဲ K ဇော် ညွန်းဆိုခဲ့ပြန်တယ်။ လောကဓံကိုမကြောက်တမ်း အလှအပနဲ့ တည်ဆောက်ပြနေတာ ကို တွေ့ရတယ်။
          ယူတတ်ရင် ……….
          လောကဓံတရား ဆိုတာထဲမှာလည်း
          လွှင့်ပစ်စရာ တခုမှ မပါဘူး။   
          လောကဓံက အတို့အဆိတ်များတဲ့အခါ
          ကိုယ့်ကိုယ်ကိုယ်လည်း  ……………………
          ……………….ချော့မြူဖို့လိုတယ်။        
ကျနော်ကတော့ အဲ့ဒီလောကဓံကိုပဲ နိုင်ငံရေးပီပီသသ ညွန်းဆိုခဲ့မိတာကို သတိရနေမိပြန်တယ်။
          လောကဓံကို ရင်မဆိုင်ရဲသူ တော်လှန်ရေးသမား မဖြစ်နိုင်ဘူး။
သဘာဝနဲ့ဓမ္မ။ ကဗျာဆရာနဲ့အလှ။ သစ္စာတရားနဲ့အနုပညာ။ ဘယ်သန် - ညာသန် အငြင်းမပွားကြေး။ တရားဓမ္မနဲ့ အနုပညာ တနေရာရာမှာတွေ့မိကြရင်းနှီးကြတာချည်းပဲ။ အဲဒီ တရားဓမ္မကိစ္စကိုပဲ ခပ်ရင့် ရင့်ပြောကြတဲ့အခါ အနုပညာမှာ အတွေးအခေါ်ရှိရမယ်တို့၊ ၀ါဒရှိရမယ်တို့၊ ဖြစ်လာတယ်။ အနုပညာ သည် ဘာအတွက်မှမဟုတ်၊ အဲဒီ ကြွေးကြော်သံကို ကျနော်ကြားခဲ့မိတယ်။ ဒါပေမဲ့ အဲဒီကြွေးကြော်သံကိုမေးခွန်း ထုတ်နေမိတာလည်း ဒီတလောပဲ။ ဖြစ်ပုံလေးနည်းနည်းပြောပြရရင် တလောက သျှင်ဥက္ကဋ္ဌရဲ့အနတ္တ လက္ခဏာကိုဖတ်ရင်း အဲဒီမေးခွန်း ကျနော့်အတွေးထဲရောက်နေတာ။ တကယ်ပဲ အနုပညာ ဘာအတွက်မှ မဟုတ်တဲ့ အနတ္တလက္ခဏာနေရာကိုရောက်ပြီလား။ အာကာသဓာတ်နေရာကိုအနုပညာ ရောက်ပြီလား။ ဟင်းလင်းပြင်နေရာကိုရောက်ပြီလား။ ဘာမှမရှိခြင်းနယ်ပယ်။ အနတ္တနေရာ။ အဲဒီအထိုင်ကနေ ကျနော်တို့ တကယ်ပဲကဗျာတွေရေးနေနိုင်ကြပြီလား။ ဂျပန်ဘုန်းတော်ကြီးတွေရဲ့ ဟိုက္ကူ တွေကိုသတိရစရာပဲ။ ကျနော်တို့အယူတခုခုနဲ့အနုပညာတွေကို တည်ဆောက်နေကြတာချည်းပဲလို့ မြင်နေမိတယ်။ K ဇော်ရဲ့ပန်းအိုးထဲရောက်နေတဲ့ ဉာဏ်ကိစ္စတွေကို တွေ့ခွင့်ရလိုက်တာကို ပြောချင်နေမိတာ။
သဘာဝကျလား …………..
…………. သဘာဝကျရင် ဓမ္မပါပဲ
ဖြစ်တာပျက်တာ ဘယ်အရာကိုမှ
စိတ်မဆိုးရဘူး၊ စိတ်မကောက်ရဘူး
စိတ်မကောင်းလည်း မဖြစ်ရဘူး။ ။
          အမှန်တရားကို …………………..
          တချို့က မကြောက်မရွံ့ ချစ်ကြတယ်
          …………….. အဲဒီ အမှန်တရားကိုပဲ
          တချို့က မရှက်မကြောက် ………………
          ……………….. မုန်းကြတယ်။  
စိတ်မှာ ………………….
