သစ်ခက်သံလွင်၊ ၅၄ နှစ်မြောက် ဇူလိုင် ၇ အထိမ်းအမှတ်၊ ဗမာပြည်မှပေးစာများ -အောင်ဆန်းစုကြည်


အောင်ဆန်းစုကြည် - ဗမာပြည်မှပေးစာများ

  ထိုအချိန်မှစပြီး ရန်ကုန်တက္ကသိုလ် ပရဝုဏ်အတွင်းတွင် စိုးရိမ်ထိတ်လန့်ဖွယ်ရာ အနံ့အသက်များက ပျံ့နှံ့ လာခဲ့လေတော့သည်။ ဇူလိုင်လ ၇ ရက်နေ့သို့ရောက်လာသည့်အခါ အထက်မှပစ်ခွင့်ကျလာသည်နှင့် လက် မရွံ့သေနတ်သမားများက လက်နက်ဆို၍ တုတ်တိုတချောင်းတောင်မကိုင်ဆောင်ဘဲ ငြိမ်းချမ်းစွာဆန္ဒ္ဒပြနေ ကြသော ကျောင်းသားအုပ်ကြီးအတွင်းသို့ စက်သေနတ်များဖြင့် စိမ်ပြေနပြေတရစပ်ပစ်ခတ်ခဲ့ကြလေတော့ သည်။ ထိုစဉ်က ကျဆုံးသွားခဲ့ကြသော ကျောင်းသားအရေအတွက်နှင့် အခြေအနေတို့နှင့်ပတ်သက်ပြီး ...

ဇူလိုင်လ၏ အောက်မေ့ဖွယ်နေ့ရက်များ
 
အမှန်စင်စစ် သာမန်အားဖြင့်ဆိုလျှင် ဇူလိုင်လသည် မှတ်မှတ်ရရ ကဗျာဆန်လောက်အောင် ထူးခားလှ သည့် လတလဟု မဆိုနိုင်ပေ။
ဇူလိုင်လသည် ပူပြင်းသောနွေရာသီကို တသသဖြစ်ခဲ့ရသော ဇွန်လနှင့် နေရောင်ခြည်တို့ ဝင်းဝင်း တောက် လာမည့်ရက်များကိုသာကြိုဆိုသော သြဂုတ်လတို့၏ကြားတွင် ညှပ်မိနေသောကြောင့်ဟု လည်း ဆိုနိုင်ပေ သည်။ လူသားများအနေဖြင့် ထူးခြားသောအနုပညာဖန်တီးမှုတို့ကို ပြုလုပ်လေ့ မရှိသော မထင်ရှားလှသည့် သာမန်လ တလလည်း ဖြစ်နေပြန်လေသည်။ ကျွန်မအနေနှင့် ဇူလိုင်လ၏အလှကိုဖော်ကျူးထားသော တေး ကဗျာတပုဒ်တလေကိုမှ ဖတ်ရှုရွတ်ဆိုဖူးခြင်းလည်း တခါမျှ မရှိခဲ့ပေ။
ကျွန်မအတွက်အမှတ်ရစရာဆို၍ အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် ကျောင်းတက်စဉ်အတန်းထဲတွင် စပ်ဆိုခဲ့သော ကဗျာ တပုဒ်လောက်သာ ရှိလေသည်။
"ဖုန်လုံးထ၍ မိုးစရွာသောဇူလိုင်လ" ဆိုသည့်ခေါင်းစဉ်နှင့် ကျွန်မကိုယ်တိုင်စပ်ဆိုသော မထင်ရှား လှသည့် ကဗျာတိုလေးတပုဒ်ပင် ဖြစ်လေသည်။ ထိုလတွင် အိန္ဒိယနိုင်ငံ၏မြောက်ပိုင်းရှိ ဒေလီမြို့ တွင် မိုးစရွာလာသည့်တိုင် ခြောက်သွေ့သောရာသီတွင် ထထောင်းထောင်းထခဲ့သည့် ဖုန်လုံးကြီး များကို နိုင်နိုင်နင်းနင်း မနှိမ်နင်းနိုင်သေးသည့် ကာလတခုဖြစ်လေသည်။

သို့ပါသော်လည်း ထိုင်းထိုင်းမှိုင်းမှိုင်းနိုင်လှသော ဇူလိုင်လသည်ကား အောက်မေ့ဖွယ်များ အလွန်များသည့် လတလ ဖြစ်နေပြန်လေသည်။ ပြင်သစ်နိုင်ငံအတွက် ဗာဆူကျူးအထိမ်းအမှတ်နေ့၊ အမေရိကန်ပြည်ထောင် စု၏လွတ်လပ်ရေးနေ့နှင့် ဂျာမနီနိုင်ငံမှအာဏာရှင်ဟစ်တလာအား လုပ်ကြံသတ်ဖြတ်သည့်နေ့များသည် ဇူ လိုင်လအတွင်းတွင် ဖြစ်ပွားခဲ့ကြလေသည်။

