သစ်ခက်သံလွင် ကဗျာခံစားမှုဆောင်းပါး၊ ငြိမ်းဝေ(ကဗျာ့ အိုးဝေ)ရဲ့ လေညင်းနဲ့အတူပါလာတဲ့ ပန်းရနံ့တွေလို ဒီနေရာမှာစုဝေးကြ



လေညင်းနဲ့အတူပါလာတဲ့ ပန်းရနံ့တွေလို ဒီနေရာမှာ စုဝေးကြ


 
www.flickr.com

လူမျိုးတမျိုးနိုင်ငံတခုရဲ့သမိုင်းသစ် စတင်တဲ့နေ့တွေကော...မရှိနိုင်တော့ဘူးတဲ့လား။ ဘယ်မရှိပဲနေပါ့မလဲကွယ်။ ၁၉၄၈-ခု၊ ဇန်န၀ါရီလ (၄) ရက် နေ့ဟာ၊ ဘဘတို့နိုင်ငံတပါး ကျွန်ဘ၀ကလွတ်မြောက်ပြီး လွတ်လပ်တဲ့ လူမျိုးအနေနဲ့ သမိုင်းသစ် စတင်တဲ့နေ့ မဟုတ်ပေဘူးလား။ ဒီလိုနေ့မျိုးဟာ ဘဘတို့နိုင်ငံ၊ ဘဘတို့လူမျိုးရဲ့ တကယ့်ကို မေ့ပျောက်လို့မရတဲ့၊ မေ့ပျောက်မထားသင့်တဲ့ သမိုင်းသစ်တခု အစပြုတဲ့နေ့ပေပဲပေါ့။ 

ငါ့မြေးရေ…။

လွန်ခဲ့တဲ့တပတ်က ငါ့မြေးဆီကို ဘဘ စာတစောင်ရေးလိုက်ပါသေးတယ်။ အဲဒီစာထဲမှာ ငါ့မြေးရဲ့တောင်း ဆိုချက်အရ ‘ ကဗျာတပုဒ် ’ အကြောင်း ဘဘ စာရေးပြီး ပြောခဲ့တယ်။ အခုလည်း ငါ့မြေးကို ကဗျာတပုဒ် အကြောင်းထပ်ပြီး ပြောပြချင်သေးတယ်။ ကဗျာအကြောင်း ကြားချင် သိချင်ပါတယ် ဆိုတဲ့ ငါ့မြေးရဲ့ဆန္ဒပြည့်ဝနိုင်မယ်လို့တော့ ဘဘ မျှော်လင့်ပါတယ်။


ငါ့မြေးရေ…။


ထုံးစံအတိုင်း ကဗျာလေးအကြောင်းမပြောခင် ကဗျာလေးနဲ့နွယ်နေတဲ့အကြောင်းအရာ တချို့ကိုတော့ နိဒါန်းပျိုးတဲ့အနေနဲ့ ဘဘကြိုပြီး ပြောပြချင်သေးတယ်။

ငါ့မြေးတို့ဘဘတို့ရဲ့ပုဂ္ဂလဘ၀မှာ၊ ထူးခြားတဲ့ “ နေ့” တွေ ရှိတတ်ကြပါတယ်။ ဆိုပါတော့ ဘဘမှာဆိုရင် ငယ်စဉ်တုန်းက မူလတန်းကျောင်းကနေ၊ အလယ်တန်းကျောင်းကိုပြောင်းပြီး ကျောင်းစတက်ရတဲ့နေ့လိုနေ့ မျိုးပေါ့။ အဲဒီနေ့က ဘဘတို့နေတဲ့ စလင်းမြို့ လေးမှာ မိုးရိပ်မိုးယောင် အုံ့အုံ့ပြပြလေး ဖြစ်နေခဲ့တယ်လေ။
ဘဘဟာ စာအုပ်တချို့ ထည့်ထားတဲ့လွယ်အိပ်ကိုလွယ်ပြီး ဘဘအဖေရဲ့ နောက်က လမ်းလျှောက်ပြီး လိုက်ခဲ့တယ်။ ကျောင်းသားသစ်တွေ လက်ခံစာရင်းသွင်းတဲ့ စားပွဲတလုံးဘေးက ဆရာ တယောက်ဆီကို လမ်းလျှောက်သွားနေတဲ့အချိန်၊ ကျောင်းသားတချို့က ဘဘတို့ကို လှမ်းကြည့်နေကြတယ်လေ။ ဘဘရဲ့ညာဖက်လက်ဟာ လွယ်အိပ်ထဲကို နှိုက်ထားတယ်။ 


