သစ်ခက်သံလွင် အက်ဆေး၊ နရီမင်းရဲ့ အိမ်အပြန်



အိမ်အပြန် 

နရီမင်း
 

www.pinterest.com

 အဲဒီလိုမျိုး “ဖြစ်သင့်တာတွေအတွက် လုပ်ချင်တာတွေစတေးပစ်ရမယ်” ဆိုတဲ့ ပြဋ္ဌာန်းချက်ရဲ့အောက် မှာ နေ့စဉ်နဲ့အမျှ ကျနော်တို့ဂီတာတွေ တလုံးပြီးတလုံး ရိုက်ခွဲခံနေရတယ်။ ကိုယ့်ဂီတာပဲဖြစ်ဖြစ်၊ ဘယ်သူ့ဂီတာပဲ  ဖြစ်ဖြစ်ပေါ့။
 
ဗလာစာရွက်တွေ စုချုပ်ထားတဲ့ စာအုပ်ကြီးလို ခန္ဓာကိုယ်အလွတ်ကြီးကိုပဲ အမေမွေးခဲ့တာပါ။ ဒီစာအုပ်ကြီး ထဲကို စာသားတချို့ ရိုက်နှိပ်လိုက်ပြီ ဆိုပါတော့။ တချို့စာအုပ်တွေဟာ မူလက ဗလာအတိုင်းရှိခဲ့တဲ့ စာအုပ် ထက်တန်ဖိုးတက်သွားကြလေရဲ့။ တချို့ဆို တန်ဖိုးမဖြတ်နိုင် လောက်အောင်ပါပဲ။ တချို့ကျတော့ မူလဗလာ စာအုပ်ထက်တောင် တန်ဖိုးကျသွားလိုက်တာ နောက်ဆုံး တစ်ပြားနှစ်ပြားတောင် မတန်တော့ဘူး ဖြစ်သွား တယ်။ ဟုတ်ပြီ၊ တန်ဖိုးဆိုတာဘာလဲ။ တစ်ကျပ်၊ နှစ်ကျပ်၊ တစ်ဒေါ်လာ၊ နှစ်ဒေါ်လာ စသဖြင့်တဲ့လား။ 

တကယ့်တကယ်မှာ တန်ဖိုးဆိုတဲ့ဝေါဟာရကိုယ်တိုင်ကိုက သူ့ကိုယ်ပိုင်ဖြစ်တည်မှု ပျောက်ဆုံးသွားပြီး “တန် ဖိုးဖြတ်သူ”ဆိုတဲ့သူတပါးရဲ့မှီခိုဖြစ်နေရပြီ။ အဲဒီနောက်တော့ အုပ်ရေများများကုန်တဲ့စာအုပ်တွေကရော တန် ဖိုး ရှိသတဲ့လား။

ကျနော်က တစ်အုပ် ဘယ်လောက်တန်လဲ။ ကိုယ့်ကိုယ်ကိုယ်ပုံနှိပ်ရောင်းချတဲ့အခါ အုပ်ရေဘယ်လောက် ကုန်မှာလဲ။ ဘာပဲဖြစ်ဖြစ်၊ အမေမွေးလိုက်တုန်းကတော့ ကျနော်ဟာ ဗလာစာအုပ်အလွတ်ကြီးပါ။
ကျနော်ဟာ ကျနော်ကိုယ်ထဲက စာသားတွေတစ်လုံးချင်း၊တစ်ကြောင်းချင်း တစ်မျက်နှာချင်းဖယ်ရှားလို့ အမေ့ ဆီကို ပြန်သွားနေခဲ့တယ်။

