သစ်ခက်သံလွင်-ဘ၀ဖြတ်သန်းမှုမှတ်တမ်း၊ စိုးလွင် -ကျနော်နဲ့ဝမ်ခ(ဟောင်း)တိုက်ပွဲ- ၃

ကျနော်နဲ့ဝမ်ခ(ဟောင်း) တိုက်ပွဲ- ၃ 

ကျနော်တာဝန်ထမ်ဆောင်ခဲ့တဲ့ ကျောင်းသားတပ်တော်(၁၉၈၈-၁၉၉၄)ရဲ့ စစ်အာဏရှင်စနစ် တိုက်ဖျက်​​ရေး တော်လှန်ရေးကာလတွေအတွင်း..ကျနော်ပါဝင်ခံစားခဲ့ရတဲ့ ပုံရိပ်တချို့ကို စစ်အာဏရှင်စနစ်ပြိုလဲ ပျက်သုဉ်ရးအတွက် အတူတကွတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်တွေကို အမှတ်ရ ဂုဏ်ပြုခြင်းဖြစ်​​သော်လည်းကောင်း၊ နောင် လူငယ်မျိုးဆက်သစ်များ လေ့လာသိရှိနိုင်ရန်အတွက်သော်လည်းကောင်း..သစ်ခက်သံလွင် အွန်လိုင်းမှတဆင်ရေးသားတင်ဆက်လိုက်ပါသည်
 စိုးလွင်
(၂၁၁) (၀မ်ခ) 
ဒီတခေါက် မောင် ရှေ့တန်းကပြန်လာရင် လက်ထပ်လို့ရအောင် ဖေ့ဖေ့ကို ကြိုပြောထားလိုက်မယ်” လို့ ရေးထားတဲ့ စာတစောင်…နောက်တစောင်က” အကို အမြည်းလုပ်ဖို့ ငါးခြောက် ထည့်ပေးလိုက်တယ်..။ အရက်တွေလည်း သိပ်မသောက်နဲ့အုံး..။ 

ဒီတခေါက် ရှေ့တန်းကပြန်လာရင် မောင်ဗမာ စက်ဘီးတစီး ၀ယ်လာခဲ့ပါ။ အငယ်ကောင်လေးလည်း လမ်းလျှောက်တတ်နေပြီ” တဲ့။ အော်..သူတို့ယောက်ျားတွေကတော့ သေပြီ။
 
(၅)


တိုက်ပွဲတတိယမြောက်နေ့..မနက် ၄ နာရီထိုးပြန်ပါပြီ။


တညလုံး နှစ်ယောက်ထဲ တယောက်တလဲ ကင်းစောင့်ရလို့ အိပ်ပြီး နိုးလာတယ်ပြောရမလား.. တညလုံးမအိပ်ရသေးဘူးလို့ ပြောရမလားမသိတော့ပါဘူး။


ရဲဘော်တွေအားလုံး နိုးထပြီဆိုတာ မှောင်နေလို့ မမြင်ရပေမဲ့ ၀တ်ဆင်ထားတဲ့ equipment တွေနဲ့ ဆက်သွယ်ရေးမြောင်းရဲ့ပွတ်တိုက်သံ..ခပ်အုပ်အုပ်ချောင်းဆိုးသံ..၊ ဆေးလိပ်သောက်ဖို့ မီးခြစ်ခြစ် သံ တွေကြောင့် သိနေရပါပြီ။ ရန်သူကလည်း ထုံးစံအတိုင်းတလုံးချင်း အဆက်မပြတ် ပစ်နေပါတယ်။ ကျနော်တို့လည်း လုပ်နေကြအတိုင်း မျက်နှာသစ် ထမင်းစားပြီး အိမ်သာတက်ဖို့လုပ်ရပါပြီ်။ 


