သစ်ခက်သံလွင် - ၆၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရှည်- ဆောင်းဝေရဲ့ မိုးတဖွဲဖွဲတစ်ရက် ခုထိမရပ်၊ (ဇူလိုင်ဆယ့်ကိုး ငါ့အဘိုးမသေ)



မိုးတဖွဲဖွဲ တစ်ရက် ခုထိမရပ်
(ဇူလိုင်ဆယ့်ကိုး ငါ့အဘိုးမသေ)


ပန်းချီမုတ်သုန်

 ဆောင်းဝေ(နတ်ေမာက်)

လရောင်ကနူးညံ့လှပလွန်းနေလား
မနက်ခင်းနေရောင်ခြည်က အခန်းထဲပန်းလိုပွင့်နေလား
ကမ်းမကပ်နိုင်ဘဲဒီသမိုင်းထဲမျောနေတဲ့လှေငယ်တွေကကောလှလား
နှစ်တစ်ရာထဲမျောနေတဲ့နိုင်ငံကကော လှလား
မချစ်လို့မဟုတ်ပါ
အလှကိုဘ၀နဲ့ ဖယ်ချခဲ့ပါ ။


င့ါကိုဘာမှမပေးပါနဲ့ဆိုတာကို အိမ်ရှေ့လမ်းကြားကနေ
ကမ္ဘာကြီးကြားအောင် အော်ဟစ်သွား
ငါ့အိမ်ကိုပစ်ထားခဲ့တဲ့ငါ့ကို
ငါ့မြို့လေးကိုပစ်ထားခဲ့တဲ့ငါ့ကို
ဘာမှမလိုချင်ဘူးပြောပြီး တခုခုလိုချင်နေတဲ့ငါ့ကို
အမှောင်ထဲခဲနဲ့လှမ်းပစ်သလို ငါ့အချစ်ကိစ္စပစ်ထားခဲ့တဲ့ငါ့ကို
ဘာမှမပေးပါနဲ့
ငါမလိုချင်သေးဘူးပြောတဲ့အချိန်မှာ ငါ့ကိုဘာမှမပေးနဲ့
နှစ်ခုမလိုဘူး အများကြီးမလိုဘူးဆိုတော့
မျက်ရည်၊ သွေးနဲ့အတိတ် လိုချင်တာတွေပြော
(အနာဂတ်ကိုတော့ မင်းဘယ်တော့မှမတောင်းနဲ့)
ရာထူး၊ ငွေးကြေးနဲ့စည်းစိမ် ငါ့ကိုဘာမှမပေးနဲ့
အချစ်၊ နူးညံ့ခြင်းနဲ့ ပျော်ရွှင်ခြင်းများ ငါ့ကိုဘာမှမပေးနဲ့
ငါ့ကိုပျော်ရွှင်မှုမပေးနဲ့၊ ငါ့ကိုစိတ်ညစ်အောင်ထား
ငါ့စကားတွေကို လမ်းတ၀က်ကဖြတ်ချ
ငါ့လမ်းတွေကိုရှေ့ကနေ ပိတ်ရပ်ထား
ငါ့နာကျင်သွားမှ နောင်ကြဉ်သွားမှာ
ငါ/တို့က ဒီထက်မက နာကျင်နေပြီးသားပါ
သူအရေပြားပေါ်မှာတောင် ငါ့နာကျင်မှုကသွားပေါ်နေလား
အချိန်ကကြာလွန်းနေပြီဆိုတော့ တောင်စွယ်မှာနေကွယ်နေပြီလား
နယူတန်ရဲ့ခေါင်းပေါ်တည့်တည့် ပန်းသီးထပ်ပြီးခြွေချလိုက်ရမလား
ဟီရာကလိုက်တပ်ကို ရေနှစ်ခါ ဆင်းချိုးခိုင်းလိုက်ရမလား
ငါစဉ်းစားလို့ ငါရှိနေတဲ့ရီနီဒေးကားကိုကော တွေ့မိကြသေးလား
ချေဂွေဗားရာရဲ့တောင်လှန်ရေးကစားကွင်းထဲပြေးလွှားပျော်ပါးနေမိလား
မိုးထားတဲ့ဓားအောက်မှာ ငါကသမိုင်းစာအုပ်ကိုတရွက်ချင်းလှန်လို့
မီးခိုးနံ့ ယမ်းနံ့တွေကြား ရှေ့ဘ၀တည့်တည့်စိုက်ကြည့်ကာ
သွေးချင်းချင်းနီ ငါ့ခေါင်းကိုမော့ထားလို့
ပင်ပင်ပန်းပန်း ဒီလမ်းကိုငါထမ်းလာခဲ့မယ်ဆိုပြီး
စီးနေတဲ့ရေလို လိမ့်နေတဲ့ကျောက်တုံးလို ငါရောက်လာ ။


