သစ်ခက်သံလွင် တကိုယ်တော်ကဗျာပြပွဲ ၊ တည်ဘွားဦးကဗျာများ

ကမ်းခြေ

waldina.com
မိုးကောင်းကင်ကြီးကတော့ ရေနစ်သေသွားတယ်

ပင်လယ်ပြင်ကြီးကတော့ လေဟာနယ်ထဲရွက်လွင့်နေဆဲ

မာယာများလွန်းလှတဲ့ လောကဆိပ်ကမ်းမှာခြေစုံရပ်

ပြန်မလာသူကိုစောင့်နေရရှာတဲ့ ကျောက်စိုင်ကျောက်ခဲဘ၀တွေ။

တည်ဘွားဦး
၂၀၁၅


ဗန်ဂိုးမသိအောင်

အာလူးခိုးစားကြသူများ
alifon.livejournal.com

ဟေ့ …ဒီဆိုင်က

မှာစရာရှိတာတွေမှာမလို့

အာလူးကြော်တပွဲပေးပါ

ငါတို့ကို အားလူးကြော်တပွဲပေးပါ

ဟေ့ …ဗန်ဂိုးမလာခင် မြန်မြန်လေး

ကိုယ့်အကြောင်း ကိုယ်

မကောင်းပြောဖို့ သိပ်ခက်နေတဲ့

ရပ်ကွက်ထဲက ကောင်တွေစားဖို့

ဟေ့ …ဗန်ဂိုးမလာခင်

အာလူးကြော်တပွဲ မြန်မြန်လေး။ ။

တည်ဘွားဦး


ရန်ကုန်အိမ်

www.powersofobservation.com

 လှေကားအတိုင်းတိုက်ပေါ်ကိုတက်သွားတယ်

လှေကားအတိုင်း တိုက်ပေါ်က ဆင်းခဲ့တယ်

လှေကားထစ်ပေါင်း = ၅၂၈

မောင်နှမတတွေ

တယောက်မှမတည့်ဘူး။ ။

တည်ဘွားဦး



သတင်းစာ

alfa-img.com
 လေထဲလွင့်ဝဲ မီးခိုးငွေ့များ

လမ်းနံဘေးကျောက်စရစ်ခဲနှင့်

မြေစာမြက်များကြား

ကားဘီးရာ တံဆိပ်ကပ်ခံရတဲ့

သင့်ရဲ့

ထမင်းချိုင့်အား

သင်၏သက်ဆိုင်သူများသာ

သိမ်းဆည်းထားပါကြောင်း ။ ။


တည်ဘွားဦး
၂၅ ၆ ၀၇


မျက်ရည်ရှစ်လွှာ
 
fashionconnery.com
 ခိုတွေက

ခြောက်လှန့်တာတောင်မှ

ငါ့ကိုမကြောက်

ငါ့ဘာသာနေတာ

ဘာဖြစ်လို့

ကျီးကန်းတွေက အာရတာလဲ

နောက်တခေါက်

အသက်ရှင်လျက် ပြန်လာရင်

ဖိုးဖြူခွေးက

ငါ့ကို ထိုးဟောင်တော့မှာ

ရှစ်လွှာက ခုန်ချသွားတဲ့

င့ါမျက်ရည်တွေ

ငါ့ မျက်ရည်တွေက မလှပါလား

သြော် .. သားလေးရဲ့

ဈာပန …ဈာပန ။ ။

တည်ဘွားဦး 


သတိရခြင်း

 
davidsartoftheday.blogspot.com



ဒီကနေ့

တောင်လေတိုက်တာ

ငါ့ကို ဘာများပြောချင်လို့ပါလိမ့် ။ ။

တည်ဘွားဦး


လှေကားထစ်
  
abstractartexp.weebly.com


ဘဝနဲ့ရင်းပြီး

တက်ခဲ့ရတာပါ

ကျနော့်ကိုယ်စား

လှေကားထစ်တွေခမျာ

မောနေရရှာ။ ။

တည်ဘွားဦး


မပြောရဘူး
 
fineartamerica.com

ပလက်ဖောင်းဟာ

လမ်းလျှောက်နေရင်း

လူထက် အရပ်မြင့်သွားတာ

မပြောရဘူး။



အဆိုဆိုရင်

သစ်ရွက်တွေကြွေသွားတာ

သစ်ပင်တွေပေါ်မှာ

လမ်းလျှောက်ရလို့ …လို့

မပြောရဘူး။



လူကောင်းတယောက်လို

ကောင်းအောင်နေတာပါပဲ

မပြောရဘူးဆိုလို့

ပြောရပါဦးမယ်

သိပ်စိတ်ညစ်တယ်

နားထင်ကိုသေနတ်နဲ့တေ့ထားတယ်။  

တည်ဘွားဦး

….

အေးမိုးခိုင် မြန်မြန်ပြန်လာခဲ့

 
btec3artdesign.blogspot.com
 အပူပင်ကင်းမဲ့တဲ့

သမီးလေးက သီချင်းဆိုတယ်

မိုးရွာရင် မိုးရေချိုးမယ်

မေမေလာရင် နို့စို့မယ်တဲ့…

အေးမိုးခိုင် မြန်မြန်ပြန်လာခဲ့။



မင်းမြင်ရဲ့လား

အခုလို

ညှို့မှိုင်းပြီး ညှိုးနွမ်းနေတဲ့

ကောင်းကင်ကြီးဟာ

ငါနဲ့ ငါသမီးမျက်နှာဆိုတာ

မင်းမြင်ရဲ့လား အေးမိုးခိုင်

အေးမိုးခိုင် မြန်မြန်ပြန်လာခဲ့။ ။

တည်ဘွားဦး


Comments