ဒီတခါတော့ ကျနော်ကံဆိုးတယ်ပြောရမလားမသိဘူး၊ အီးပါတဲ့နေရာကိုပြေးသွားပြီး ထိုင်ချလိုက်တဲ့ အချိန်..စားထားတာများလို့လား..၀မ်းချုပ်လို့ပဲလားမသိ၊ ရပ်သင့်ချိန်တန်ပေမဲ့ ရပ်လို့မရဘူး ဖြစ်နေတယ်။ ဒီလိုကိစ္စမျိုးက သိတဲ့အတိုင်း ရပ်ချင်တိုင်းရပ်လို့မရ။ ဒါနဲ့ပဲ ဆုံးဖြတ်ချက်ချရတော့တယ်. နောက်တလုံး လက်နက်ကြီးကျတဲ့အထိ စောင့်တော့မယ်လို့။ 


ကိုယ့်ကံပေါ့လေး..ဒီအချိန်မှာပဲ လက်နက်ကြီးကျည်ဟာ ကျနော့်ခေါင်း တော်တော်ဝေးဝေးပေါ်ကနေ ၀ီခေါ်ပြီး ဖြတ်သွားတာကြားရတဲ့အတွက် ကျနော့်ကို မထိနိုင်တော့ဘူးဆိုတာ သိလိုက်ပါပြီ။ ဒီတခါတော့ အားရပါရကို ဇိမ်ကျကျသွားလိုက်ပါတယ်။ ..ပြီးတော့ ဆက်သွယ်ရေးမြောင်းဆီကို မပြေးတော့ ဘဲ အေးဆေးပဲ လမ်းလျှောက်သွားလိုက်တယ်။ ကျနော်ဘန်ကာကိုရောက်ပြီး မကြာခင်မှာပဲ ကိုစောထူး ရောက်လာပြီး အခြေအနေကိုမေးတယ်.. ထူးခြားမှုမရှိသေးကြောင်း ပြောပြပြီး..မနေ့က တိုက်ပွဲအကြောင်း အပြန်အလှန်ပြောနေတုန်း..ကိုစောထူးက ကျနော့်ကိုမေးတယ်..


”မနေ့က ခင်ဗျာဘေးနားက ကျည်ဆန်တွေဖြတ်နေတာ ခင်ဗျားသိလား”တဲ့..


”ဟာ..မသိဘူး..၊ ခင်ဗျားက ဘယ်လိုသိတာလဲ”လို့ ပြန်မေးတော့..တရွီ ရွီနဲ့ လေချွန်သံပေးပြီးဖြတ်သွား တာတွေဟာ ကျည်ဆံတွေပေါ့တဲ့။ အောင်မယ်လေး…ကိုယ်လည်းကြားတာပေါ့။ ဒါပေမဲ့ ကျည်ဆံတွေလို့ မထင်ဘူး..။ လေတိုးသံလားလို့ ထင်နေတာ။ ကံကောင်းလိုက်တာ၊ သေကံမရောက်သေးတော့ အသက်မပျောက်သေးဘူးပေါ့လေ။ ခင်ဗျား မနေ့က ဘာကြောင့်မပြောတာလဲ ဆိုတော့..ခင်ဗျားသိတယ် ထင်လို့တဲ့…။ အေးလေး..ဘာပဲပြောပြော သင်ခန်းစာနောက်တခုပေါ့။

….
 
ဒါနဲ့ပဲ အလင်းရောင်လာတာနဲ့ တိုက်ပွဲတွေဖြစ်ပြန် ..တနေကုန် ပစ်ကြ ခတ်ကြ..ညနေ ၄ နာရီ လောက် ကျတော့ ရန်သူကပြန်ဆုတ်သွား..ကိုယ်တွေကလည်း ညနေစား ထမင်းစားကြ၊ ဒီနေ့ တိုက်ပွဲအတွေ့ အကြုံတွေ ပြောကြ ရီကြ။ ညရောက်တော့ ကင်းစောင့်ကြပြန်..ဒီလိုနဲ့ပဲ မိုးလင်းပြန်..
မနက် ၄ နာရီရောက်တော့ တိုက်ပွဲဝင်ရန် ပြင်ရပြန်။