အသစ် အဟောင်း မရှိ
ဖြစ်ပျက်ပဲ ရှိ။  
          ဘ၀ဆိုတာ ……………………
          ……………….. ယူထားတာတွေ ပြန်ပေးဖို့နဲ့
          ပေးထားတာတွေ ပြန်ယူဖို့ ………………………
          ရောက်ရှိခြင်း ဖြစ်တယ် ။       
`        ဒါနသည် ပန်း………………………
………………. သီလသည် စမ်း
ဘာဝနာသည် လမ်း။  
ကျနော်နာခဲ့ဖူးတဲ့တရားတွေထဲ ကျနော့်ဘ၀င်ထဲ အမြဲလောက်နီးနီးရောက်ရှိနေလေ့ရှိတဲ့ ဓမ္မကထိက  တပါးရဲ့တရားရှိတယ်။
          ဒေါသကို နှုတ်
          အဒေါသကို ဆက်
          နှုတ်သည် ဆက်သည် နှုတ်ဆက်ခဲ့ပါသည်။
အဲဒီတရားကို အဲဒီတရားနဲ့မတူပဲ K ဇော်ရဲ့ ကဗျာမှုပြုခြင်းက သတိထားခြင်စရာ -
          ပါရမီဆိုလည်း ………………………………ဆက်
          ဘယ်နေရာမှာမှ……………………………….
          ………………………. ဘယ်အကြောင်းအရာနဲ့မှ
          ရပ်တန့်နေဖို့ မဖြစ်နိုင်ဘူး။     
ကျနော် ၂၀၀၃ လောက်ကတည်းက တိုင်းချစ်ပြည်ချစ်ဝါဒီတယောက် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ တကယ်  တန်းပြန်လည်စစ်ဆေးကြည့်တော့ အဲဒီအချိန်တွေ ကျနော်တိုင်းချစ်ပြည်ချစ်ဝါဒီဖြစ်နေတယ်ဆိုတာ ဖြစ်နေ တာပဲရှိတယ်။ ကျနော်ကိုင်စွဲခဲ့တဲ့ အယူဝါဒအပေါ် ဆေးကြောစိစစ်ခြင်းမရှိခဲ့တာကို တွေ့နေရတယ်။ ဒီအချိန်ပြန်လည်စိစစ်ကြည့်မိလာတော့ ကျနော်ရဲ့အယူဝါဒ၊ ကျနော်ရဲ့ဗဟိုချက်အတွေးအခေါ်က တိုင်း ချစ်ပြည်ချစ် ချည်းသက်သက်မဟုတ်တော့ဘူး။ ကျနော် အနှစ် ၂၀ လောက် တယုတယ ချစ်ခင်မြတ်နိုးခဲ့တဲ့ တပ်ဦးရဲ့အမျိုးသားနိုင်ငံရေးရဲ့ဒီမိုကရေစီဖြစ်မှုတွေ ရောပြွန်းလာတယ်။ အဲဒီလိုနဲ့ ကျနော်ဒီမိုကရက်တစ် တိုင်းချစ်ပြည်ချစ်ဖြစ်လာတယ်။ တို့ဗမာအစည်းအရုံးရဲ့တပြည်လုံး ကိုယ့်အိမ် မှတ်ပါ ကြွေးကြော်သံနေရာမှ တကမ္ဘာလုံးကို ကိုယ့်အိမ်လိုသဘောထားရမယ်တဲ့ဆိုတဲ့ ကြွေးကြော်သံ ဖြစ်လာတယ်။ K ဇော်ကတော့ သူ့ရဲ့တိုင်းချစ်ပြည်ချစ်မှုကို ဉာဏ်ပန်းအိုးထဲ ဟော့ဒီလိုထိုးစိုက် အလှ ဆင်ပေးခဲ့တယ်။
ပေါင်မုန့်ကို  လေးစားပါတယ် ………..
          ထမင်းလောက်တော့ မချစ်နိုင်ဘူး။     
သူ့အရိပ်က အစ ……………….
………………..နှမြော တ သ စွာ
တ ထိတ် ထိတ် ချစ်နေရတဲ့ ……………..