ကျနော်ဟာ အလယ်တန်းကျောင်းသားလေးတယောက်ပါ။ မုန့်ဟင်းခါးကြိုက်တယ်။ ဝက်သားအဆီတုံးကို မကြိုက်ဘူး။ နေ့လယ်ခင်းထမင်းစားလွှတ်ချိန် အိမ်ပြန်ထမင်းစားလို့ ဝက်သားအဆီတုံးနဲ့တိုးတဲ့အခါ ကျနော် ဟာ ထမင်းရောဟင်းရော အမေမသိအောင်သွန်ပစ်လိုက်တယ်။ ပြီးတော့ ကျနော့်တကိုယ်လုံး ဆာလောင်မှု နဲ့ ဆတ်ဆတ်တုန်လို့ ကျောင်းကို ပြန်လာရတယ်။ တခါတခါမှာတော့ ကျောင်းကို တည့်တည့်မတ်မတ် ပြန် မလာသေးဘဲ အိမ်ကနေ ကျောင်းကို သွားတဲ့လမ်းမှာ ဈေးကြီးထဲ ခေါင်းကိုငုံ့လို့ အတန်ကြာ ခြေဦးတည့်ရာ လှည့်ပတ်သွားလာနေမိတယ်။
 ကျေန်ာဟာ ဈေးကြို ဈေးကြားမှာဂေါ်ဖီထုပ်လိုက်ရှာစားနေတဲ့ ဘေးမဲ့နွားတကောင်လိုပါပဲ။ ပိုက်ဆံတစ်ကျပ်လောက် ကောက်ရရင်တော့ ကျွန်တော်မုန့်ဟင်းခါးတပွဲလောက် ဝယ်စားနိုင်မှာပဲ။ ဘယ် တုန်းကပိုက်ဆံတစ်ကျပ်လောက် ကောက်ရခဲ့ဖူးပါသလဲ။

အခုလိုပြန်စဉ်းစားကြည့်လိုက်တော့ မှတ်ဉာဏ်တွေ မှုန်ဝါးလို့ အရာရာဝေးကွာ သွားကြပြန်တယ်။
ကျနော်ဟာ ဝမ်းဗိုက်ကြီးပြည့်တင်း ဖောင်းကားနေတဲ့သူတွေကိုတွေ့ရင် အများတကာလို မနာလိုစိတ် နဲ့  ဒေါသ တခါမှ မဖြစ်ခဲ့ဖူးပါဘူး။ အခုလိုဆာလောင်မွတ်သိပ် နေရတာကိုက ကျနော့်ရဲ့ ရွေးချယ်မှုပါ။ 
လောကကြီးဟာ မိဘဝတ္တရားကျေပွန်တဲ့ လူကြီးလူကောင်းကြီးပါ။ ကျနော်တို့ကို ဒီအတိုင်း ပစ်မထားခဲ့ပါ ဘူး။ ကျနော်တို့ကသာ ရွေးချယ်မှုနောက် လိုက်ခဲ့တာပါ။

ညစ်ပတ်တဲ့ထမင်းလုတ်တွေကို ကျွန်တော်မစားချင်ဘူး။ ကျေန်ာတောင် မစားချင်တာ ကျနော်ချစ်တဲ့ သူတွေကို ဘယ်လိုလုပ်ကျွေးရက်ပါ့မလဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျနော့်ဗိုက်ထဲ ညစ်ပတ်တဲ့ ထမင်း လုပ်တွေ ဘယ်လောက်တောင် များနေခဲ့ပြီလဲ။ လောကကြီးက ဆုံးမပါတယ်။ အသက်ရှင်ချင်ရင် စားချင်ချင် မစားချင်ချင် ရတာကိုစားရမှာပဲတဲ့။ မင်းကြိုက်တဲ့ ဟင်းတွေချည်းပဲလည်း အမြဲမဖြစ်နိုင်ဘူးတဲ့။ ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ ငြင်းပယ်ခွင့်ရှိသလောက် ငြင်းပယ်လို့ ရွေးချယ်ခွင့်ရှိသလောက်တော့ ရွေးချယ်ချင်သေးတယ်။ ညစ်ပတ်တဲ့ ထမင်းလုတ်တွေပဲ အလွယ်တကူ ရနိုင်တာတဲ့လား။

ကျနော်ဆယ်တန်းရောက်တော့ လပတ်စာမေးပွဲတခုအပြီးမှာ အဖေက ကျနော့်ဂီတာကို ရိုက်ခွဲပစ်လိုက် တယ်။ စာမေးပွဲတိုင်းမှာ အဆင့် (၁) ရခဲ့တဲ့ ကျနော်ဟာ အဆင့် (၇) ဖြစ်သွားလို့တဲ့။ ဂီတာတီးလို့ အဆင့်ကျ သွားတာ။ ဒါကြောင့် အဆင့်မကျအောင် ဂီတာမတီးရဘူးပေါ့။