အဲဒီလွယ်အိပ်ထဲကို နှိုက်ထားတဲ့လက်ထဲမှာ ဘာကိုဆုပ်ကိုင်လာသလဲ ဆိုတော့ “ ပိုင်းလော့ ” ဖောင်တိန် ကလေးတချောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ထားခဲ့တာပေါ့။ ဒီဖောင်တိန်လေးဟာ မူလတန်းအောင်လို့ အလယ်တန်းကျောင်းကိုပြောင်းရတော့မယ့် ဘဘအတွက်၊ ဘဘရဲ့အဖေက ၀ယ်ပေးခဲ့တဲ့ဖောင်တိန် ကလေးပေါ့။ 

ငါ့မြေးရေ…။ အဲဒီနေ့ကို ဘဘအခုထက်ထိ မမေ့နိုင်ဘူး။ ဘဘရဲ့ပုဂ္ဂလဘ၀မှာ အဲဒီနေ့ဟာ တကယ့်ကို အရေးပါတဲ့နေ့။ ဘဘရဲ့ကလေးဘ၀ကို နိဂုံးချုပ်ပြီး လူငယ်ဘ၀ကို စတင်ကူးပြောင်း လိုက်တဲ့နေ့အဖြစ် ဘဘ ဘယ်တော့မှမေ့လို့မရတဲ့နေ့တနေ့ ဖြစ်ခဲ့တာပေါ့။


ဒီတခါ ဘဘရဲ့စာထဲမှာ ပြောပြမယ့်ကဗျာရဲ့ခေါင်းစဉ်ကလည်း “ ဒီနေ့ဟာ အစဖြစ်တယ် ” တဲ့။

ဒီကဗျာလေးရဲ့ ခေါင်စဉ်ကို ဖတ်လိုက်ရတယ်ဆိုရင်ပဲ ပထမဦးဆုံးပေါ်လာတဲ့အတွေးကတော့ ဘဘရဲ့ ပုဂ္ဂလ ဘ၀ထဲက၊ နေ့တချို့ကို ချက်ချင်းဆိုသလို သတိရသွားတော့တယ်။
ဘဘမှာ ငယ်စဉ်တုန်းက အလယ်တန်းကျောင်းစတက်တဲ့နေ့လို ထူးခြားတဲ့ဘ၀သစ်တခု အစပြုတဲ့ နေ့တွေ ရှိခဲ့တာပဲ။ ဒီလို ဘ၀သစ်တခု အစပြုတဲ့နေ့မျိုးဆိုတာ ဘဘမှာရယ်လို့ မဟုတ်ပါဘူး၊ ငါ့မြေးမှာလည်း ရှိပါလိမ့်မယ်။ တခြားလူတွေမှာလည်း ရှိပါလိမ့်မယ်။ ဒါက ပုဂ္ဂလဘ၀ရဲ့ဘ၀သစ်စတင်တဲ့နေ့။ တခါ လူမျိုး တမျိုးနိုင်ငံတခုရဲ့သမိုင်းသစ် စတင်တဲ့နေ့တွေကော...မရှိနိုင်တော့ဘူးတဲ့လား။ ဘယ်မရှိပဲနေပါ့မလဲကွယ်။ ၁၉၄၈-ခု၊ ဇန်န၀ါရီလ (၄) ရက် နေ့ဟာ၊ ဘဘတို့နိုင်ငံတပါး ကျွန်ဘ၀ကလွတ်မြောက်ပြီး လွတ်လပ်တဲ့ လူမျိုးအနေနဲ့ သမိုင်းသစ် စတင်တဲ့နေ့မဟုတ်ပေဘူးလား။ ဒီလိုနေ့မျိုးဟာ ဘဘတို့နိုင်ငံ၊ ဘဘတို့လူမျိုးရဲ့ တကယ့်ကို မေ့ပျောက်လို့မရတဲ့၊ မေ့ပျောက်မထားသင့်တဲ့ သမိုင်းသစ်တခု အစပြုတဲ့နေ့ပေပဲပေါ့။
ကဲပါလေ…။ ကဗျာလေးကိုမပြောခင်…၊ ဘဘလည်း နိဒါန်းစကားတွေ တော်တော် ပြောလိုက်မိတယ်။ ကဲ … ကဗျာလေးဆီ စပြီး သွားလိုက်ကြရအောင်…။


