Saturday, July 9, 2016

Mimi Thaw

သစ်ခက်သံလွင် ကဗျာခံစားမှုဆောင်းပါး- ငြိမ်းဝေ(ကဗျာ့ အိုးဝေ) ၏ ကျွန်တော်နဲ့ မျောက်ကလေး (၁၃) ကောင်



www.mymodernmet.com
  ကဗျာဖတ်ရင် “ဈာန်” ကို မလွဲမသွေအကူအညီယူရပါလိမ့်မယ်။ “ဈာန်” ဆိုတာက ပါရမီနဲ့ မဆိုင်ဘူး။ ပြီးတော့ သင်ယူလို့မရဘူး။ “ဈာန်” က ပင့်ယူရတာ၊ ကျင့်ယူရတာမျိုး ...။ ဒါကြောင့်မို့ ကဗျာဆရာက ကဗျာဆရာ့ ဒုလ္လဘကို တန်ဖိုးထားသလို ကျွန်တော်ကလည်း ကဗျာခံစားသူ ဒုလ္လဘကို ကျေနပ်တယ်။



ကျွန်တော်နဲ့ မျောက်ကလေး (၁၃)ကောင်


(က)

သြဂုတ်လ လဆန်းပိုင်းတုန်းက အင်္ဂလိပ်ဘာသာပြန် ဂျပန်ဟိုက္ကူကဗျာလေးတပုဒ်ကို မြန်မာဘာသာ ပြန်ဖို့ ကြိုးစားရာမှာ မအောင်မြင်လို့၊ တခြားချစ်မိတ်ဆွေတွေကို ၀ိုင်းကူပြီး ဘာသာပြန်ကြဖို့ မေတ္တာရပ်ခံခဲ့ ပါတယ်။ ဘာသာပြန်ကဗျာ (၁၁) ပုဒ်ရခဲ့ပါတယ်။
ကျွန်တော့်အခက်အခဲကို ၀ိုင်းကူပြီး ဖြေရှင်းပေးခဲ့ကြတဲ့ ချစ်မိတ်ဆွေတွေကို ပြန်လည်နွေးထွေးတဲ့ အနေနဲ့.. ပြီးတော့ ဘာပြုလို့ ကျွန်တော်ဟာ ဒီကဗျာလေးကို ကိုယ့်ဘာသာကိုယ် စိတ်တိုင်းကျအောင် ဘာသာမပြန်နိုင်ခဲ့တာလဲဆိုတာ ရှင်းပြတဲ့အနေနဲ့ ဒီဆောင်းပါးကို ကျွန်တော်ရေးလိုက်ပါတယ်။

Winter downpour _
even the monkey
needs a raincoat.
Basho
Transleted by Lucian Stryk

နှင်းတွေပြိုဆင်းကျ
မျောက်တကောင်အဖို့ရာပင်
မိုးကာလိုအပ်လှ
ဗသျှိုး

ဒါကတော့ ကျွန်တော်ဘာသာပြန်ကြည့်ထားတဲ့ ကဗျာပါ။ ကဗျာလေးကို ဘာသာပြန်ပြီးတဲ့အခါ၊ ငါဘာသာပြန်ထားတာ၊ ကဗျာဆရာပေးချင်တဲ့ Massage ကို ခြုံမိငုံမိရဲ့လားဆိုတဲ့အတွေး တွေးမိလို့ အဲဒီ ကဗျာလေးကို အကြိမ်ကြိမ်ပြန်ဖတ်ရပြန်ပါတယ်။ ပြီးတော့ ကဗျာဈာန်သမ္မာပါတ် ၀င်စားကြည့် တယ်ပေါ့ဗျာ။ ဒီတော့ စိတ်ထဲမှာ သံသယနည်းနည်းရှိလာတာနဲ့ အဲဒီသံသယမှန်များ မှန်နေမလား ဆိုပြီး၊ ဥရောပတိုက်သား မိတ်ဆွေတယောက်ဆီမှာ ဒီကဗျာလေးကို ပြကြည့်ပါတယ်။ မိတ်ဆွေက ကဗျာလေးကို ဖတ်ပြီးပြုံးပါတယ်။ သူ ကြိုက်တယ်ပေါ့။ ဒါနဲ့ ... ကျွန်တော်က အဲဒီကဗျာလေးရဲ့ အောက်က အခုလိုစာကြောင်းတကြောင်းကို ကွင်းစကွင်းပိတ်နဲ့ ထပ်ဖြည့်ပြီးပြလိုက်ပါတယ်။

Winter downpour_
even the monkey
needs a raincoat.
(also me)