ပိန်းချုံးစ မန္တလေးကိုမှကွယ်။   
ကဗျာနဲ့ပတ်သက်ပြီ ဒီတလောက ကျနော်အတွေးတချို့ရှိနေတယ်။ ကဗျာနဲ့ပတ်သက်ပြီး ဒီကိစ္စ ဆွေးနွေးနေ ကြတာအတော်ကြာပြီ။ ဂန္ဓ၀င်ကဗျာ-ခေတ်စမ်းကဗျာ-စာပေသစ် - မိုးဝေကဗျာ-မော်ဒန် - ပို့စ် မော်ဒန်။ ၄ လုံးလင်္ကာ-လွတ်လပ်ကာရံ-ကာရံမဲ့- ဘာသာစကားကဗျာ။ ကာရံမဲ့ချင်မဲ့-အဘိဓမ္မာမမဲ့နဲ့။ ကဗျာဝေဖန်ရေးဆရာများရဲ့အလိုအရ ပုံသဏ္ဍာန်ပိုင်းအဓိကထားရေးဖွဲ့တဲ့နေရာကနေအကြောင်းအရာ ပိုင်းအားပြုမှုကို ရောက်ရှိလာတယ်။ အဲဒီလှုပ်ရှားမှုကို စာပေသစ်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တယ်။ အကြောင်းအရာပိုင်းက တောင်းဆိုလာရင် ပုံသဏ္ဍာန်ပိုင်းဖြစ်တဲ့ ၄ လုံးလင်္ကာစနစ် ကို ဖောက်ထွက် ရေး ခွင့်ရှိတယ်လို့ မြင်လာကြတယ်။ တကယ်တမ်းလည်း ဖောက်ထွက်ရေးတဲ့ကဗျာတွေ ရှိလာကြတယ်။ အဓိကအားဖြင့် မိုးဝေကဗျာတွေမှာ လွတ်လပ်ကာရံစနစ်နဲ့ရေးတဲ့ကဗျာတွေကို တွေ့လာရတယ်။ ထင်းရူးပင်ရိပ်နဲ့ဘောင်းဘီဝတ်မိုးတိမ်ပြာ၊ ဒေ၀ဒူတတို့ရဲ့ဂယက်ကြောင့် လွတ်လပ်ကာရံကနေ လုံးဝ ကာရံစနစ်ကို စွန်လွှတ်တဲ့ကဗျာတွေ ရေးလာကြတယ်။ ပုံသဏ္ဍာန်ပိုင်းကိုဖောက်ထွက်တယ် - အကြောင်း အရာပိုင်းကို အားပြုတယ်။ အဲဒီအပိုင်းကနေ ခံစားမှုကိုအားပြုတဲ့ကဗျာတွေကို ဗမာကဗျာ ဆရာတွေ ပိုမိုရေး ဖွဲ့လာကြတယ်။ အမေရိကားရဲ့မြို့ကလေးရဲ့ အလုပ်လက်မဲ့နေတွေထဲ အဲဒီအတွေး တွေးနေတဲ့အခိုက် - အဲဒီလိုနဲ့ အခိုင်ဓာတ်နဲ့ထိချက်အကြောင်း သတိရလာမိတယ်။ အဲဒီလိုပဲ ကဗျာကို ပုံသဏ္ဍာန်တွေထဲက လွတ်မြောက်ရာ၊ အကြောင်းအရာကို ဗဟိုပြုမှုထဲက လွတ်မြောက်ရာ၊ ရင်ခုန်သံကို ဦးဆောင်မှုပေးတဲ့ ကဗျာအယူကို K ဇော်ရဲ့ ညဏ်ပန်းအိုးထဲ တွေ့ခွင့်ရလိုက်တယ်။
           …………..ဒီစိတ်ရဲ့ ရာသီဥတုလေးမှာ
          ငါ ကဗျာတပုဒ် ရချင်တယ် ………………….
          ………………….ဒါပေမဲ့ ကဗျာဆိုတာ
          ကိုယ့်သဘောမှ မဟုတ်တာ …………………..
          သူ့သဘောအတိုင်းပါပဲလေ။   
ရင်ခုန်သံကို ဦးစားပေးကြတဲ့အကြောင်းတွေးမိရာကနေ အတွေးအခေါ်တွေဆီကို ရောက်မိလာတယ်။ ကျနော် စာတွေဖတ်တဲ့အချိန်တွေအကြောင်းတွေးမိတော့ ကျနော်ပြောခဲ့ဖူးတာကို သတိရနေမိပြန် တယ်။ ကျနော်လေ့လာရေးကို ဝေဖန်မိသလောက် ကျနော်ကိုလွှမ်းမိုးတဲ့အယူအဆ ၂ ခုရှိတာ သတိ ထားမိတယ်။ ကျနော်က ကွန်မြူနစ်ဝါဒကိုလေ့လာရင်း ဖြစ်တည်မှုဝါဒကို လက်ခံရယူခဲ့ရတဲ့အနေအထားပဲ။ ကွန်မြူနစ်ဝါဒ လေ့လာသူတယောက်အနေနဲ့ နိုင်ငံရေးက အရာရာကို ဦးဆောင်မှုပေးတယ်ဆိုတဲ့ အယူ ရှိ သလိုမျိုး