“ဒီနေ့ဟာ အစဖြစ်တယ်”

ပင်လယ်ကိုဖြတ်လာတဲ့ မိုးနံ့ပါတဲ့လေလို
မြို့ ကြီးထဲ
ငါတို့ဝင်ရောက်ကြပါစို့။

နေရောင်ဟာ
အုန်းလက်ကိုင်းဖျားနဲ့အိမ်အမိုးစွန်းကို ဖြတ်ပြီး
ခပ်စောင်းစောင်းကျနေမယ်။

သစ်ပင်တွေဟာ
ရေစိုလို့ သူတို့ အမွေးအတောင်တွေကိုဖြန့်ပြီး
ကနေတဲ့ ဒေါင်းပျိုတွေလို
အစိမ်းရောင် ပွပွ၊ လှလှကြီး ဖြစ်နေမယ်။
အိမ်ရှေ့ လမ်းမပေါ်မှာ မော်တော်ကားတွေဟာ
ကြိုတင်တိုင်ပင်ထားကြသလိုပဲ
ဝး၀၀ နာရီမှာ
ဟွန်းတွေ တပြိုင်နက်ထဲ တီးလိုက်ကြပေါ့။

ငါ့မြေးရေ…။

“ ဒီနေ့ ဟာ အစဖြစ်တယ် ” ဆိုတဲ့ကဗျာထဲမှာ၊ ကဗျာပိုဒ် (၁၆) ပိုဒ်ပါတယ်။ အခု ဘဘက ပထမအပိုဒ် (၃)ပိုဒ်ကိုပဲ စ ပြောလိုက်တာပါ။

 

ဒီအပိုဒ် (၃)ပိုဒ်မှာ ထူးခြားတဲ့အချက် (၂)ချက်ရှိတယ်။ ‘ ကနေတဲ့ ဒေါင်းပျိုတွေ ’ ဆိုတဲ့စကားစုနဲ့၊ “ ကားတွေက တပြိုင်နက်ထဲ တီးကြပေါ့ ” ဆိုတဲ့စကားစုပါပဲ။ ဒါဟာ အောင်မြင်မူကို ထောပနာပြုတဲ့ စကားစုတွေဖြစ်နေတယ်။ “ ကနေတဲ့ ဒေါင်းပျိုတွေ ” တဲ့။ “ အမွေးအတောင်တွေချပြီး ငိုင်နေတဲ့ ဒေါင်း အိုတွေ ” မဟုတ်ဘူးနော်။ ပြီးတော့ ကားတွေက တအံ့တသြ ၀မ်းသာအားရ၊ တက်တက်ကြွကြွဖြစ်လို့ ဟွန်းတွေကို တပြိုင်နက်ထဲ တီးလိုက်ကြတာ။ လမ်းဖယ်ပေးဖို့ တယောက် တပေါက် ဟွန်းထတီးနေ ကြတာမျိုးမဟုတ်ဘူး။ ကဲ …ဆက်ပြီးသွားကြရအောင်…။

ဒါဟာ အစပဲ
အရာအားလုံး
အစက ပြန်စမယ့် အစပဲ။

လေပြည်ညင်းဟာ
အရပ်မျက်နှာအသီးသီးက
တလှည့်ပြီးတလှည့် တိုက်နေမယ်။

ငါတို့ဟာ
လေညင်းနဲ့အတူပါလာတဲ့ ပန်းရနံ့တွေလို
ဒီနေရာကို
စုဝေးရောက်ရှိလာကြမယ်။

သမိုင်းဝင်ဓာတ်ပုံထဲက
မျက်နှာမျိုးတွေနဲ့
အားလုံးဟာ
တည်ကြည်ခန့်ညားကြလို့ပေါ့။

မြို့ အနှံ့က ခေါင်းလောင်းတွေဟာ
အနှစ်နှစ် အလလ ဆွံ့အနေခဲ့တဲ့ သူတို့အသံ
သူတို့ပြန်ရပြီမို့
ဝမ်းသာမဆုံးဖြစ်လို့
( အပြုံးမျက်နှာတွေဟာ
ပြန်ပြီးတည်လို့မရတော့သလိုမျိုး )