ဥရောပတိုက်သားမိတ်ဆွေက ကျွန်တော် ထပ်ဖြည့်လိုက်တဲ့ စာကြောင်းလေးကိုလည်း ဖတ်ပြီးရော၊ အသံထွက်ပြီးကို ရယ်ပါတော့တယ်။ ဟား .... ဒါဆိုရင် ဟုတ်ပြီပေါ့လို့ ကျွန်တော်သိလိုက်ပြီ။ ကျွန်တော့်စိတ်ထဲမှာရှိတဲ့ သံသယက မှန်သွားပြီ။ ဒီကဗျာလေးက သရုပ်ဖော်သက်သက် ကဗျာ မဟုတ်ဘူး။ ဟာသနှောထားတဲ့ဘ၀သရုပ်ဖော် ဟိုက္ကူကဗျာလေးတပုဒ် ...။ တချိန်ထဲမှာလည်း ... ကျွန်တော့်ခေါင်းထဲမှာ အတွေးတချို့ လင်းလက်ရောက်ရှိလာခဲ့ပြီး ငါ ... ဒီကဗျာကို ဒီလိုပုံစံနဲ့တော့ ဘာသာပြန်လို့မဖြစ်သေးဘူး၊ သည့်ထက်ခြုံမိငုံမိတဲ့ ကဗျာဖြစ်အောင်လုပ်မှ ဖြစ်တော့မယ် ... ဒါဆိုရင် ဒီကဗျာလေးကို အချိန်ယူပြီး ဖတ်ရမယ်၊ စဉ်းစားရမယ်ပေါ့။
ဒီလိုအချိန်မှာပဲ .. ဂျာမာန်ကဗျာဆရာ “ဂွန်တာဂရပ်စ်” ရဲ့ ကဗျာခေါင်းစဉ်တခုကို ကျွန်တော်သွားပြီး စဉ်းစားမိပြန်ပါတယ်။ သူရေးတဲ့ကဗျာရဲ့ခေါင်းစဉ်က “ငါ့ရဲ့ ဆယ့်တချောင်းမြောက် လက်ချောင်း ကလေး” တဲ့။ ချက်ချင်းဆိုသလိုပဲ ကျွန်တော်ဟာ ကဗျာဈာန်တဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီး ရှင်ကြီးဗသျှိုးမှာလည်း ဂွန်တာဂရပ်စ်လို ဆယ့်တချောင်းမြောက် လက်ချောင်းကလေး ရှိနေတာ သွားတွေ့ရတော့တယ်။ ဒါနဲ့ပဲ ရှင်ကြီးဗသျှိုးရဲ့မြင်ကွင်းထဲက ဖျောက်ထားတဲ့ ဆယ့်တချောင်း မြောက်လက်ချောင်းကလေးရဲ့ ညွှန်ပြရာဆီ လိုက်ကြည့်ရတော့တာပေါ့။

ဒီအခါမှာ ရှင်ကြီးဗသျှိုးက သူပြောချင်၊ ပေးချင်တဲ့အကြောင်းအရာကို ကိုယ်စားပြုတဲ့ သင်္ကေတ (၃) ခု၊ ဒီကဗျာထဲမှာ ထည့်ရေးထားတာ ... ကျွန်တော်တွေ့ရတော့တယ်။ အဲဒါတွေကတော့ “နှင်းထုကြီး၊ မျောက်တကောင်၊ မိုးကာ” ... တို့ပါပဲ။ ဒီသင်္ကေတသုံးခုက ဘာကိုကိုယ်စားပြုတဲ့ သင်္ကေတတွေ ဖြစ်မလဲ။ ကျွန်တော်က အခုလို ဖွင့်ဆိုကြည့် မိတယ်”
ထုနှင့် ထည်နှင့် ပြိုဆင်းကျလာနေတဲ့ နှင်း = အင်မတန်ကြီးမားတဲ့ ဖိစီးမှုပယောဂ
မျောက် = စိတ်
မိုးကာ = ထွက်ပေါက်၊ မီခိုရာ၊ အကာအကွယ်
ဒီသင်္ကေတ (၃) ခု အနက်က၊ ကျွန်တော် စိတ်အ၀င်စားဆုံး သင်္ကေတကတော့ “မျောက်” ပါပဲ။ 