ဒီနေ့ ထူးခြားတယ်ခင်ဗျာ့၊ ရန်သူက လုံးဝလက်နက်ကြီးမပစ်ဘူး..မနက် ၇ နာရီထိုးတဲ့အထိ လက်နက်ကြီး လည်းမပစ်၊ ရန်သူလည်း မတက်လို့ ကေအန်ယူက တာဝန်ရှိတဲ့သူတွေ မေးကြည့်တော့.. ရန်သူတပ်တွေ ချိန်းနေတဲ့အတွက် ဒီနေ့ရန်သူ မတက်ဘူးတဲ့..။ ကောင်းတာပေါ့..ကိုယ်တွေလည်း နားရတာပေါ့..ဒီအချိန် မှာပဲ ရဲဘော် တယောက်က ပြောလာတယ်။ ထိပ်တိုက် ဘယ်ဘက်အခြမ်း မှာ ကေအန်ယူက တက်ရှင်းပြီး ရန်သူ့အလောင်းတွေ ကောက်နေတယ်တဲ့..။ ကိုယ်လည်း မမြင်ဘူးတာနဲ့ သွားကြည့်ခဲ့တယ်။ 

ဟာ…တွေ့ပါပြီ။ ရန်သူ့အလောင်တွေ ..သုံးပုံတောင်..တပုံကို  အနည်းဆုံး အယောက် ၂၀ လောက် ရှိမယ်။ ပေါင်း အယောက် ၆၀ ကျော်လောက်ရှိမှာပေါ့။ မြန်မာပြည်မှာနေတုန်းက စည်ပင်သာယာ က ခွေးလေခွေးလွင့်တွေကို အဆိပ်ကျွေးသတ်တာမြင်ဖူးပါတယ်။ 

ဒီလောက်များများသေတာမမြင်ဖူးဘူး..။ အော်..တရားရစရာ..အလောင်းလာကြည့်တဲ့ ကေအန်ယူ ရဲဘော်တွေကို တယောက်တလောင်း မီးရှို့တဲ့နေရာ ဆွဲပုံရမယ်ဆိုလို့ ( သေတာလည်း နှစ်ရက် သုံးရက် ရှိပြန်၊ နေကလည်း ပူဆိုတော့ အလောင်တွေက အနံ့နည်းနည်းထွက်ပြီး ပွစိစိဖြစ်နေပါပြီ) ရဲဘော် ကလေးတွေခင်ဗျာ ရွံရွံရှာရှာနဲ့ အလောင်းကို ခြေထောက်ကနေထမ်းပြီး ခေါင်းကိုမြေကြီးမှာ ဒရွတ်တိုက် ဆွဲသွားကြတယ်။ ကျနောမရောက်ခင် ဘယ်အချိန်ကထဲက ဆွဲနေကြလည်း မသိဘူး။ သူတို့ဆွဲသွားတဲ့ လမ်းကြောင်းကို ကြည့်လိုက်တော့ မြက်တွေသေနေပြီး စွပ်ကြောင်းတောင် ဖြစ်နေတယ်။ သေနေတဲ့ အလောင်းတွေကို ကြည့်လိုက်တော့ တယောက်ကို အနည်းဆုံး နှစ်ချက် သုံးချက်ထိထားတဲ့ အလောင်းတွေကြီးပဲ။ စစ်ဖိနပ်လည်း စီးထားတာမတွေ့ရဘူး။ နဂိုထဲက မစီး လာကြတာလား..ကရင် ရဲဘော်တွေပဲ ဖြုတ်ယူလိုက်လာတော့မသိဘူး..။ စိတ်ပျက်လက်ပျက်နဲ့ ကိုယ့်ဘန်ကာကိုပြန်လာလို့ မကြာသေးဘူး.ကိုစောထူးနဲ့ ကရင်ရဲဘော်တယောက်ရောက်လာပြီး.. သူတို့လည်း ကျနောတို့အရှေ့ကို တက်ရှင်းမယ်။ သူတို့ကို လုံခြုံရေးယူပေးဖို့ အကူအညီတောင်းလာတော့တယ်။