ကန်ရေပြင်ဟာ
သူကိုယ်တိုင် ကုန်းပေါ်တက်လာပြီး
ပွဲတော်မှာ နွှဲချင်နေတယ်။

လက်ခုပ်သံတွေဟာ
တိကျတယ်။
အပိုအလိုမရှိဘူး။
ရုပ်ရှင်မရိုက်ဘူး။
ဇာတ်တိုက်မထားဘူး။

တာထွက်တော့မယ့်
အားမာန်တွေဟာ
အချက်ပေးသံကို စောင့်နေကြပြီ။

ငါ့မြေးရေ…။

ဒီကဗျာပိုဒ်တွေကြတော့ အရာအားလုံးအစပြုမယ့်၊ အစကနေ ပြန်စမယ့်နေ့ကို ထပ်ကာတလဲလဲ ပုံဖေါ်ဖို့ ကြိုးစားထားတာ တွေ့ရတယ်။ ဥပမာ…လူတွေစုဝေးရောက်ရှိလာကြတာ၊ လူတွေရဲ့ မျက်နှာထား။ တချိန်လုံးတိတ်ဆိတ်နေခဲ့ရတဲ့ တမြို့လုံးက ခေါင်းလောင်းတွေက အသံတွေ တပြိုင်နက်ထဲ ပြန် ထွက် ပြန်မြည်လာကြတာ…။
ဒီနေရာမှာ အဲသလိုထူးခြားတဲ့နေ့နဲ့ပတ်သတ်ပြီး ဘဘကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားတခု အကြောင်း ကြားညှပ်ပြီး ပြောချင်သေးတယ်။ ဇာတ်ကားရဲ့နာမည်ကိုတော့ ဘဘ မမှတ်မိတော့ဘူးကွဲ့။
ဒီဇာတ်ကားထဲမှာ အာဂျင်တီးနားနိုင်ငံ၊ သမတကြီးရဲ့ဇနီးဟာ နာမကျန်းဖြစ်လို့ သေငယ်ဇောနဲ့ မျောနေတဲ့ အချိန်မှာ အာဂျင်တီးနားနိုင်ငံရဲ့မြို့တော် “ ဗျူနိုးဟေရီးစ် ” တမြို့လုံးမှာရှိတဲ့ မြို့သူမြို့သားတွေဟာ၊ သူတို့ချစ်ခင်လေးစားရတဲ့ သမ္မတကတော်ရဲ့နာရေးသတင်းကို အားလုံးငြိမ်သက်ပြီး စောင့်ပြီး နားထောင်နေကြတဲ့အချိန်။ မြို့ကြီးတမြို့လုံး တိတ်ဆိတ်ငြိမ်သက် နေတဲ့အချိန်၊ သမ္မတကတော်သေဆုံး သွားပြီဆိုတဲ့သတင်း ထွက်ပေါ်လာခဲ့တယ်။


အဲဒီအချိန်မှာပဲ “ ဗျူနိုးအေရီးစ် ” တမြို့လုံးမှာရှိတဲ့ ဘုရားကျောင်းခေါင်းလောင်းတွေဟာ ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့ တပြိုင်နက်ထဲ တီးကြ၊ ထိုးကြတော့တယ် ငါ့မြေး။

ဘဘမှာဖြင့် အဲဒီဇာတ်ကားထဲက ခေါင်းလောင်းသံတွေကို ဒီကဗျာဖတ်ရင်းက ပြန်ပြီး သတိရမိ တယ်။ မြင်ယောင်မိတယ်။ ဒါပေမဲ့ ဒီကဗျာထဲမှာပါတဲ့ ခေါင်းလောင်းတွေကြတော့ အောင်မြင်မှု အတွက်၊ အောင်ပွဲခံမှုရဲ့သင်္ကေတအဖြစ်၊ သမိုင်းသစ်တခု အစပြုတဲ့နေ့ကို အသိအမှတ်ပြု၊ ဂုဏ်တင်တဲ့ သဘော တပြိုင်နက်ထဲ တီးလိုက်တာပါ။
ကဲ …နေက်ထပ်ကဗျာပိုဒ်တွေကို ဆက်ပြီးဖတ်ကြရအောင်…။


