သစ်ခက်သံလွင်ကဗျာစင်မြင့်- နေစိမ့်၊ ဝါကျဖြူ၊၊ အောင်ကိုကိုလတ်(တမူး)၊ ကမ်လူဝေးတို့၏ကဗျာများ

မျက်နှာဖုံးရှင်

www.smashingmagazine.com
 
ရောက်ရာအရပ်ကနေ နောက်ပြန်လှည့်ကြည့်မိတဲ့အခါ
ရှင်သူတွေပျော်ရွှင်ဖို့ သေသူတွေငိုကြွေးခဲ့ရတယ်
ကြယ်တေးသက်သက်ပါ
နှစ်ကာလများ အကန့်အသတ်မှာ
အမှန်တရားအတွက် ဘယ်သူကများ အရေပြားခွာချရဲသလဲ
အတိုင်းအဆမရှိ
လှည့်ဖျားကောက်ကျစ် ယုတ်မာမှုတွေရဲ့သိပ်သည်းဆ
ဦးနှောက်အတွင်းသား ထပ်ခိုးထဲခွေထည့်လို့
ဇစ်မြစ်ဗီဇကို မေ့မေ့လျော့လျော့ အကာအကွယ်နဲ့
ဂျင်းတဲလ်မင်းအခွံထူထူကို ထည်လဲဝတ်ဆင်ဖို့
မျက်လုံးထဲ လိပ်ပြာက အတောင်တဖျတ်ဖျတ်
သရုပ်ဆောင်သည် အော်စကာဆုနဲ့ထိုက်တန်ခဲ့သတဲ့
တခုခုဟာ အရေပြားအောက်က ဖြဲထွက်လာတော့မယ့်အတိုင်း
ချောင်းမြောင်းနေပုံပဲ ….
မျက်နှာမှာ မျက်နှာဖုံးတပ်ထားပေမယ့်
မျက်နှာမှာာ မျက်နှာဖုံးရှိမနေခဲ့ပါ
ခေတ်ကြီးက ဆွေးမြေ့တော့မယ်လို့ ကောလဟလဖြစ်နေပြီ
အကျောက်အကန် ငြင်းဆန်နေတုန်း
ဒါတောင်….
ကြယ်တွေကို သူ့နာမည်လိုက်ပေးမယ်တကဲကဲ …။ ။

နေစိမ့်


ပန်းချီဆရာရဲ့ကျောက်တုံးများ

painternyc.blogspot.com
 
တံစက်မြိတ်ကတစက်စက်ယိုနေတဲ့
စစ်ကြီးပြီးသွားရင်တော့
မျက်ရည်လေးတွေကိုအရောင်သွင်းပြီး
နေရောင်တွေရဲ့ချွေးစက်တွေကိုသုတ်ပေးဖို့
ဂူဘေးရဲ့ကျောက်တုံးခွဲသူများပန်းချီကားဟာ
အိပ်မက်ရှေ့မှာ မားမားရပ်လို့ ။

ဒီမနက်ခင်းလေးကတော့ ]
ဒယ်အိုးအပူပေါ်ကရေတစက်ပါပဲ
ရှဲခနဲ...အော်ဟစ်ပြီး
ပြန်ပျောက်ကွယ်သွားတယ် ။

နံရံပေါ်ကအသံတွေက
သာယာငြိမ့်ညောင်းတဲ့သံစဉ်တပုဒ်ပျံသန်းပြီး
ကမ္ဘာလောကလေပြေကိုသောက်စို့ဖို့
မညီညာတဲ့အသံတွေကို
ဒေါက်တွေနဲ့လှပစွာတွဲဆက်မှ
နေရောင်ဟာ အပူအအိုက်ပြေတော့မှာပါ ။

ရုတ်တရက်
နေ့ရက်တရက်ဟာ သူရှိကြောင်း သက်သေပြဖို့
လူနာခုတင်တွေပေါ်ကို
တယောက်ဆင်းပြီးသွားရင်
နောက်တယောက်ပြန်ရောက်လာခဲ့တာပဲ ။ 


ဝါကျဖြူ
10.07.2016 


မြေးအဘိုး

www.etsy.com

အဘိုးအိုက
သစ်ရွက်​​ကြွေတွေပေါ်
အသံမမြည်​​အောင်နင်လျှောက်ကြည့်တယ်

ကလေးလေးက
သစ်​​ရွက်​​ခြောက်​​တွေပေါ်
နင်းလိုက်လို့မြည်တဲ့အသံကိုသဘောကျနေတယ်

အဘိုးအိုက
သစ်ရွက်​​​ခြောက်​​တွေပေါ်လှဲအိပ်ပြလိုက်တယ်
ကလေးလေးကရယ်လို့မဆုံးတော့...။

အောင်ကိုကိုလတ်(တမူး)

….

ကျန်းမာရေးကောင်းပါစေ
 
improvedandnew.blogspot.com
သင်၏စိတ်ကောက်နေသော နိုင်ငံတော်က
သတင်း ထုတ်ပြန်ခွင့်တွေကို ပိတ်လိုက်ပြီ
အထိအခိုက်မခံနိုင်တဲ့
သင့်ရဲ့နိုင်ငံတော်အတွက်
သင့်ရဲ့ပါးစပ်ကိုပိတ်
သင့်ရဲ့အတွေးကိုသတ်
သင့်ရဲ့နားကိုဆို့
လူ့အခွင့်အရေး ကြေငြာစာတမ်းကို
ခဏမေ့ထားလိုက်ကြမယ်
သင့်ရဲ့နိုင်ငံတော်ဟာ
စိတ်ဆိုးသွာနိုင်တယ်
သင်ဟာ ဉာဏ်နည်းပေမဲ့
သင်ရဲ့နိုင်ငံတော်ကဉာဏ်ကြီးတယ်
ဉာဏ်နည်းတဲ့သူက
ဉာဏ်ကြီးတဲ့သူကို သည်းခံဖို့လိုတယ်
အနာဂတ်ဟာ သင့်လက်ထဲမှာမရှိဘူး
နိုင်ငံတော်က စီမံလိမ့်မယ်
နိုင်ငံသားကောင်းပီသမှုဟာ
အရာရာထက် အရေးပါတယ်
မီးပုံထဲကပြေးအထွက်
မီးတွင်းထဲပြုတ်ကျတာဟာလည်း
ဖြစ်တတ်တဲ့သဘောပဲဖြစ်တယ်
သင်၏နိုင်ငံတော် ကျန်းမာပါစေ။     ။

ကမ်လူဝေး

Comments