ဖြစ်တည်မှုဝါဒီတယောက်လို နှလုံးသားကိုဦးစားပေးသူ။ နိုင်ငံရေးရဲ့ဦးဆောင်မှုသဘောအရပြော ရရင် ဒီကနေ့ နိုင်ငံရေးကိစ္စ ၈၈ နိုင်ငံရေးကိစ္စပဲ။ ၈၈ နိုင်ငံရေးရဲ့ပါတီစုံဒီမိုကရေစီ ကြွေးကြော်သံဟာ စာပေနဲ့တွေးခေါ်မှုနယ်ပယ်မှာ ဖြစ်တည်မှုဝါဒအဖြစ် လှုပ်ရှားရုန်းကြွလာတာကို သတိထားမိတယ်။ ကျနော် အဲဒီနိုင်ငံရေးအောက်မှာ လေ့လာရေးလုပ်ခဲ့ရတယ်။ ဖြစ်တည်မှုဝါဒီတွေရဲ့အလိုအရ ဖြစ်တည်မှုက ဘ၀ ထက်အရင်စတယ်။ ဒါပေမဲ့ ဖြစ်တည်မှုဝါဒက ရပ်တန့်နေတာမဟုတ်ဘူး။ ဖြစ်တည်မှုသစ်ဆိုတဲ့နေရာကို သစ်လွင်ဆန့်ချီနေတာကို သတိထားမိတယ်။ ဖြစ်တည်မှုဝါဒသစ်ရဲ့ ဆိုလိုရင်းက ဗုဒ္ဓရဲ့အဘိဓမ္မာသို့ ဦးတည်လာတာ သတိထားမိလာတယ်။ ကျနော့်ရဲ့ဘ၀အတွေ့အရ ဘ၀က ဖြစ်တည်မှုထက် အရင်စတာ ကို တွေ့လာရတယ်။ ဘ၀တွေ အရင်စတင်ထားတဲ့ ဖြစ်တည်မှု။ ဇာတ်ညွန်းအတိုင်းညွန်ကြားခံနေရတဲ့ ဓာတ်ရှင်မင်းသားလိုဘ၀များ။ ကျနော့်ရဲ့ တွေးလက်စအတွေးတွေကို K ဇော်ရဲ့ကဗျာမှုထဲမှာ တွေ့လိုက်ရ -
          ရထားတွေကို …………..
          ………………….. သံလမ်းတွေက
          ချိုးကွေ့သွားတယ်။               
K ဇော်ရဲ့ဉာဏ်ပန်းအိုးထဲအဟောင်းကိုတော့ မမေ့မလျော့ ထည့်သွင်းထားပြန်တယ်။ ဖြစ်တည်မှု ၀ါဒ ဟောင်းရဲ့ဆိုလိုချက် ပန်းလိုပွင့်နေပုံ
          လမ်းလည်း မရွေးနိုင် ………..
          လူလည်း မရွေးနိုင် ……………….
          တယောက် အပူချိန် တယောက် မခန့်မှန်းနိုင်
          …………………………………………….
          ငါ့မြတ်နိုးမှု ရန်ပြုသူလည်း ငါပေါ့။      
ဒဂုန်တာရာရဲ့ ဖောက်ထွက်ခြင်းအနုပညာအဖြစ် မှတ်တမ်းတင်ကျန်နေတဲ့ ကဗျာရှိတယ်။ ပင်လယ်ဝ သို့ လှေကလေးနဲ့ထွက်ခဲ့။ ပုံသဏ္ဍာန်အရ ဖောက်ထွက်တဲ့သဘောချည်းထက် လှေကလေးနဲ့ ပင်လယ် ၀ကို အရောက်ချီတတ်တာကိုက ဖောက်ထွက်ခြင်းအနုပညာ။ လောကဓံတရားက အထက် ၄ ပါး၊ အောက် ၄ ပါး။ ထွန်ယက်စိုက်ပျိုးမှုလို အထစ်ထစ်အငေါ့ငေါ့ရှိလှတဲ့ ဘ၀ခရီးသွားတွေ။ အဲ့ဒီလှေကလေးနဲ့ပဲ ကျနော်တို့ပင်လယ်သို့ ရောက်ရှိခဲ့ကြတယ်။ သမုဒ္ဒရာနှုတ်ခမ်းသားချင်း နမ်းခွင့်တွေရရှိခဲ့ကြတယ်။ 
ပင်လယ်ပြာပြာ - ရေပြာပြာ
စကား အ, ထစ် အ, ထစ်နဲ့ …………………
          ……………………..စမ်းချောင်းကလေးတောင်
          ပင်လယ်ဆီ ……………………
          ရောက်အောင် သွားနိုင်သေးတာ ။     
ကျနော်တို့ ပင်လယ်ဆီရောက်အောင် ချီတတ်နိုင်ခဲ့ကြတယ်။
          ငါကိုယ်တိုင် ရေးတဲ့ ………………
          ဇာတ်ညွန်းထဲက အတိုင်းပါပဲ။  
၁၈ - ၇ - ၂၀၁၆
ညိုထက် (လမ်းသစ်ဦး)
Comments