ဒါနဲ့ပဲ ကျနော်အပါအ၀င် ၄..၅ ယောက်လောက်က ခြံစည်းရိုးအပြင်ထွက်ပြီး လုံခြုံရေးယူပေးပေါ့..။ ရန်သူ့ထက် ကိုယ့်မိုင်းကိုယ် နင်းမိမှာကို ကြောက်နေရတယ်..။ ကိုစောထူးနဲ့ ရဲဘော်တယောက် လည်း ခြုံတောတွေကိုတိုးပြီး.အရှေ့ကိုထွက်သွားကြတယ်။ 


၂ နာရီလောက် (ကိုယ့်စိတ်ထဲမှာတော့ ကမ္ဘာတည်သလောက်) ကြာတော့ မြွေခွံအိတ် တယောက် တလုံးစီထမ်းပြီး ပြန်ရောက်လာကြတော့တာပဲ..။ ကျနော်တို့လည်း သူတို့အထုတ်တွေ ၀ိုင်းသယ်.. စခန်းထဲကို အမြန်ပြန်ဝင်..။ ရလာတဲ့ အိတ်တလုံးကို ဖွင့်ကြည့်တော့.တအိတ်လုံး ခွင်ဗုံးတွေ။ နောက် တလုံးကို ဖွင့်ကြည့်တော့ ခါးတွေ လက်မောင်းတွေမှာပတ်တဲ့..လည်ပင်းတွေမှာဆွဲတဲ့ လက်ဖွဲ့တွေ.. မှတ်ပုံတင်တွေ.လမ်းစဉ်လူငယ်ကဒ်တွေ.စာတွေ..တွေ့ရတာပါပဲ။ 


စားစရာအနေ့နဲ့ ငါးခြောက်တစည်းနဲ့ အမွေးနှုတ်ပြီးသား ကြက်နှစ်ကောင် တွေ့ရတယ်။ ကြက်နှစ်ကောင်က နည်းနည်းအပုတ်နံ့ထွက်နေလို့ လွှင့်ပစ်လိုက်ပြီး ငါးခြောက်ကိုတော့ မီးဖုတ် ဝေမျှစားကြပေါ့။ 


(နောက်ပိုင်း ဖမ်းမိတဲ့ ရန်သူစစ်သားပြောပြလို့သိရတာက..သူတို့ ဒီစခန်းကို မတိုက်ခင်မှာ သက်ဆိုင်ရာ အရာရှိတွေပြောတာက..၀မ်ခ(ဟောင်း) စခန်းမှာ ကရင်အနည်းငယ်နဲ့ စစ်ရေးအတွေ့ အကြုံမရှိ တဲ့ ကျောင်းသားတွေပဲ ရှိတယ်။ သူတို့သေနတ်တွေဟာလည်း မီးကျိုးမောင်းပျက်တွေ…။ မင်းတို့ဝင်တိုက်တာနဲ့ ထွက်ပြေးသွားကြမှာ..။ ဒါကြောင့် စခန်းသိမ်းပြီးမှ ချက်စားကြမယ်ဆိုလို့.. ရွာတွေက ကြက်တွေကိုရိုက်သတ်အမွေးနှုတ်ပြီး ယူလာတာဖြစ်ကြောင်း ပြောပြတယ်)။


ရလာတဲ့စာတွေထဲက တစောင်ကိုဖတ်ကြည့်တော့..”မောင်….မ….သတိရခြင်းများစွာနဲ့ စာရေးလိုက်ပါ တယ်.။ မမှာ ကိုယ်ဝန်ရှိနေပြီး..ဒီတခေါက် မောင် ရှေ့တန်းကပြန်လာရင် လက်ထပ်လို့ရအောင် ဖေ့ဖေ့ကို ကြိုပြောထားလိုက်မယ်” လို့ ရေးထားတဲ့ စာတစောင်…နောက်တစောင်က” အကို အမြည်းလုပ်ဖို့ ငါးခြောက် ထည့်ပေးလိုက်တယ်..။ အရက်တွေလည်း သိပ်မသောက်နဲ့အုံး..။ 