မြန်မာနိုင်ငံအတွက်လည်း သမိုင်းတွင်မည့် အမှတ်တရအောက်မေ့ဖွယ်နေ့ရက်များသည် ဇူလိုင်လထဲ၌ ပင် ဖြစ်ပွားခဲ့ကြပေသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် အတွင်းဝန်များရုံးတွင် ကက်ဘိနက် အစည်းအဝေးကျင်းပနေကြသော ကျွန်မဖေဖေနှင့်အပေါင်းပါများအား လူမသမာတို့က ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့ကြလေသည်။ လွတ်လပ်သောဒီမိုကရေစီ မြန်မာနိုင်ငံအဖြစ် ကြေညာရန် ၆လလောက် သာ လိုတော့သောအချိန်တွင် ဖြစ်လေသည်။

ထိုနေ့က ကက်ဘိနက်အစည်းအဝေးကျင်းပနေသော ရုံးခန်းထဲသို့ အစိမ်းရောင်ယူနီဖောင်းများ ဝတ်ဆင် ထားကြသော လူသတ်သမားလေးယောက်က ရုတ်တရက်ဝင်လာကြပြီး သူတို့လက်ထဲတွင် အသင့် ယူဆောင်လာကြသော စက်သေနတ်များဖြင့် တရစပ်ပစ်ခတ်ခဲ့ကြသောကြောင့် ကျွန်မဖေဖေအပါအဝင် ဝန်ကြီး ၇ ဦးနှင့် အခြားအရာရှိ ၂ ဦးတို့ ကျဆုံးသွားခဲ့ကြရလေသည်။ လွတ်လပ်သောမြန်မာနိုင်ငံဖြစ် လာသည့်အခါတိုင်းပြည်တိုးတက်ရေးအတွက်စီမံကိန်းများကိုအချိန်ယူရေးဆွဲနေခဲ့ကြသော နိုင်ငံခေါင်းဆောင် များခမျာ မိနစ်ပိုင်းအနည်းငယ်အတွင်းမှာပင် ကွယ်လွန်သွားခဲ့ ကြရ ရှာလေတော့သည်။

လူသတ်မှုကို ကျူးလွန်ခဲ့ကြသူများမှာ နိုင်ငံရေးသမားဟောင်းကြီး ဂဠုန်ဦးစောခေါင်းဆောင်သည့် လူအုပ်စု တို့ ဖြစ်ကြလေသည်။ သူတို့က နိုင်ငံရေးအာဏာကို ရွေးကောက်ပွဲမဲပုံးမှတဆင့်ရယူရန် မကြိုးစားဘဲလက် နက်အားကိုးသည့်အကြမ်းဖက်ပုံစံဖြင့် ကြိုးပမ်းခဲ့ကြခြင်းပင် ဖြစ်လေသည်။
ဦးစောသည် ကျွန်မဖေဖေတို့  ဦးဆောင်သော ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ် လပ်ရေး) ပါတီက ၁၉၄၇ ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သောရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည် ကိုမကျေနပ်သည့်အတွက် ရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့သူ ဖြစ်ပေသည်။ ကျွန်မဖေဖေတို့မရှိတော့ လျှင် သူတို့အုပ်စုအာဏာရလိမ့်မည်ဟု ဦးစောတို့က လွဲမှားစွာယူဆခဲ့ကြလေသည်။ သို့ပါသော်လည်း တဗိုလ်ကျတဗိုလ်တက်ဆိုသကဲ့သို့ ဖဆပလပါတီ၏ ဝါရင့်ခေါင်းဆောင်တဦးဖြစ်သော ဦးနုက ဆက်လက် ဦးဆောင်၍ မြန်မာနိုင်ငံအား လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်သော နိုင်ငံတနိုင်ငံဖြစ်လာအောင် ကြိုး ပမ်းခဲ့ကြသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၄ နှစ်အကြာ ၁၉၆၂ ခုနှစ် မတ်လတွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သောတော်လှန်ရေးကောင်စီက အများဆန္ဒအရ ရွေးကောက်တင်မြှောက်ထားသောအစိုးရလက် ထဲမှအာဏာကို သိမ်းယူလိုက်သည့်သမိုင်းတွင်မည့် အဖြစ်အပျက်ကြီးတခုက ထပ်မံဖြစ်ပွားလာခဲ့ပြန်လေ သည်။ ထိုအခါ သမိုင်းအစဉ်အဆက် တိုင်းပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော ရန်ကုန် တက္ကသိုလ်မှ ကျောင်းသားထုကြီးတရပ်လုံးကမခံမရပ်နိုင်အောင် ဖြစ်လာခဲ့ကြ လေတော့သည်။ သို့နှင့် တော်လှန်ရေးကောင်စီက တက္ကသိုလ်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းလာသည်ကို မကျေနပ်ကြ သည့်ကျောင်းသားများက သပိတ်တိုက်ပွဲကို စတင်ဆင်နွှဲလာကြလေတော့သည်။