အတွေးထဲပြေးလွှားနေတဲ့သွေးလည်းမလွတ်မလပ်
ဒီလမ်းချိုးလမ်းကွေ့တွေကြားမှာ ကျောက်တုံးကျောက်ခဲလိုပြေးလိမ့်လာ
ငါလိုချင်တာရဖို့ ငါရနေတာတွေအားလုံးပေးမယ်
ဒီအတိုင်းရပ်နေလို့ မရတော့ ရှေ့ဆက်တိုးရမယ်
လမ်းတလျှောက်အတွေးကိုရပ်ပြီး သွေးနဲ့လှမ်းကြစမ်းပါ
သူ့ကျွန်ဘ၀ထဲ ကျွံမကျအောင်နေစမ်းပါ
သစ်သီးခွဲသလို ရန်သူနဲ့ မိတ်ဆွေခွဲခြမ်းကြပါ
ပြေးတတ် ပြေးဆင်း ငြိမ်မနေနဲ့ ရုန်းထွက်လိုက်
တနေ့တလံ ငါ့တို့အလံဘယ်ပြေးမလဲ။
 
Aung Htet
  ကျောက်တုံးကျောက်ခဲလိုဟန်ဆောင်ထားပြီး ချစ်တတ်သူလူငယ်တယောက်
အင်္ကျီအစုတ်အပြဲတွေနဲ့ မာကျောသူလူငယ်တယောက်
သူ့ပခုံးပေါ်က မိဘအိမ်ကိုဖယ်ချပြီး ကမ္ဘာလုံးကြီးဆွဲတင်ခဲ့တဲ့လူငယ်တယောက်
အရှက်အကြောက်မရှိ မြို့သိမ်မြို့ငယ်လေးကလူငယ်တယောက်
အရှက်အကြောက်မရှိ သူများနိုင်ငံထိလွတ်လပ်ရေးကိုလိုက်တောင်း
အရှက်အကြောက်မရှိ သူများချုပ်ပေးတဲ့ကုတ်အကျီကိုဝတ်
အရှက်အကြောက် ပျော်ရွှင်မှုကိုမေ့ထားဖို့မမေ့မလျော့
အရှက်အကြောက်မရှိတာတောင် အချစ်အကြောင်းပြောဖို့ကျကြောက်လန့်လို့
အခေါင်းထဲအလောင်းကြပ်နေသလို သူ့ခေါင်းထဲမလွတ်လပ်ကြောင်းပြသလို့ ။