ကျားတွေဖြတ်ဖို့
တောမှာ
လမ်းခင်းထားရိုးမရှိဘူး။
ချောင်းတွေ့ရင်
ခုန်ကျော်သွားဖို့ပဲ
ချောင်းကျယ်ရင်
ဖောင်ဖွဲ့မယ်။


ဒီကဗျာတပိုဒ်ထဲမှာကျတော့ အရာအားလုံးအစပြုမယ့် ‘ နေ့ ’ ကိုဂုဏ်တင်တဲ့နေ့မဟုတ်ဘူးငါ့မြေး။ အဲသလို အရာအားလုံး အစပြုနိုင်မယ့် “ နေ့” ပေါ်ပေါက်လာဖို့အတွက် ဘယ်လိုရုန်းကန်တိုက်ပွဲ ၀င်ခဲ့ရသလဲဆိုတဲ့ ‘ အတိတ်ကာလ ’ ကိုပြန်လည်တူးဖော်ပြတာပဲ ဖြစ်တယ်။
 

ဘဘတို့မှာလည်း ဒီလိုပါပဲ။ ဘဘရဲ့မူလတန်းအောင်လို့ အလယ်တန်းကျောင်းသားဘ၀ကို ကူးပြောင်းရောက်ရှိတဲ့ “ နေ့” ကိုရောက်ဖို့၊ ဘဘဟာ စာတွေအများကြီး ကျက်ခဲ့ရတာပဲ။ သူများတကာထက် ဉာဏ်ထိုင်းသူဖြစ်တာနဲ့စာကို တခြားသူတွေထက် ပိုပြီးကြိုးစားခဲ့ရတာပဲ။ အဲဒီ မူလတန်းနေက်ဆုံးနှစ်၊ စတုတ္ထတန်းမှာ ဘဘဟာ နေ့မအိပ်ညမအိပ် စာကျက်ခဲ့ရလို့ ကျန်းမာရေး တောင်မှ ချို့တဲ့ခဲ့ရတယ်။ တကယ်တော့ ဘဘရဲ့ပုဂ္ဂလဘ၀မှာ၊ မူလတန်းကျောင်းသားဘ၀ကို ပြည်ဖုံးကားချပြီး အလယ်တန်းကျောင်းသားဘ၀ကို အစပြုတဲ့ “ နေ့” ကိုရောက်ဖို့၊ ဘာတခုမှ အလွယ်တကူနဲ့ ကျော်ဖြတ် ခဲ့တာမဟုတ်ဘူး။ စာတွေဘယ်လောက်ပဲ ခက်ခက်၊ ငါ …မရ ရအောင် ကျက်မယ်ဆိုတဲ့ဇွဲသတ္တိနဲ့ ဘဘဟာ၊ မူလတန်းကျောင်းသားဘ၀ကို နိဂုံးချုပ်ခဲ့ရတာ။ အလယ်တန်းကျောင်းသားဘ၀ အစပြုတဲ့ “ နေ့” ကို သိမ်းပိုက်နိုင်ခဲ့တာ။
ကဲ…၊ ကျန်တဲ့ ကဗျာပိုဒ်တွေဆီ ဆက်ကြဦးစို့…ငါ့မြေး ။


ဒီနေ့ဟာ “ အစ ” ဖြစ်တယ်။
အရာအားလုံး
အစကပြန်စမယ့် “ အစ ” ဖြစ်တယ်။

ဒီနေ့ဟာ
ကမ္ဘာပေါ်မှာ
အလှဆုံးနေ့တွေထဲက တနေ့ဖြစ်တယ်။
ဒီနေ့ဟာ
စစ်ပွဲစတင်တဲ့နေ့ မဟုတ်ဘူး။
စစ်ပွဲပြီးဆုံးတဲ့နေ့ မဟုတ်ဘူး။
ဒီနေ့ဟာ
မေတ္တာ စတင်တဲ့နေ့
` မေတ္တာအောင်နိုင်တဲ့နေ့ဖြစ်ရဲ့။
ဒီနေ့ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့
ဖြစ်ရဲ့။
ဒီနေ့မှာ
စစ်နိုင်သူ မရှိဘူး။
စစ်ရှုံးသူ မရှိဘူး။


