သစ်ခက်သံလွင် ကဗျာစင်မြင့်. မောင်ကြူးရင့်၊ သျှင်မျိုးငယ်၊ ကိုပွေးတို့၏ကဗျာများ

သေနတ်နဲ့နှင်းဆီပန်း
fineartamerica.com
လူသားရဲ့အတ္ထုပတ္တိဟာ သေခြင်းနဲ့ရှင်ခြင်းကြားမှာ ရှိတယ်
လူသားသေဆုံးသွားတဲ့အခါ အဆုံးသတ်သွားတယ်
သမိုင်းရထားကတော့ ဆက်လက်ခုတ်မောင်းနေဦးမှာပဲ
သမိုင်းရထားဟာ အမှောင်ထဲခုတ်မောင်းခဲ့ပြီ
သမိုင်းရထားဟာ အလင်းထဲခုတ်မောင်းခဲ့ပြီ
ကမ္ဘာမှာ ဘယ်တော်လှန်ရေးကများ ပြီးဆုံးခဲ့ဘူးလို့လဲ
အနာဂတ်ဆိုတာဘယ်တော့မှမပြီးဆုံးဘူး
ဆူးတောမှာ အိပ်ခဲ့ရသလိုပန်းတောမှာလည်း
အိပ်ချင်ကြမှာသဘာဝပဲ
နောက်ထပ်ဆူးတောမှာပြန်မအိပ်ရဘူးလို့
ဘယ်သူအာမခံမှာလဲ
အမိုးအကာအောက်စားပွဲဝိုင်းကိုသွားတဲ့အခါ
လက်ထဲမှာနှင်းဆီပန်းကိုင်သွားရမှပဲ
စစ်မြေပြင်တိုက်ပွဲထဲလက်နက်ကိုင်ပစ်နေတဲ့
ရန်သူဆီနှင်းဆီပန်းကိုင်သွားလို့ရပါ့မလား
သေချာတာက ကမ္ဘာကြီးဟာ
လက်တဖက်မှာ နှင်းဆီပန်းကိုင်ထားပြီး
လက်တဖက်မှာ သေနတ်ကိုင်ထားတယ်

မောင်ကြူးရင့်
၁၂့  ၆့  ၂၀၁၆

….

ငါးကင်တကင်နဲ့ ပတ်သက်၍
www.pinterest.com
 စပျစ်သီးတွေက ညကို မူးယစ်စေခဲ့ပြီ
စားပွဲပေါ်မှာ ငါးကင်တကင်ကို တင်လိုက်တယ်
ငါးကင်တကင်နဲ့ ပတ်သက်၍
ငြင်းခုန်ကြ.....ရယ်မောကြ...ငါးဟာ ကင်ပြီးသားဖြစ်တယ်
သူမသည် ငါးကင်တခုဖြစ်သည်.....
ငါးကင်ဟာ ငါးဖြစ်၍ သူမသည် လူဖြစ်သည်
ငါးကင်တကင် ညီမျှခြင်း သူမ
ဘယ်လိုဆက်စပ်တွေးခေါ်မှုတွေနဲ့ 
ဘယ်လိုယုံကြည်မှုတွေနဲ့
ဘယ်လိုသံသယတွေနဲ့
ဘယ်လို လက်ခံမလဲ...စားပွဲပေါ်မှာ စပျစ်သီးတွေ
ခွက်အလွတ်တွေထဲမှာ စပျစ်သီးတွေ
စကားလုံးတွေဟာ စပျစ်သီးတွေ ဖြစ်သွားတယ်
ယုံကြည်ပါ
ယုံကြည်မှုအတိုင်း ရှိမနေဘူးဆိုတာကိုလည်း
ယုံကြည်ပါ.....
မာယာတွေကို ဆွဲထုတ်ယူငင်နေတဲ့ညဟာ
ငါးကင်တကင်နဲ့ ပတ်သက်၍
ငါးဟာ အကြီးဖြစ်တယ် အသေးဖြစ်တယ် ငြင်းကြ
ငါး တကောင်လား နှစ်ကောင်လား ငြင်းကြ
ငါးဟာ ငါးဖြစ်သလို သူမဟာ သူမဖြစ်တယ်
သူမဟာ သူမကိုယ်သူမ မေ့ထားပြီး 
ငါးကင်ကို ငါးကင်အဖြစ် မေ့ထားလိုက်တဲ့အခါ
ငါးဟာ ကင်ပြီးသားဖြစ်ပြီး စပျစ်သီးတွေနဲ့ ပျော်ဝင်သွားတယ်...
ညဟာ မိုးစက်ကလေးတွေ တဖြောက်ဖြောက်အောက်မှာ
ငါးကင်တကင်နဲ့ ပတ်သက်၍
စပျစ်သီးတွေကို မူးယစ်အောင် ကျိန်စာတိုက်လိုက်တယ်
သူမသည် ည ၁၁ နာရီမှာ
ငါးတကောင်ကို ကင်ပါလိမ့်မယ်.....
ငါးကင်တကင်နဲ့ ပတ်သက်၍
ငါးကင်တကင်နဲ့ ပတ်သက်၍
သူမသည် ငါးတကောင်ကို 
အဲဒီညက ကင်လိုက်သည်ပဲ ဆိုပါတော့.....
ငါးကင်တကင်နဲ့ ပတ်သက်၍.....။                ။
                                                 
သျှင်မျိုးငယ်

 …

မြို့ကအရူး
www.pinterest.com
ကြီးပြင်းလာတဲ့ခေတ်ကမှောင်တော့
လူကလည်း ခပ်ကြောင်ကြောင်ပေါ့
ဘာကိုမှထည့်မတွက်ပဲ နေတယ် ဇွတ်လုပ်တယ်
ပြောချင်တာပြောတယ်
နားမထောင်တဲ့နားနှစ်ဖက်ကခေါင်းဘေးမှာ
အလံလိုထောင်လို လူကလဲလေထဲတလွှင့်လွှင့် 

ငါတို့မြို့မှာ
ငါးရာတန်ကို ဂျက်မြသောင်း
မင်္ဂလာရှိသောနေ့ဆို တယောက်တဝက်ပဲ
ငွေများ တရားနိုင်တုန်းပဲ
လေတိုက်ရင် မီးပျက်တုန်းပဲ
မယောင်ရာဆီလူးတုန်းပဲ
ပရဟိတတွေ မျိုးပွားတုန်းပဲ
ဘုန်းကြီးက နိုင်ငံရေးလုပ်ပြီး
နိုင်ငံရေးသမားက တရားဟောတဲ့မြို့မှာ
ဘိန်းပန်းတွေ သိပ်ပွင့်တာပဲ
တချက်ပွတ်လိုက်ရင် လိုချင်တာအကုန်ရတယ်
ခေတ်ကမြန်လွန်းတော့
လူရှေ့သူကရောက်ရောက်နေတယ် ။ ။

                              ကိုပွေး                              
၁၂၆၁၆ 


Comments