သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ငမိုဃ်း၊ မောင်သော်တာ၊ ခင်လွန်းတို့၏ကဗျာများ

ဗုဒ္ဓဟူးနေ့ ကိုဖြတ်သန်းခြင်း
www.telegraph.co.uk
ညနက်သန်းခေါင် စစ်ဖိနပ်သံတွေ
ညနက်သန်းခေါင် တံခါးခေါက်သံတွေ
သံတိုင်တံခါးဆောင့်ပိတ်သံ
ငိုသံ
အော်သံ
တောက်ခေါက်သံ
ညစ်ပေမည်းနက်တဲ့ အင်္ဂတေပေါ်
မျက်နှာနဲ့ ပစ်ကျသွားတဲ့လူငယ်
အမေ့ဆီကို ဝိညာဉ်အဖြစ်နဲ့ပဲ
ပြန်ခွင့်ရခဲ့တဲ့သားတွေ
ယမ်းနံ့တွေ
ဖြာထွက်သွားသော
သူ့ဘက်ကိုယ့်ဘက်သွေးများ။ ။

ငမိုဃ်း
၂၇ ၇ ၂၀၁၆


သေနတ်ဖောက်သံ 
abstractartpictureswallpaper.blogspot.com

မကြောက်ပါနဲ့ မမြဝင်း
ဗိုလ်အောင်ဒင်ရဲ့ခနိုးခနဲ့ရယ်သံနဲ့
မိုးပေါ်ထောင်ဖောက်လိုက်တဲ့သေနတ်သံ
ဒီနေ့အထိ ပဲ့တင်ပြန်လှပနေတယ်…

 စစ်တပ်ကပစ်တယ်ဆိုရင် တည့်တည့်ပဲပစ်တယ်
ဗိုလ်နေဝင်းရဲ့သေနတ်ဖောက်သံကြောင့်
တိုင်းပြည် ' ချောက်ထဲရောက်ခဲ့ရ….

၁၉၄၇ ဇူလိုင် ၁၉
အတွင်းဝန်များရုံးထဲက သေနတ်ဖောက်သံနဲ့
ငါတို့ရဲ့နိုင်ငံတော်ဗိသုကာ Planနိုင်ငံတော်အလံနဲ့အတူတိုင်ဝက်လွင့်ကျရ သေနတ်ဖောက်တယ်ဆိုတာ သင်္ကြန်အမြှောက်ဖောက်တာမျိုးမှမဟုတ်ဘဲ လမ်းသစ်ဖောက်တာနဲ့လမ်းစဉ်ဖောက်တာ
နံရံတံတိုင်းဖောက်တာနဲ့ ကတိသစ္စာဖောက်တာ
ပူပေါင်းဖောက်တာနဲ့မီးလောင်ဗုံးတွေဖောက်တာ
တူသလား တူမှာလား တူလို့လား…..

ယမ်းအိုးမီးပေါက်ဖောက်လိုက်တိုင်း
ခြောက်ခြားထိတ်လန့်ဖွယ်ပေါက်ကွဲသံဟာ
အမြင့်ဆုံးတုန်ခါမှုရှိနေစမြဲ
ပေါက်ကွဲမှုဆိုတာ
ဖောက်ခွဲရေးသမားတို့ရဲ့လက်စလက်နတွေချည်းပေါ့
ထမင်းရည်ပူလျှာလွှဲပြောကြည့်လိုက်… 

ကိုယ့်ရှုထောင့်နဲ့ကိုယ့်အကြောင်းပြချက်နဲ့ချည်းပေါ့
ငြိမ်းချမ်းရေးအတွက်သေနတ်ဖောက်ချင်ဖောက်ပါ
သွေးစွန်းလက်ကိုအရင်ဆေးကြောစေချင်တယ် ….။

မောင်သော်တာ


စစ်သတင်း
www.pinterest.com
 သတင်းသမားက
စစ်ဘေးသင့်ကလေးကိုကင်မရာနဲ့ချိန်ထားရဲ့
ကလေးရဲ့နှုတ်ခမ်းတွေ မျက်လုံးတွေမှာ
အပြုံးအရယ်ကင်းမဲ့လျက်…
ကလေးရဲ့မျက်လုံးသေကြီးဟာ
ဘယ်အရာပေါ်မှာမှ မဆိုက်ကပ်နေသလို
ဘယ်အရာနဲ့မှ မချိတ်တွယ်ထားဘူး
မျက်လုံးဟာ ကမ္ဘာလောက အားလုံးနဲ့ကင်းလွတ်နေတယ်
အလွတ်သားမျက်လုံးဝိုင်းကြီးတွေနဲ့
ဖွင့်ထားတဲ့မျက်လုံးမှာ မြင်စရာ အရာဝတ္ထုမရှိသလို
သူ့ရှေ့တည့်တည့်က ကင်မရာကြီးလည်း မရှိသလို။

ဘာသာပြန်ပေးသူအဆိုအရတော့
လက်နက်ကိုင်တွေဝင်လာတယ်
ရွာကိုမီးရှို့တယ်
အဖေကိုအရင်သတ်တယ်
အမေကိုအဓမ္မကျင့်ပြီးတဲ့နောက်
သတ်ပစ်လိုက်တယ်
အငယ်ဆုံးမောင်လေးကိုလည်း
ချန်ပေး မထားခဲ့ဘူး
သူဟာ ခြုံပုတ်ထဲမှာပုန်းခိုရင်း
ဘီလူးသဘက်တွေလက်က လွတ်ကျန်ခဲ့လေသူ။

အဲ့ဒီကစ
သူဟာ
ငိုလည်းမငိုဘူး ရီလည်းမရီဘူး
စကားလည်းမပြောဘူး အစားလည်း မစားပါဘူး
ဘာကိုမှလည်း မကြည့်ပါဘူး…
ဘယ်သူ့ကိုမှလည်း မကြည့်တော့ပါဘူး …တဲ့
ဘာသာပြန်ပေးနေတဲ့ ရွာသားက
သူ့အသံဝဲ၀ဲနဲ့ ရှင်းပြ။

သတင်းသမားဟာ
သူ့အသံဖမ်းစက်ကိုသာ
ကလေးရှေ့ကို တွင်တွင်ထိုးပေးနေရင်း
မေးခွန်းတွေ မေးခွန်းတွေ
ဂျာနယ်လစ်အတတ်မာယာနဲ့ မေးခွန်းတွေ
ပေါက်ကွဲပြီးသား ယမ်းအိုးကြီးဆီက ယမ်းခိုးယမ်းငွေ့တွေကို
အငမ်းမရရှူသွင်းနေသလို
ကျုံးသွင်းအားထုတ်နေတဲ့မေးခွန်းတွေနဲ့။

ဘာသာပြန်ကလည်း မေးပေးပါရဲ့
ကြားဝင်ပါရဲ့
နေဦး
ဒီကလေးမှာ
စကားပြောစရာရော ရှိသေးလို့လား
သူ့ဘ၀မှာ
စကားပြောဖို့ကော လိုပါသေးရဲ့လား။

ခင်လွန်း

နံနက် ၉း ၂၀ နာရီ(တနင်္ဂနွေ)
မတ်လ၊ ၂၈ ရက်၊၂၀၁၆
(၁၉၉၈ နို့ဖိုးဒုက္ခသည်စခန်းကို သတိရမှုဖြင့်…)
မှတ်ချက်၊ ၊ မိုးမခမဂ္ဂဇင်း၊ဇွန် ၂၀၁၆ တွင်ဖော်ပြပြီး


Comments