အခု ဘဘဖော်ပြခဲ့တဲ့ကဗျာပိုဒ်တွေကတော့ အရာအားလုံး အစက ပြန်စမယ့် “ နေ့” ရဲ့“ လေးနက် မြင့်မား လှတဲ့ ဂုဏ်ရည်” ကို၊ ထပ်ကာတလဲလဲ ဖော်ပြသွားခဲ့တာ ငါ့မြေးတွေ့ရလိမ့်မယ်။ ဒါပေမဲ့ “ ဒဿန ” အားဖြင့် သာမာန်ထက် အများကြီးပိုပြီး နက်နက်တူးမှ ဖော်ယူလို့ရနိုင်တဲ့ ကဗျာပိုဒ်တွေလည်း ပါနေတယ်။ အဲဒါကတော့ ..

ဒီနေ့ဟာ
စစ်ပွဲစတင်တဲ့နေ့မဟုတ်ဘူး။
စစ်ပွဲပြီးဆုံးတဲ့နေ့မဟုတ်ဘူး။
ဒီနေ့ဟာ
မေတ္တာ စတင်တဲ့နေ့
` မေတ္တာအောင်နိုင်တဲ့နေ့
ဖြစ်ရဲ့။
ဒီနေ့ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့
ဖြစ်ရဲ့။
ဒီနေ့ မှာ
စစ်နိုင်သူ မရှိဘူး။
စစ်ရှုံးသူ မရှိဘူး။


ငါ့မြေးရေ…။ ဒီကဗျာပိုဒ်တွေကိုတော့ ဘဘ သိပ်ပြီးရှင်းမပြချင်ဘူး ငါ့မြေး။ ဘဘရဲ့အရည်အချင်းလောက်နဲ့ လည်း ရှင်းပြတဲ့အခါ ဒီကဗျာပိုဒ်တွေရဲ့ဆိုလိုရင်းကို မီအောင် ရှင်းပြနိုင်မယ် မထင်ဘူး။ မူရင်း အဓိပ္ပာယ်ရဲ့ အနီးတ၀ိုက်လောက်အထိပဲ ဘဘရှင်းပြချင်တယ်။ ရှင်းပြနိုင်မယ်။ တကယ့်ကို လက်တဆုံးနှိုက်ယူမှရမယ့် ကဗျာ့ပရိယာယ်တွေပါပဲ။ အဲ…ငါ့မြေးရဲ့လက်တံကတော့ ရှည်မှဖြစ်မှာပေါ့လေ။ ဒါပေမဲ့ ဒီကဗျာပိုဒ်တွေကို ခံစားသိရှိနိုင်ဖို့ အထောက်အကူဖြစ်မယ်လို့ယူဆရတဲ့စကား တချို့ကိုတော့ ဘဘဖြည့်ပြောလိုက်ဦးမယ်။
ဘဘတို့ရဲ့ ဒီမိုကရေစီခေါင်းဆောင် “ ဒေါ်အောင်ဆန်းစုကြည် ” က ပြောဖူးတယ်ငါ့မြေး ။ 


သူပြောတဲ့စကားကို တလုံးမကျန် ခရေစေ့တွင်းကျတော့ ဘဘမမှတ်မိပေမယ့်၊ ဆိုလိုရင်း အဓိပ္ပာယ်ကိုတော့ ဘဘမှတ်မိတယ်။
အဲဒါကတော့ “ တိုင်းပြည် ကောင်းစားတိုးတက်အောင် ငါတို့က လုပ်ခွင့်ရမယ် ဆိုရင် အောင်မြင်ပါစေ သားတဲ့၊ ပြီးတော့ သူတို့က တိုင်းပြည်ကောင်းစားတိုးတက်အောင် ဆောင်ရွက်ခွင့်ရမယ်ဆိုရင် ပိုပြီးအောင်မြင်ပါစေသား…” တဲ့။
 