ရှင်ကြီး ဗသျှိုး ဒီကဗျာထဲမှာ အဓိကဇာတ်ကောင်အဖြစ် ယူထားတာ အဲဒီ “မျောက်” ပဲ။ ဒါဖြင့်ရင် “မျောက်” အစား ...တခြား သတ္တ၀ါတခုခုကို ထည့်ပြီးရေးရင်ကော ...။ ကျွန်တော့်ဘာသာ ကျွန်တော် “လူ” ကို ထည့်ကြည့်တယ်။ မဖြစ်ဘူးဗျ။ ကဗျာရဲ့ဟဒယရွှင်ဆေးက ပျောက်သွားတယ်။ ပြီးတော့ တိုက်ရိုက်ပြတဲ့သဘောဖြစ်သွားတယ်။ သင်္ကေတ မဆန်တော့ဘူး။ ဒါနဲ့ပဲ အဲဒီနေရာမှာ တခြားသတ္တ၀ါ တချို့ ... ခြင်္သေ့။ ခွေး။ သစ်တောက်ငှက်။ ဒါလည်း မဖြစ်နိုင်ဘူး။ ကဗျာဆရာပြောချင်တဲ့အကြောင်း အရာကို ကိုယ်စားမပြုနိုင်ကြဘူး။ ဒီနေရာမှာ “မျောက်” ကလွဲပြီး ဘယ်သင်္ကေတမှကို ယူလို့ မရနိုင် ဘူး။ ဒါဆိုရင် “မျောက်” ကိုထပ်ပြီး သရုပ်ခွဲကြည့်ရဦးမယ်ပေါ့။

အားလုံးသိကြတဲ့အတိုင်း “မျောက်” ဆိုတာက သတ္တ၀ါထဲမှာ ဘယ်တော့မှ အငြိမ်မနေတတ်တဲ့ သတ္တ၀ါမျိုး။ အမြဲတမ်း သူက Active ဖြစ်နေတဲ့ အမျိုးအစား။ ပြီးတော့ ရှင်ကြီးဗသျှိုးက ဗုဒ္ဓ၀ါဒီ၊ ရဟန်းတပါး။ ဒီတော့ ဗုဒ္ဓရဲ့အဆုံးအမထဲက လူ့စိတ်ကို မျောက်နဲ့နှိုင်းထားတဲ့ သြ၀ါဒတွေကို သူ သတိထားမိနိုင်တယ်။ ဒီတော့ လူ့စိတ်လူ့မနောကို ကိုယ်စားပြုတဲ့ သင်္ကေတကို ရွေးတဲ့အခါ “မျောက်” ကိုယူပြီး ရေးဖို့ သူဆုံးဖြတ်လိုက် တယ်။ တကယ်လို့သာ ရှင်ကြီးဗသျှိုး ဒီလိုရွေးခဲ့တယ် ဆိုတာမှန်ရင် ဒါဟာ အင်မတန်တိကျအံဝင်တဲ့ “သင်္ကေတ” ဖြစ်ရတော့မှာပေါ့။ 

ဒီလိုရွေးချယ်လိုက်တဲ့အတွက် ဒီကဗျာထဲက နှင်းထုကြီးရဲ့ အအေးဒဏ် သို့မဟုတ် ဖိစီးမှုပယောဂကို ပိုပြီး ဂုဏ်မြောက်သွားစေလိုက်တယ်။ 

ဒီလောက်တောင်မှ တရှပ်ရှပ်ဖြေးပြီး၊ တစက်ကလေးမှ အငြိမ်မနေတတ်တဲ့ နွေ မိုး ဆောင်းရာသီ အားလုံးကို အံတုဖက်ပြိုင်ပြီး အမြဲတန်းတက်ကြွလှုပ်ရှားနေတတ်တဲ့ မျောက်ကို၊ မိုးကာနဲ့ ခြုံပေး ရလောက်အောင် အေးတဲ့၊ သဲတဲ့ မိုးနှင်းထုက သာမာန်နှင်းထု၊ သာမာန်အေးခဲမှု မဟုတ်တော့ဘူးပေါ့။ “မျောက်” ကတောင် အရှုံးပေးရလောက်အောင်အေးတဲ့ အအေးဓာတ်က ဘယ်လောက်ကြီးသလဲ ဆိုတာ တွေးကြည့်မိတယ်။ တနည်းအားဖြင့် စိတ်ကို ထိုင်ကျသွားရလောက်အောင်၊ ကူပါကယ်ပါ၊ တစာစာ အော်ယူရလောက်အောင် (၀ါ) အကာအကွယ်နဲ့ အကူအညီမရှိရင် မဖြစ်နိုင်လောက်အောင် ဖိစီးလာနေတဲ့ နှင်းထု သို့မဟုတ် ပယောဂ၊ ဖိစီးမှု ....။

အံ့သြဖို့ကောင်းတာကတော့ ရှင်ကြီးဗသျှိုးက အဲဒီအကြောင်းအရာကို အဲဒီပြကွက်ကို ရိုးရိုးသရုပ်ဖော်ပြ ကွက်နဲ့မပြပဲ ... ဟဒယရွှင်ဆေးချယ်ပြီးမှ ပြလိုက်တဲ့ပြကွက်။ လူတချို့ လောကဓံကြိုး ရှစ်ချောင်း၊ တချောင်းထဲဖြစ်အောင်ကျစ်ပြီး အရိုက်ခံရပေမယ့် ခပ်ပြုံးပြုံး ခတ်ပေါ့ပေါ့ပါးပါးနဲ့ တောင့်ခံထားနိုင်တဲ့ သရုပ်ကို ဖော်ပြလိုက်တဲ့ ပြကွက်။ 