လေယာဉ်တွေကိုမကြောက်နဲ့ ငါတို့ကလေယာဉ်တွေ
ဓားတွေကိုမလန့်နဲ့ ငါတို့ကဓားလက်နက်တွေ
နိုင်ငံကိုချစ်သလားမစူးစမ်းနဲ့ ငါတို့ကိုယ်တိုင်ကနှလုံးသားတွေ
ဆာလောင်နေရမယ် ငတ်မွတ်နေရမယ်
ဆာလောင်နေလို့ပဲ ငါထမင်းမစားဘဲနေခဲ့တာပေါ့
ဆာလောင်နေလို့ပဲ ငါအ၀တ်အစားအစုတ်တွေဝတ်ခဲ့တာပေါ့
ဆာလောင်နေလိုပဲ ဒီလောက်အမှောင်တိုက်ကြီးထဲပြေးလွှားနေခဲ့တာပေါ့
ခုတော့ အသေးအမွှားပဲဆိုတော့ အမှိုက်ကစကြမယ်
ပြီးမှ ပြဿဒ်ကိုမီးလောင်ပစ်ကြမယ်
လိုအပ်ရင် မီးလိုပူမယ်
လိုအပ်ရင် ရေလိုအေးမယ်
လိုအပ်ရင်ကျောင်းသား၊ လိုအပ်ရင်အိမ်ပြေး
လိုအပ်ရင်ပညာတတ်၊ လိုအပ်ရင်သူပုန်
လိုအပ်ရင်တိတ်ဆိတ်သူ လိုအပ်ရင်ဆူညံလွန်းသူ
ဒီကျယ်ပြန့်ကောင်းကင်ထဲ မျိုးဆက်အဆက်ဆက်ရဲ့တောင်ပံတွေ
တဖြုတ်ဖြုတ်ကြွေ အသားစတွေဖွာလန်ကျဲ
မပြီးသေးတော့ ငါတို့ပြီးလိုမရသေးဘူး
ငါ့နိုင်ငံငိုတော့ ငါ့မှာမျက်ရည်ကျရ
ငါ့နိုင်ငံအလင်းမရတော့ ငါ့လည်းမမြင်ရ
မပြီးသေးတဲ့မြစ်ရေတွေ အိပ်မက်ထဲထိတောင်လာစီးကြတယ် ။
အင်တာနက်မှယူပါသည်
  ငါလက်နက်ချနေတာမဟုတ်ဘူး ငါပစ်မှတ်ကိုချိန်နေတာ
ငါ ဆုတောင်းနေတာမဟုတ်ဘူး ငါတိုက်ယူနေတာ
မီးတောက်တွေထဲကနေ သွေးတွေအနာခံပန်းထွက်နေတာ
နာရင်လည်း ငါမအော်ဘူး
ငါအော်နေတာ ငါနာလို့မဟုတ်ဘူး
မနာရင်လည်း ဘယ်သူမှမအော်ဘူး
မလွယ်တဲ့လမ်းကို ငါကျောပေါ်မှာလွယ်အိတ်လိုလွယ်လို့
အနာရောဂါကိုကုသဖို့ အနာကိုနားလည်ရတယ်ဆိုတော့
အဲဒီအနာကို ငါ့ပါးစပ်ထဲနားထဲနှလုံးသားထဲမှာ သွေးကြောတွေလိုလွယ်လို့
တော်သေးတယ် ရေခဲတောင်ချောက်နက်ကြီးထဲကျတော့မလို့
တော်သေးတယ် အချစ်ရှေ့ဒူးထောက်လဲကျတော့မလို့
တော်သေးတယ် ဒီအမှောင်တိုက်ကြီးက ငါ့နာမည်ကိုကိုက်ဝါးကြတော့မလို့
ဘ၀ဟာအမြဲတမ်းပွက်ကာသီကာ ရင်ခုန်အောင်အမြဲလုပ်တယ်
ရန်သူတွေကြားထဲမှာ မိတ်ဆွေချင်းတွေ့ဖို့ပဲကြိုးစားပါ
လူသားတွေရဲ့အချစ်စိတ်ကို ဘယ်လက်နက်မှမနိုင်ခဲ့ပါဘူး
ဒါနဲ့တောင် ရုပ်ရှင်သွားကြည့်ဖို့လာခေါ်နေသေးတယ်
ဒါနဲ့တောင် ဖျော်ဖြေပွဲအတွက်ဖိတ်စာလာပို့နေသေးတယ်
ဒါနဲ့တောင် ငါ့ကိုပျော်ရွင်စရာတွေအထပ်လိုက်လာပေးကြသေးတယ်
နာကျင်ရမယ်ဆို ကမ္ဘာမြေကိုဖောက်သွားစမ်း
ကောင်းကင်ပေါက်ပြဲသွားတဲ့အထိပျံတက်သွားစမ်း
သန်းခြောက်ဆယ်နဲ့ ငါ့အမေပေါင်းရင် မျက်ရည်တစက်ရတယ်
အဲဒါကိုဓားလက်နက်လို ငါဆောင်ထားတယ်။
တွင်းထဲကမြွေဟာအပြင်ကိုခုန်ပေါက်ပြေးထွက်လာ
ငြိမ်းချမ်းရေးကို ရန်သူတွေဆီကပဲယူရမယ်ဆိုတော့
မီးရောင်လိုနေရောင်လို ငါ့ကိုပူစမ်းပါ
မြေကြီးလိုရေလို ငါ့ကိုဖို့ပစ်စမ်းပါ
ဒါမှငါလိုချင်တာရမှာ
ငါးအရိုးစူးသလို သမိုင်းအရိုးမစူးရင်ပြီးရော
ကားတွေချောက်ထဲထိုး ကျသလို ငါ့နိုင်ငံမဆုံးရှုံးရရင်ပြီးရော
မလိုအပ်ရင် ခေါင်းပေါ်ကဆံပင်ကိုတောင်ညှပ်ထုတ်ပစ်ရမှာပဲဆိုတော့
စားပွဲပေါ်ကပန်အိုးကိုဖယ်လိုက်
နံရံပေါ်ကမှန်ကိုဖြုတ်ချလိုက်
ခေါင်းကိုခေါင်းနဲ့ပြန်ယူမယ်
သွေးကိုသွေးနဲ့ပြန်တောင်းမယ်
ပြီးရင် ငါ့အသက်နဲ့ရင်းပြီးအားလုံးလေထဲဝဲပစ်ခဲ့မယ်
လွတ်လပ်ရေးကိုကိုယူဖို့ မလွတ်မလပ်နဲ့ငါလာပြီ
င့ါကိုဝှက်ထားလို့ရမယ် င့ါအသံကိုတော့ဝှက်ထားလို့မရ
သစ်ပင်ကြီးတာ ခဏထား ဘယ်နေရာအသုံးဝင်သလဲကိုအရင်ရှာ
မလိုအပ်တဲ့အသားစတွေကို ငါ့ဘ၀နဲ့ခုတ်ထစ်ဖယ်ရှားရမယ်
ဒါမှ ပန်းပုရုပ်သေးသေးလှလှလေးတခုရမှာဆိုတဲ့လမ်းပေါ်မှာ
သွေးအထပ်ထပ် ချွေးအလိမ်းလိမ်း
ကမ္ဘာတစ်သန်းကြာမယ်ဆိုလည်း ဒီလမ်းပေါ်မှာ ငါရှိနေမယ်
ခေတ်အဆက်ဆက် ခေတ်တွေကိုဆက်ထားလည်း ငါအသစ်မလို
ငါ့နိုင်ငံအဟောင်းကိုပဲငါပြန်ယူမယ်
သယံဇာတ၊ ရွေတွင်းတွေနဲ့ ကျောက်သံပတ္တမြား အကုန်ယူသွား
လက်ရှိပစ္စုပ္ပန်၊ သစ်တောနဲ့တောင်တန်း အကုန်ယူသွား
ငါ့ကတော့ ငါ့နိုင်ငံကိုပဲပြန်ယူမယ်
ဘယ်နိုင်ငံသားမှ အလကားခြောက်သွေ့သွားချင်မှာမဟုတ်
ဘယ်ပြည်သူမှ ရေလိုတွေ့ရာအရပ်ဆီ အလိုမတူ စီးချင်သွားချင်မှာမဟုတ်
ပင်လယ်ထဲမှာ သင်္ဘောဟာ ရေကိုထိုးခွဲသွားသလို
လမ်းတွေဟာကမ္ဘာကြီးရဲ့ရင်ထဲ အမွှာအထပ်ထပ်ထိုးခွဲသွားသလို
ဒီကိစ္စကို ရှေ့ဆက်ရမယ့်စာသားလို ငါအသံကုန် ခြစ်အော်နေတယ်။