ငါ့မြေးရေ… ။ အဲဒီစာသား၊ အဲဒီစကားကိုကြားရတဲ့အချိန်တုန်းက၊ ဘဘဖြင့်တကိုယ်လုံး ကြက်သီးမွှေး ညှင်းတွေ ထပြီး ကျေနပ်အားရ ဖြစ်လိုက်မိတယ်။ ဒါဟာဖြင့် တကယ့်ကို “ မွန်မြတ် ကြီးကျယ်တဲ့မေတ္တာ တရား ” ကို အခြေခံတဲ့ “ စကား ” တွေပဲ။ ကဗျာဆရာပြောချင်တဲ့ “ မေတ္တာ အောင်မြင်တဲ့နေ့၊ မေတ္တာ စတင်တဲ့နေ့ ” ဆိုတဲ့ စာသားထဲက “ မေတ္တာ” ဆိုတဲ့ “ အဲသလို မေတ္တာ” မျိုးကိုပြောတာပဲပေါ့။ ပြီးတော့ တဆက်ထဲဆိုသလိုပဲ၊ “ ဒေါ်အောင်ဆန်းစုကြည် ” ပြောဖူးတဲ့ စကားတခွန်း။ “ ဒိုင်ယာလော့ လုပ်ရင် ဘယ်သူမှ မနိုင်ဘူး၊ ဘယ်သူမှမရှုံးဘူး ” တဲ့။ ဒါလည်း ကဗျာထဲက “ ဒီနေ့ဟာ စစ်နိုင်သူမရှိဘူး၊ စစ်ရှုံးသူမရှိဘူး ” ဆိုတဲ့စာသားနဲ့တထပ်ထဲကျ မနေပေဘူးလား။
 

ငါ့မြေးရေ…။ “ ဒီနေ့ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာကို ဘဘရှင်းပြခဲ့တာ တော်တော်လေးလည်းရှည်ခဲ့ပြီ။ ကဲ …. နောက်ဆုံးတပိုဒ်ဆီ ဆက်ကြရဦးမယ်။

ဒီနေ့အကြောင်း
ကဗျာတပုဒ်ရေးရပေလိမ့်မယ်။
ဒီနေ့အကြောင်း
ကဗျာတပုဒ်မရေးခဲ့ဘူးဆိုရင်
ငါဟာ
ဘာမှမရေးခဲ့တဲ့ လူတယောက်နဲ့
ဘာထူးဦးတော့မလဲ။


ကိုင်း…။ ကဗျာဆရာကတော့ နောက်ဆုံးကဗျာပိုဒ်မှာ သူရဲ့ရပ်တည်ချက်ကိုပါ ထည့်သွင်းရေးဖွဲ့ ပြလိုက်ပြီ။
တကယ်တော့ ကဗျာဆရာဟာ ဒီကဗျာထဲက တချို့ စာသားတွေအတိုင်း “ လေညင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့တွေလို ဒီနေရာကို စုဝေးရောက်ရှိကြတဲ့သူ ” တွေထဲမှာ သူလည်း ပါဝင်ရမယ်တဲ့။ သူဟာ အဲသလိုနေ့၊ အဲဒီနေရာကို သမိုင်းဝင်ဓာတ်ပုံထဲက မျက်နှာမျိုးနဲ့ တည်ကြည်ခန့်ညားနေပါလိမ့် မယ်လို့ဖွင့်ဟ၀န်ခံလိုက်ပြီဆိုပါတော့ ငါ့မြေး ။ ဒါကတော့ တိုင်းပြည်ကောင်းစားစေချင်တဲ့၊ ကောင်း စားအောင် ဖန်တီးနိုင်တဲ့ “ နေ့ ” အတွက် စာပေသမားတွေ ဘယ်လိုရပ်တည်သင့်သလဲဆိုတာကို ထည့်ပြောသွားတဲ့သဘောပါပဲ။


ကဲ… ဘဘရဲ့စာကလည်း ရှည်လျားလွန်းပြီ။ ငါ့မြေးလည်း “ ဒီနေ့ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာအတိုင်း၊ ပုဂ္ဂလဘ၀သစ် အစပြုတဲ့နေ့၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ဘ၀သစ် စတင်တဲ့နေ့တွေ ကို ကိုယ်တိုင်ပါဝင် စိုက်ထူနိုင်တဲ့သူဖြစ်အောင် ကြိုးစားသင့်တယ်လို့ဘဘအကြံပြုလိုက်ပါတယ်။ ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

ကိုးကား။ ။

မောင်တင်သစ်ရဲ့ “ ဒီနေ့ဟာ အစဖြစ်တယ် ” ကဗျာ
စံပယ်ဖြူ ၊ ဧပြီ ၊ ၂၀၀၇


Comments