ဒီတခေါက် ရှေ့တန်းကပြန်လာရင် မောင်ဗမာ စက်ဘီးတစီး ၀ယ်လာခဲ့ပါ။ အငယ်ကောင်လေးလည်း လမ်းလျှောက်တတ်နေပြီ” တဲ့။ အော်..သူတို့ယောက်ျားတွေကတော့ သေပြီ။ 

…ကျနော်လည်း နောက်စာတွေကို ဆက်မဖတ်ချင်တော့ဘူး။ ရလာတဲ့ အဆောင်လက်ဖွဲ့တွေကို လည်း သေနတ်ပြီးတယ် ဓားပြီးတယ်ပြောပြီး လုနေကြလို့ ကိုယ်ပါ ၀င်လုမလား လုပ်သေးတယ်။ နောက်မှ စဉ်းစားမိတာက ပိုင်ရှင်တွေကိုယ်တိုင်တောင်း တိုက်ပွဲမှာ ကျဆုံးသွားပြီပဲဟာ.လက်ဖွဲ့က မစွမ်းလို့ပေါ့…။

ဒါကို ရဲဘော်တွေကို ပြန်ပြောပြတော့ သူတို့လည်း သဘောပေါက်ပြီး ပြန်လွှတ်ပစ်လိုက်ကြတယ်..။

ကျနော်လည်း တက်ရှင်းတဲ့ ကိုစောထူးတို့ကို အကျိုးအကြောင်းမေးကြည်တော့..ရန်သူဟာ သူတို့ ရဲဘော်တွေရဲ့အလောင်းတွေကို မဆွဲနိုင်လို့ မြုပ်သွားရာမှာ တကျင်းကို နှစ်လောင်း သုံးလောင်း မြှုပ် သွားကြောင်း..။ တချို့ကျင်းတွေဆို ခြေတွေလက်တွေပေါ်နေကြောင်း..၊ သူတို့လည်း ဝေးဝေး မရှင်း လင်းနိုင်ဘဲ နီးနီးပဲ ရှင်းလင်းနိုင်ကြောင်း ပြောပြပါတယ်။ ဒီနေ့တနေ့လုံး တိုက်ပွဲမဖြစ်ပေမဲ့ ကြားရမြင်ရသမျှ စိတ်ချမ်းသားစရာမရှိတာရော..နှစ်ရက် သုံးရက် ရေမချိုးရသေးလို့ ရေချိုးချင် လာတာနဲ့ သောင်းရင်မြစ် ကမ်းဘက်ကို ထွက်လာလိုက်ပါတယ်။


မြစ်ကမ်းရောက်တော့ မုတ်ဆိတ်ရိတ်နေတဲ့ ဆရာအက်ကလေးကို တွေ့ရလို့ သူ့ကို နှုတ်ဆက်၊ သေနတ်ကို ကမ်းဘေးမှာချလိုက်ပြီး သောင်းရင်မြစ်မှာ စိမ်ပြေနပြေ ရေဆင်းချိုးပါတယ်။ ချိုးလို့ တ၀က်တပျက်လောက် ရှိသေး ထိုင်းဘက်ကမ်းက စက်လှေတစီးဟာ အရှိန်ပြင်းပြင်းနဲ့ ကျနော်တို့ ဘက်ကမ်းကို မောင်းလာ တာတွေ့လို့..ကမ်းပေါ်အမြန်ပြေးတက်.သေနတ်ယူပြီး ပစ်ခတ်ဖို့ အဆင်သင့် လုပ်နေလိုက်ပါတယ်။ 