အင်တာနက်မှယူပါသည်
   တသက်လုံးမနေမနားငါရေးသားလာခဲ့တာ
အရေးအသားထဲ မရပ်မနားငါသွားလာနေခဲ့တာ
အော်သံတွေ၊ ငိုကြွေးသံတွေ၊ ခြေပြတ်လက်ပြတ်တွေ ငါဖြတ်ကျော်ရင်းနဲ့
နောက်ဆုံးတော့ ငါလိုချင်တဲ့စာတစ်ကြောင်းက လွတ်လပ်ရေးပဲ ။
လွတ်လပ်မှုဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ပဲဆိုတော့
မတရားမှုရဲ့ခန္ဓာကိုယ်ထဲ တရားမှုနဲ့ ထိုးသွင်းမယ်
တိမ်ပေါ်အရုပ်ထင်သလို ရေထဲအရုပ်ရေးသလို
ပျောက်ပျက်သွားမယ့်ကိစ္စအတွက် ငါရောက်လာတာမဟုတ်
ငါ့ကိုကြည်ထိသွားတော့ ငါ့နိုင်ငံသွေးထွက်သွားသေးလား
ငါကြမ်းပြင်ပေါ်ဘိုင်းခနဲလဲကျတော့ ငါ့နိုင်ငံပြန်မထနိုင်တော့ဘူးလား
ငါ့နဲ့အနီးဆုံးအရာတွေဖယ်ပြီး ငါရန်သူတွေကိုလိုက်ရှာ
ထိန်လင်းဆိုတော့ ထိန်လွန်းနေလင်းလွန်းနေမလား
တေဇဆိုတော့ ပေတေလွန်းတဲ့ခေတ်အပျက်ကြီးထဲ ငါ့ ဇ, ကို ပြမိနေလား
အောင်ဆန်းဆိုတော့ အောင်မြင်ဆန်းပြားလွန်းနေမိလား
သမိုင်းကိုအတွေးနဲ့တော့ရေးလို့မရတော့ သွေးနဲ့ရေးခဲ့မယ် ။