ထိုအချိန်မှစပြီး ရန်ကုန်တက္ကသိုလ် ပရဝုဏ်အတွင်းတွင် စိုးရိမ်ထိတ်လန့်ဖွယ်ရာ အနံ့အသက်များက ပျံ့နှံ့ လာခဲ့လေတော့သည်။ ဇူလိုင်လ ၇ ရက်နေ့သို့ရောက်လာသည့်အခါ အထက်မှပစ်ခွင့်ကျလာသည်နှင့် လက် မရွံ့သေနတ်သမားများက လက်နက်ဆို၍ တုတ်တိုတချောင်းတောင်မကိုင် ဆောင်ဘဲ ငြိမ်းချမ်းစွာဆန္ဒ္ဒပြနေ ကြသော ကျောင်းသားအုပ်ကြီးအတွင်းသို့ စက်သေနတ်များဖြင့် စိမ်ပြေနပြေတရစပ်ပစ်ခတ်ခဲ့ကြလေတော့ သည်။ ထိုစဉ်က ကျဆုံးသွားခဲ့ကြသော ကျောင်းသားအရေအတွက်နှင့် အခြေအနေတို့နှင့်ပတ်သက်ပြီး ယနေ့ထက်တိုင် အငြင်းပွားနေကြဆဲပင် ရှိလေသည်။ အစိုးရဘက်မှ မိမိတို့ထိန်းထိန်းသိမ်းသိမ်း ပစ်ခတ် ခဲ့သောကြောင့် ကျာင်းသား ၁၆ ယောက် သာ သေဆုံးခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့လေသည်။

နောက်တနေ့နံနက်ပိုင်းတွင်ကား မြန်မာနိုင်ငံအတွက် ကြေကွဲစရာအကောင်းဆုံး ဇာတ်လမ်းတပုဒ်က ထပ် ဆင့်ဖြစ်ပေါ်လာခဲ့လေသည်။ ကျောင်းသားထုတရပ်လုံးက လွတ်လပ်ရေးတိုက်ပွဲတွင် နိုင်ငံရေးစင်မြင့် သဖွယ် အမြတ်တနိုးအသုံးပြုခဲ့ကြသော ကျောင်းသားသမဂ္ဂအ ဆောက်အဦကြီးအား အစိုးရက ဒိုင်းနမိုက်ဖောက်ခွဲကာ ဖြိုချလိုက်ကြခြင်းပင် ဖြစ်လေသည်။ ဝုန်းဆိုသောအသံကြီးနှင့် အတူခန့်ညားလှသည့် သမဂ္ဂအဆောက်အဦကြီးတခုလုံးမှာ ဧရာမအုတ်ခဲပုံကြီးအဖြစ်သို့ ပြောင်းလဲ သွားခဲ့ရှာလေတော့သည်။ ထိုစဉ်ကျောင်းသား အများအပြား သမဂ္ဂအဆောက်အဦကြီးအတွင်းတွင် စုဝေးခိုလှုံနေခဲ့ကြလေရာ သူတို့အားလုံးဘဝများသည် အဆောက်အဦကြီးနှင့်အတူ နိဂုံးချုပ် သွား ခဲ့ကြရရှာလေတော့သည်။