ဒါကိုတွေ့တဲ့ ဆရာအက်ကလေးက မပစ်ဖို့ ကျနော့်ကို လှမ်းတားပါတယ်..။ ကျနော်လည်း သတိနဲ့စောင့်ကြည့်နေတုန်း..လှေက ကမ်းပေါ်ကို အရှိန်နဲ့ထိုးတင်လာပါတယ်။ လှေမောင်း သမားရော လှေထိုးသားပါ အမြန်ခုန်ဆင်းလာပြီး.. လှေဝမ်းထဲမှာရှိနေတဲ့ ငါးဒန်ငါး (ကျနော်တို့ အခေါ်..ငါးကြီး)တွေကို ကမ်းပေါ်ကို ပစ်တင်ပါတော့တယ်..။ ကျနော်လည်း အံ့သြပြီး ကြည့်နေမိတယ်..။

ငါးတွေကုန်တာနဲ့ လှေသားနှစ်ယောက်လည်း ကျနော်တို့ကိုစကားလည်းမပြော လှည့်လည်း မကြည့်ဘဲ (ကြောက်လို့) လှေပေါ်ခုန်တက်ပြီး ထိုင်းဘက်ကမ်းကို မောင်းပြေးပါတော့တယ်..။ သူတို့ထွက်သွားတာနဲ့ ဆရာအက်ကလေးက ကျနော့်ကို ..မင်းတို့ကျောင်းသားတွေခေါ်ပြီး တယောက် တကောင်နှုန်း ယူခိုင်း လိုက်ကွာလို့ ပြောတာနဲ့..ကိုယ့်ရဲဘော်တွေကို အမြန်ပြေးခေါ်..အမောင်တွေလည်း ၀မ်းသာ အားရနဲ့ ပြေး ဆွဲကြပေါ့။

ဝမ်းသာမှာပေါ့။ တောထဲရောက်တာကနေ ခုချိန်ထိ တပ်စိတ်တစိတ်ကို ငါးတကောင်မှတောင် မစားရသေးတာ..။ တယောက် တကောင်နှုန်းဆိုတော့…ချက်ဖို့ ပျင်းကြတာလားမသိဘူး..။ မီးကင်းပြီးပဲ စားလိုက်ကြတယ်…။ စားလို့ဝမှ ဆရာအက်ကလေးကို မေးကြည့်တယ်..ဒီငါးတွေ ကို ကေအန်ယူ က ပေးတာလား..ကျောင်းသားအဖွဲ့ကပေးတာလားလို့။


ဆရာအက်ကလေးပြောပြမှာ အကြောင်းစုံသိတော့တယ်။ ဘယ်အဖွဲ့ကမှ ပေးတာမဟုတ်ဘူး..ဒို့နဲ့ အစိုးရစစ်တပ်တိုက်တာကို လောင်းတဲ့သူတွေထဲက နိုင်တဲ့သူက ပေးတာ။


အစိုးရစစ်တပ်ဘက်က လောင်းတဲ့သူက..မဲဆောက်မှာနေတဲ့ မြန်မာပြည်ဖွား ပန်ချာပီကုလား သူဌေးတွေ။ ဒို့ဘက်က လောင်းတာက ထိုင်းသူဌေးတွေ။ ဆယ်ဘီးကား ၅ စီး ၁၀ စီးကြေး လောင်းကြတာလို့ ရှင်းပြ တယ်။


အော်…ဒီလိုလာ။ ဟိုးဘ၀တုန်းကများ ဒို့တတွေ တိုက်ကြက်တွေမွေးပြီး ကြက်တိုက်ခဲ့လို့ ဒီဘ၀မှာ ဒီဝဋ်တွေလာခံနေရတာနဲ့ တူပါတယ်။
 
ကဲ..မိုးလည်းချုပ်ပြီ။  ကင်းလည်း တညလုံး စောင့်ရအုံးမယ်…။ ဟူး….စစ်တိုက်တာမပင်ပမ်းဘူး..ကင်းစောင့်လို့ အိပ်ရေးပျက်တာ ပိုပင်ပမ်းတယ်…။

 


Comments