ဒီကိစ္စဟာ ဒီတင်ပြီးမသွားတော့
ပြီးသွားမယ့်နေရာထိ အသက်နဲ့ဘ၀ကိုရင်းလို့
ရင်းနေတဲ့အနာပေါ်ကယင်ကောင်တွေကို တံတွေးနဲ့လှမ်းထွေးလို့
ကျောက်တောင်ထိပ်မှာ ပန်းတပွင့်
လေတွေလိုမကျိုးမကျေအောင် ငါထိုးစိုက်ထားခဲ့မယ် ။


ကျည်တစ်တောင့်ချင်း သူသိမ်းထည့်ထားကာ
ဆယ့်သုံးရက်နေ့မှာလာပြီး ဆယ့်သုံးထောင့်ကိုရေတွက်ယူကာ
သူပြန်ထွက်သွားပါတယ်
မိုးတဖွဲဖွဲနေ့ရက်ဟာ တသက်လုံးမစဲတော့ဘူးလား
ငိုနေတာကို အဓိပ္ပာယ်ထပ်ဖွင့် ဖို့မလိုတော့ပါဘူး ။


တနေ့တလံ ငါတို့ အလံဘယ်ပြေးမလဲလမ်းပေါ်မှာ
သူမလိုချင်တာတွေယူသွားကာ
သူရှာဖွေထမ်းယူလာတဲ့လမ်းကို ထားခဲ့ပါတယ်
ဟင်းလင်းပြင်ကောင်းကင်ထဲကကြယ်ပင်လယ်မှာ
နာမည်ရေးထွင်းရမယ့်ကြယ်ပွင့်ကိုရသွား
ကမ္ဘာကြီးက အမြတ်ထွက်သွားပါတယ် ။ ။ 


ဆောင်းဝေ(နတ်မောက်)
19.7.2016


Comments