နှင်းမိုးကြီးပြိုကျနေတဲ့အောက်မှာ သစ်ရွက်ခတ်ကြီးကြီးတရွက်၊ ဒါမှမဟုတ် ဖက်ရွက် တခုခုကို ခေါင်းပေါ် တင်ပြီး ငြိမ်ကုတ်နေတဲ့ကြားက ခပ်ပြုံးပြုံးလုပ်နေတဲ့ မျောက်ကလေးတကောင်ကို ကျွန်တော် မြင်လာ ရတော့တယ်။ (ဒီနေရာမှာ အင်္ဂလိပ်ဘာသာပြန်သူက raincoat လို့ ရေးလို့သာ ကျွန်တော်တို့က မိုးကာ ဆိုပြီး ဘာသာပြန်ခဲ့ကြတာ။ မိုးကာဆိုလို့ .. ခုခေတ် ပလပ်စတစ် မိုးကာ အင်္ကျီကြီး မျက်စေ့ထဲ မြင်လို့ မဖြစ်ဘူး။)

ကဲ ... ဒါဆိုရင် ကျွန်တော် ထင်ရာမြင်ရာ စွတ်ပြီးပြောလိုက်တဲ့ ကျွန်တော့်အတွေးကို ခြုံမိငုံမိဖို့ဆိုရင် ကျွန်တော် အခု ဘာသာပြန်ထားတဲ့ကဗျာမျိုးနဲ့တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ဘူးလို့ ယူဆမိခဲ့တယ်။ ဒါနဲ့ပဲ ကိုယ်ဘာသာပြန်ထားတာကို အသာလျှိုထားပြီး ကဗျာချစ်တဲ့ မိတ်ဆွေတွေဆီ ၀ိုင်းကူဘာသာပြန် ကြဖို့ ဖေ့ဘုတ်စာမျက်နှာကတဆင့် ဖိတ်ခေါ် ကြည့်ခဲ့တာပါ။

ကဗျာချစ်သူတချို့ကလည်း “မင်းဒုက္ခနဲ့မင်း ရှိပါစေကွယ်” ဆိုပြီး ကွင်းမရှောင်ကြပဲ ကျွန်တော့်ကို ကူညီခဲ့ ကြလို့ အခုတော့ အင်္ဂလိပ်ဘာသာပြန်တဲ့ အထဲက မျောက်တကောင်၊ ကျွန်တော် ဘာသာပြန်တဲ့အထဲ က မျောက်တကောင်နဲ့ ၀ိုင်းကူဘာသာပြန်ကြတဲ့အထဲက မျောက် (၁၁) ကောင်၊ စုစုပေါင်း မျောက်ကလေး (၁၃) ကောင် ...။ နှင်းထုကြီးအောက်မှာ အအေးဒဏ်ကို ပုံစံအမျိုးမျိုးနဲ့ ခံစားနေကြရ လေရဲ့ ...။

(ခ)

ကဗျာဖတ်ရင် “ဈာန်” ကို မလွဲမသွေအကူအညီယူရပါလိမ့်မယ်။ “ဈာန်” ဆိုတာက ပါရမီနဲ့ မဆိုင်ဘူး။ ပြီးတော့ သင်ယူလို့မရဘူး။ “ဈာန်” က ပင့်ယူရတာ၊ ကျင့်ယူရတာမျိုး ...။ ဒါကြောင့်မို့ ကဗျာဆရာက ကဗျာဆရာ့ ဒုလ္လဘကို တန်ဖိုးထားသလို ကျွန်တော်ကလည်း ကဗျာခံစားသူ ဒုလ္လဘကို ကျေနပ်တယ်။

ကျွန်တော် ယုံကြည်မိတာ တခုက တခါတလေမှာ ကဗျာဖတ်သူက ကဗျာရေးသူထက်တောင်မှ ပိုပြီး ဝေး၊ ပိုပြီး မြင့်၊ ပိုပြီးနက်တဲ့ နယ်မြေသစ်တွေဆီကို ဈာန်နဲ့ရောက်အောင် သွားနိုင်တယ်ဆိုတဲ့ သဘောပါပဲ။
ချစ်မိတ်ဆွေများ ဒီဆောင်းပါးကိုဖတ်ပြီး လောကဓံကို ကြံ့ကြံ့ခံနိုင်တဲ့ တကယ်ခိုင်မာလုံခြုံတဲ့ “မိုးကာ” တခု ကိုယ်စီရှိနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။ ။