အခုနေ ပြန်စဉ်းစားကြည့်လိုက်တဲ့အခါကျတော့ ဂီတာတခုလုံးကို ပိုင်ဆိုင်ခွင့် နောက်ထပ်မရတော့ တာကို သာမှတ်မိပြီး နောက်စာမေးပွဲတွေ မှာ ကျနော်အဆင့် ပြန်တက်ခဲ့ရဲ့လားဆိုတာ မမှတ်မိတော့ဘူး။
အဲဒီလိုမျိုး “ဖြစ်သင့်တာတွေအတွက် လုပ်ချင်တာတွေစတေးပစ်ရမယ်” ဆိုတဲ့ ပြဋ္ဌာန်းချက်ရဲ့အောက်မှာ နေ့ စဉ်နဲ့အမျှ ကျနော်တို့ဂီတာတွေ တလုံးပြီးတလုံး ရိုက်ခွဲခံနေရတယ်။ ကိုယ့်ဂီတာပဲဖြစ်ဖြစ်၊ ဘယ်သူ့ဂီတာ ပဲ  ဖြစ်ဖြစ်ပေါ့။ ဂီတာရိုက်ခွဲသံတွေကြားတိုင်း တုန်လှုပ်ချောက်ချားမိတယ်။ ဗိုက်ဆာတိုင်း ဆေးလိပ်ကိုပဲ မဲမဲဖွာတတ်တဲ့ ခေါင်းမာမာသူငယ်ချင်း ကဗျာဆရာ တယောက်တော့ ဆုံးသွားရှာပြီ။

ကျနော်အမေ့အိမ်မှာ ကျန်ခဲ့တဲ့ ငယ်ငယ်တုန်းက လေးခွတလက်ဆီ ပြန်သွားနေမိတယ်။ ငယ်ငယ်တုန်းက ကျနော်တို့ရပ်ကွက်ဟာ အခုလိုမြို့ပြမဆန်သေးပါဘူး။ သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ တကယ့်တော အုပ်ကြီးတခုလိုပါပဲ။ ကျောင်းပိတ်တဲ့ နေ့တွေဆို ကျနော်ဟာ လောက်စာလုံးထည့်တဲ့ အိတ်ကိုလွယ်လို့။ နှပ်
 ချေးတွဲလောင်း လေးခွတကားကားနဲ့ တလမ်းဝင် တလမ်းထွက် လျှောက်သွားနေခဲ့တယ်။ အဲ့ဒီလိုနဲ့ လွယ် အိတ်ထဲပါသမျှ လောက်စာလုံးတွေအကုန်လုံးကို သိကြားမင်းဆီ ဆက်သပြီးတဲ့နောက် ငှက်တကောင် မှ ပြုတ်ကျမလာဘဲနဲ့ ကျနော့် နံနက်ခင်းတွေပြီးဆုံးသွားခဲ့ရတာချည်းပဲ။ ဒါပေမဲ့ ကျနော့်အတွက်တော့ ပျော် စရာနံနက်ခင်းတွေပါ။ တကယ်တော့ ကျန်ာက လေးခွပစ်ချင်တာပါ။ ငှက်လိုချင်တာမှ မဟုတ်ပဲ။
ကျနော့်အမေ့အိမ်ထဲ ဝင်သွားတယ်။

နှစ်ပေါင်းများစွာ အိမ်ပြန်မလာတဲ့သား။ အမေအရမ်း ဝမ်းသာသွားတယ်။ ဒါပေမဲ့ ကျနော်ကတော့ ငယ် ငယ်က လေးခွချိတ်ထားတဲ့နေရာကိုပဲ တန်းတန်းမတ်မတ်သွားတယ်။ ဖုန်တွေတက်လို့ ပင့်ကူမျှင်တွေ ရစ် ပတ်နေပေမယ့် လေးခွရော သူ့ဘေးက လွယ်အိတ်ကလေးပါ ရှိနေသေးတယ်။
(အမေဘာလို့ ဒါတွေ ဒီအတိုင်းထားခဲ့တာပါလိမ့်။) ကျနော်တယောက် လွယ်အိတ်နဲ့လေးခွကိုကိုင်ပြီး ငိုင်နေ မိတယ်။

အိမ်အပြင်ဘက် ကျနော်တို့ရပ်ကွက်ထဲမှာတော့ သစ်ပင်တွေတပင်မှမရှိကြတော့ဘူး။ ငှက်တွေလည်း တကောင်မှမလာဘူး။ လွယ်အိတ်ထဲမှာ လောက်စာလုံးတလုံးမှမရှိသလို တကယ်တော့ အမေလည်းမရှိ၊ ကျနော်ကိုယ်တိုင်လည်း မရှိတော့ပါလားကွယ်။

နရီမင်း
၁၉၉၈

Comments