သို့နှင့် သမဂ္ဂအဆောက်အဦကြီးကို ဖြိုချလိုက်ပြီး ၂၆ နှစ်အကြာတွင် ကျောင်းသားထုတရပ်လုံးက တပြည်လုံးမှ ပြည်သူလူထုကြီးနှင့်အတူလက်တွဲကာ သပိတ်တိုက်ပွဲကိုစတင် ဆင်နွှဲလာကြလေ တော့သည်။ 
ကျောင်းသားထုတရပ်လုံး၏လှုပ်ရှားမှုကြီးကြောင့် မြန်မာနိုင်ငံအား ရာစုနှစ်လေးပုံတပုံမျှ တပါတီ အာဏာရှင်စနစ်ဖြင့် စိုးမိုးခြယ်လှယ်လာခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလည်း အရေးပေါ် ပါတီညီလာခံကို ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ခေါ်ယူကျင်းပခဲ့ကြရလေတော့သည်။ ထို ညီလာခံသည် ပြည်သူ လူထုတရပ်လုံးအား ဗိုလ်ကျစိုးမိုးလာခဲ့သည့်တပါတီစနစ်အား အပြီးတိုင် မြေမြှုပ်သုတ်သင်မည့် ပဏာ မတေးဖြစ်သော မျာက်မင်းအူသံကြီးပင် ဖြစ်လေသည်။
ထိုမျောက်မင်းအူသံကြီးမှာ တပြည်လုံးသိမ့်သိမ့်ခါအောင်ပျံ့နှံ့ကာ တုန်ခါသွားစေလေတော့သည်။ ထိုညီလာခံကြီးတွင် မဆလဥက္ကဋ္ဌဦးနေဝင်းလည်းနှုတ်ထွက်သွားခဲ့ပြီး ထိုညီလာခံမှတဆင့် တတိုင်း ပြည်လုံးအား တပါတီစနစ်နှင့် ပါတီစုံဒီမိုကရေစီစနစ်နှစ်ခုတွင် မည်သည့်စနစ်ကို ကြိုက်နှစ်သက် သည်ကို ပြည်သူတို့အားရွေးချယ်ခိုင်းရန် ညွှန်ကြားခဲ့လေသည်။ သို့ပါသော်လည်း ဦးနေဝင်း၏ နောက်လိုက်များက တပါတီစနစ်ကိုအတင်းဖိအားပေးကာ အသက်သွင်းရန် ကြိုးပမ်းလာသည့် အတွက် တိုင်းပြည်တဝှမ်းလုံးရှိ ပြည်သူအားလုံးက သမိုင်းတွင်မည့် သပိတ်တိုက်ပွဲကြီးကို ခြိမ့်ခြိမ့် သဲဆင်နွှဲကာ ဒီမိုကရေစီပြည်ဖုံးကားကြီးအား စတင်ဖွင့်ဟခဲ့ကြလေတော့သည်။

ဇူလိုင်လသည် ကျွန်မတဦးချင်းအတွက်လည်း အလွန်ဗျာများခဲ့ရသောလပင် ဖြစ်လေသည်။

အာဏာပိုင်များက ကျွန်မကို နေအိမ်အကျယ်ချုပ်ဖြင့်ဖမ်းဆီးခဲ့ခြင်းမှာ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ တွင် ဖြစ်လေသည်။

ထိုနေ့မတိုင်မီတရက်အလိုတွင် အိမ်နီးနားချင်းများက ကျွန်မ၏ခြံဝန်းရှေ့ ကားလမ်းပေါ်တွင် စစ် ကားများ ဥဒဟိုပြေးလွှားနေကြကြောင်း လာရောက်အသိပေးကြလေသည်။ မကြာခင်မှာပင် ဦးတင်ဦး၏သားက ကားဖြင့်ရောက်လာပြီး သူတို့၏နေအိမ်ကိုလည်း စစ်ကားများက ဝိုင်းထား ကြပြီး သူ့ဖခင်ကြီး၏အပြင်ထွက် လမ်းလျှောက်ခွင့်ကို ပိတ်ပင်လိုက်ကြကြောင်း အကြောင်းကြား လာခဲ့လေသည်။ ထိုအချိန်သည် ဦးတင်ဦး အား ၆ နှစ်ကျော်ကြာအောင် နေအိမ်တွင် အကျယ်ချုပ် ချလိုက် ခြင်းအတွက် နိဒါန်းအစပင် ဖြစ်လေသည်။

သို့နှင့် ကျွန်မနေအိမ်အကျယ်ချုပ်မှ စတင်လွတ်မြောက်လာခြင်းမှာလည်း လွန်ခဲ့သော ဇူလိုင်လ ၁၀ ရက်နေ့ပင် ဖြစ်နေပြန်လေသည်။ ထိုနေ့ညနေမှာပင် ကျွန်မသည် ဦးအောင်ရွှေ၊ ဦးကြည်မောင်၊ ဦးတင်ဦးတို့နှင့် ကျွန်မအိမ်တွင် တွေ့ဆုံတိုင်ပင်ကြပြီးနောက် လွန်ခဲ့သည့် ၆ နှစ်က မပြီးဆုံး သေးဘဲရပ်ထားခဲ့ကြသည့် ကျွန်မတို့၏လှုပ်ရှားမှုများကိုဆက်လက်လှုပ်ရှားရန် ဆုံးဖြတ်ခဲ့ကြပေ သည်။

ကျွန်မမှတ်မိသမျှ ထိုနေ့သည် လွန်စွာဆိတ်ငြိမ်လှသော နေ့တနေ့ဖြစ်သကဲ့သို့ သမိုင်းတွင်မည့် ထူးခြားသည့် နေ့တနေ့လည်း ဖြစ်ခဲ့ပေသည်။

အောင်ဆန်းစုကြည် - ဗမာပြည်မှပေးစာများမှ ...
တို့ဗမာအစည်းအရုံး Dobama Asiayone ဖေ့်ဘွတ်မှ ယူပါသည်။
 


Comments