သစ်ခက်သံလွင် ကဗျာစင်မြင့်(၂)၊ စိုးခိုင်ညိန်း၊ တည်ဘွားဦး၊ ဒိုရာတို့၏ကဗျာများ

ဝမ်းနည်းမှတ်တမ်းတွေ

www.pinterest.com
ခြံဝင်းလေးနဲ့ အိမ်ကလေးတလုံး
မနက်ခင်းက သူမ ဘုရားရှိခိုးသံနဲ့
စပယ်ပင်လေးကို ရေဖြန်းနေတာ
မီးဖိုချောင်ထဲ ချက်ပြုတ်နေတာ
ပြတင်းပေါက်တွေဖွင့်
ကြက်မွှေးနဲ့သန့်ရှင်း
"ဆေးလိပ်ပြာတွေ တွေ့ရာခြွေတာပဲ"
ကြိုးတန်းပေါ်
အ၀တ်တွေက လေတဖျပ်ဖျပ်
သူမ သနပ်ခါးသွေးသံနဲ့
တအိမ်လုံးမွှေးလို့
ဆံနွယ်တွေကို ဖီးချလိုက်တော့
ခေါင်းလျှော်ရည်နံ့တွေ ကျလာတယ်
အကုန်လုံး သူ့ခြေသူ့လက်
ခန်းစီးစတွေ အပြည့်တပ်လို့။

အခု အဲဒီအိမ်ကလေး
ပြတင်းပေါက်တွေ အကုန်ပိတ်
တိတ်ဆိတ် မှောင်မှိုက်
တအိမ်လုံး ဆေးလိပ်တိုတွေပြန့်ကျဲ
စပယ်ပင်လေးလည်း သေဆုံး
တ၀င်းလုံး မြက်ရိုင်းတွေထ
သူမ မရှိတော့တဲ့ ကတည်းက။ ။


စိုးခိုင်ညိန်း


တကိုယ်ရေ နေ့တွေ
www.twocoatsofpaint.com
သြော် … …
သွားရှာပြီ
ရထားကြီး
ရန်ကုန်ကို ။ ။

တည်ဘွားဦး


ဦးခေါင်းခွံအကွဲများ
www.artwithmrsnguyen.com
အလင်းတွေဟာ စကားများတဲ့အမှုန်အမွှားတွေပဲ။
သူ့ကိုယ်သူပျောက်ဆုံးနေတဲ့ အံဝိုက်၊ ရင်ခွဲရုံထဲ
ဟောင်းလောင်းပွင့်နေတဲ့လှိုင်ခေါင်းကပြောတယ်။
ညဟာ မမှောင်ဘူး၊
ကားမီးသီးတွေဆီ ပိုးဖလံတွေ
သူ့ခန္ဓာကိုရိုက်ခွဲလောက်တဲ့အထိ မမှောင်ဘူး။
မှန်တချက်ဟာ အမြဲမှားယွင်းစွာနဲ့ နာရီကိုပြန်းပြောင်
ကြည့်တယ်။
မိမိအတ္တ၊ ထင်ယောင်ထင်မှားပုံရိပ်အစစ်
လူသတ်ကားထဲကချိတ်ကောက်
သော့ခလုတ်ဟာ သူ့ကိုယ်သူပြန်ခပ်ဖို့မကြိုးစားခဲ့လို့
သံချေးကိုက်နေတဲ့ပန်းပွင့်တွေ သေတ္တာထဲမှာ
လောင်ကျွမ်းခဲ့လို့၊
သစ်သားကျည်းဘောင်က
ငှက်တကောင်ဖန်တီးနေတာမဟုတ်ဘူး
အပိုစတွေ ဖဲ့ထုတ်နေလို့
ဇွန်ဘီတကောင်ဟာ သူ့ဆာလှောင်မှုကိုပြန်ဆာနေတာ၊
ဦးနှောက်ကဆာလှောင်မှုကိုရှာဖွေတာ

ဒိုရာ



Comments