သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ကောင်းကင်ကို၊ နေပန်ဦး၊ သျှင်မျိုးငယ်တို့၏ကဗျာများ

နှင်းဆီခြံ ညှီစော်နံနေကြောင်း ခေါင်းလောင်းသံ
 
en.wikipedia.org
ရွာလေးကပြောတယ်
ကုလားမဝင်ရ ဆိုင်းဘုတ်နဲ့
သူ ရှိုးထုတ်မလို့တဲ့။

မေမေကပြောတယ်
နာနာရိုက်ပေးပါ ဆရာမတဲ့
အပိုင်းဂဏန်းငယ်လေး
ကိန်းပြည့်ဖြစ် လူလားမြောက်တဲ့အခါ
ကြီးနိုင်ငယ်ညှဉ်း ဘဝကြိမ်ဒဏ်က
အခု ကြိမ်ဒဏ်ထက်ပိုနာမှာမို့
တင်ပါးတွေ ခံနိုင်ရည်မြင့်အောင်
လေ့ကျင့်ပေးပါတဲ့။

ဗုဒ္ဓက မိန့်တယ်
ဟဲ့...ယောအတွင်းဝန်ဆိုတဲ့ဒကာ
နင့်စာကိုဖျက်တာ မြင်းထိန်းငတာတယောက်တည်း
ငါ့စာဖျက်သူတွေကို ဒီမှာကြည့်
အို...ဗုဒ္ဓထောက်ပြတာ မြန်မာနိုင်ငံမြေပုံကြီးပဲ။

သမိုင်းသင်တာ မအအောင်ဆိုပေမဲ့
ကွန်စာရှုမချစ်တဲ့ သမိုင်းဆရာ...
ဆံသသမားအသွင်
မှိုင်းကွက်နင်းပြီး ဝင်လာတယ်။
သူ့လက်ထဲက ကပ်ကြေးတလက်နဲ့
ညှပ်ပြီးသွားတဲ့အခါ
ကလေးတွေရဲ့ ဆံပင်က လုံးဝ...တပုံစံ
တဘက်သတ်အမြင်တွေ ခေါင်းမှာ ကိုယ်စီပန်လို့။

ကောင်းကင်ကို
 

ဓာတ်ပြားဟောင်း

www.pinterest.com
မမှားဘူးလို့ မှားကြည့်ပေါင်းများခဲ့တဲ့ဘဝ
ငါ့စိတ်ငါ လှန်ထောင်းပစ်လို့ရရင် အကောင်းသား။
အညွှန်းတွေအတိုင်းလျှောက်မိတဲ့လမ်းပေါ်
အမြဲတန်းစွဲစားနေရတဲ့ဒုက္ခတွေ
မျှော်လင့်ချက်တာတောင် ခါထုတ်ပစ်လိုက်ချင်တယ်
တနေ့လာလည်း ဒီဘဝဒီစိတ် ဒီအဖြစ်တွေ
တနှစ်လာလည်း ဒီဘဝဒီစိတ် ဒီအဖြစ်တွေ
ကောက်ရိုးမလောက် မြက်မလောက်နဲ့
အဝိဇ္ဇာတရားဆိုလည်း အလွတ်ရနေပြီ။

လူဆိုတော့လူလိုသိပါရဲ့
အသက်ကလေးရလာ ဟန်ဆောင်တတ်လာ
အမောလည်းဖောက်ချင်လာပေမယ့်
အရက်သောက်ထားတော့ အရက်နံ့မရသလို
ငါ့အလိုချည်းတွေးမိတာဆန်းလား။

လေထဲမှာရှိတာမှန်သမျှ
လောကဟာမမြဲမှန်းသိသိချည်းနဲ့
အသက်တချောင်းအလိုလိုက်ခဲ့တယ်။

ရှင်မှုမှာလည်း ငရဲရှိတယ် နိဗ္ဗာန်ရှိတယ်
မီးသတ်စင်တွေလို မီးခိုးကိုအနံ့ခံသတင်းပေးတာမျိုး
ရထားတဲ့သံဝေဂတောင် အားနာလှပါပြီ။

                                        
နေပန်ဦး


ကော်ဖီတခွက်ထဲမှာ အဆင်မပြေမှုတွေကို
ထည့်ဖျော်ပြီး သောက်လိုက်တယ်  
 
www.pinterest.com
နာကျင်ကိုက်ခဲမှုများရဲ့ လားရာကို ငါမသိဘူး
အဖြစ်အပျက် လောကဓမ္မကို ငါမသိဘူး
အကောင်းစားဒုက္ခသည်စခန်းမှာ ငါနေထိုင်တယ်
ကော်ဖီတခွက်ထဲမှာ
ငါကိုယ်တိုင် ခါးသက်ပစ်ခဲ့တဲ့နေ့စွဲတွေရှိဖူးတယ်
ဟုတ်တယ်..ကော်ဖီတခွက်ထဲမှာ....

ခြေသံမလုံတဲ့ အဆင်ပြေမှုမျိုးကို ငါမလိုချင်ဘူး
လောဘ ဒေါသ မောဟမီးတွေ လောင်မြိုက်ဆဲ
ကျကွဲသွားတဲ့ပုလင်းထက် ပြန်မရတော့တဲ့ယုံကြည်မှုတွေကို
ငါဟာ ပိုမက်မောခဲ့တဲ့ကောင်ပါ....
အဆင်ပြေလား အဆင်ပြေလားမေးမနေနဲ့
အဆင်ပြေပါတယ်..ဆိုတာ ငါ့အဖြေပဲ....

မော့သောက်ပစ်လိုက်တယ် မေ့သွားအောင်အထိ
အဆင်မပြေမှုတွေနဲ့ အဆင်ပြေပြေနေထိုင်ရတာ
အဆင်မပြေဘူးလို့ အဆင်ပြေပြေဖြေလိုက်တာ
အဆင်ပြေရဲ့လား....
ထည့်ဖျော်လိုက်တဲ့အဆင်မပြေမှုတွေဟာ
ကော်ဖီတခွက်စာ.....အဆင်ပြေရဲ့လား...

အဲဒီနေ့က
အဲဒီညက
ကော်ဖီတခွက်ထဲမှာ အဆင်မပြေမှုတွေကို
ထည့်ဖျော်ပြီး သောက်လိုက်တယ်
အဆင်ပြေပြေမပြေပြေ အဆင်ပြေတယ်လို့ငါဖြေတယ်
ငါ အဆင်ပြေပါတယ်
ငါ အဆင်ပြေပါတယ်
ကော်ဖီတခွက်ကို စားပွဲပေါ်မှာတင်ထားလိုက်တယ်
ခါးသက်သက်ရယ်သံတွေကို
ကျောခိုင်းလို့..။ ။

သျှင်မျိုးငယ်

Comments