မြို့ကလေးရဲ့ဧည့်သည်
အဇ္ဇုန
"ဒီပန်ချီကားတွေ ဖြစ်လာအောင် ငါကိုယ်တိုင် အနီးကပ်သင်ကြားခဲ့ရတာ။ မကြာခင်မှာ ဥရောပမှာ နေတဲ့ မိတ်ဆွေတွေနဲ့ ညှိနှိုင်းပြီး အဲဒီနိုင်ငံတွေမှာ ပန်းချီပြပွဲတွေ လုပ်မယ်စိတ်ကူးထားတယ်။ ငွေကအဓိက မကျပါဘူး။ ကမ္ဘာာပေါ်မှာ စက်ရုပ်ရေးတဲ့ ပန်းချီဆိုတာ မပေါ်သေးဘူးလေ။ ငါတို့ရဲ့ ရှေ့ဦးတီထွင်မှုကို ကမ္ဘာာကအံ့သြသွားစေရမယ်"
"ဆောင့်ဆွဲမိတဲ့ကြိုးက
ငါ့အသက်ကို ငင်နေတဲ့ကြိုး
ဒီလိုနဲ့ ဆောင်းတခုမှာ ငါပြန်နိုးတော့
ငါ့ကိုယ်ငါ ပြန်ခိုးခဲ့ရ.."
(၁)
မနက်အစောကြီး မြို့ကလေးဆီ
ကျနော်ပြန်ရောက်တော့ ဟိုးတုန်းကအတိုင်း မြို့ရဲ့ ကောင်းကင် မှာ နှင်းစိုနှင်းစတွေ
မှိုင်းမှိုင်းဝေဝေ။ နံနက်စာဆိုင်နဲ့ မျက်နှာချင်းဆိုင် လယ်ကွင်းတွေထဲမှာ
ကောက်သစ် ဖူးချိန်မို့ အစိမ်းရောင်တွေ သစ်လွင်နေတယ်။ ကောင်းကင်က တချို့နေရာတွေမှာ
မိုးသက်မပျယ်သေးတဲ့ တိမ်တွေ၊ တချို့နေရာတွေမှာ အောက်ခံ အပြာနုနုတွေ။ ညနေတခုမှာ
အရင်က ကျနော်တို့ ရပ်ကြည့်ခဲ့ ဖူးတဲ့ တောင်ကမူပေါ်ကနေ အဝေးတောင်တန်းတွေဆီ
ပြောင်းဖူးခင်းတွေကို ကျော်ပြီး ငေးကြည့်မိတယ်။
တောင်ညိုညိုတွေနောက်ခံက နေရောင်ဟာ
လွန်ခဲ့တဲ့ နှစ်တွေကအတိုင်းပဲ ဖြာဝေလို့။
သစ်ပင်အထပ်ထပ်နဲ့ မြို့ကလေးရဲ့
အိမ်အမိုးတွေကို အပေါ်စီးကမြင်ရတာ အရင်ထက် ပိုလှလာသလို ခံစားမိတယ်။
ဟိုးတုန်းကနဲ့မတူတာက တောင်ရိုးတလျှောက် မြွေတကောင်လို အလိုက်သင့်ရစ်ခွေလာတဲ့
ကွန်ကရစ်ရေမြောင်းတခုက လမ်းဝက်မှာ ကန့်လန့်ဖြတ် ထားတာပါပဲ။
တောင်ခြေလျောလျောလေး ဆီကနေ စက်ဘီးတွေနဲ့ အမောဆို့အောင် ကျနော်တို့လူငယ်တသိုက်
နင်းတက်ခဲ့ဖူးတာကို ပြန် သတိရတယ်။
ချွေးစို့ပြီး တထောင့်နားနေချိန်မှာ
စေတီရင်ပြင်ရဲ့ အစွန်အဖျားမှာ ကျနော်တို့ရဲ့ ပျိုလွင်လွင် အိပ်မက်တွေကို
တယောက်တနား ခင်းချခဲ့ဖူးကြတယ်။ အပြင်ဘဝတွေထဲမှာ အဲဒီအိပ်မက်တွေက
တရာသီစာသာဖြစ် ခဲ့တော့ နှစ်အနည်းငယ်ကြာလာတဲ့အခါ စကားမစပ်မိအောင် ကျနော်တို့
တခြားအကြောင်းတွေ ပဲ ရွေးရွေးပြောဖြစ်တော့တယ်။ ကျနော်တို့ကြားဖူးနားဝထက်တော့ လွန်ခဲ့တဲ့နှစ်တွေရဲ့ထောင့် တိုင်း၊
ကွေ့တိုင်းမှာ ရာသီပိုဆိုးခဲ့တယ်။
အကာအကွယ်မဲ့ဘဝတွေထဲ နွေကလည်းနွေအလျှောက်၊
ဆောင်းဆိုလည်း ဆောင်းအလျှောက် အကြမ်းအရမ်းဝင်ရောက် လာခဲ့တယ်လေ။
(၂)
မြို့လယ်လမ်းတွေပေါ်မှာ
ကျနော်နဲ့ရင်းနှီးဖူးတဲ့ လူဟောင်းတွေနဲ့လည်း ပြန်တွေ့ရတယ်။
သူတို့တွေက ကျနော်ကို မှတ်မိသလိုလို၊
မမှတ်မိသလိုလို၊ နဝေတိမ်တောင်ဖြစ်နေပုံပါပဲ။
ဘာမှမပြောင်းသေးတဲ့
အဘိုးအိုလင်မယားရဲ့ ညနေဆိုင်လေးဆီရောက်တော့ ဖော်ရွေ စကားဆို တတ်တဲ့ အဘိုးအိုကိုမတွေ့ရတော့။
ဇနီးသည်ကို ညှာတာတတ်တဲ့ အဲဒီအဘိုးအို မရှိတော့တဲ့ ဆိုင်ထဲမှာ အဘွားအို တယောက်တည်း
အဝေးကိုတွေငေးလို့။ ဆိုင်နဲ့မျက်နှာချင်းဆိုင် မြေကွက်လေးမှာ အမိုးမြင့်မြင့်
အဆောက်အဦးတခု တိုးလာပေမယ့် ဆိုင်လေးက အရင်အတိုင်း အိုမြဲ။
ဒီလိုအထီးကျန်ဆိုင်မှာ အထီးကျန်
အဘိုးအိုလင်မယားနဲ့ ဟိုးတုန်းကညနေတွေအကြောင်း ပြန်တွေးရင်း စိတ်တွေအုံ့ပျလာတယ်။
လမ်းတွေ ပိုကောင်းလာသလောက် ဒီလမ်းပေါ်က ကားတွေ အသွားအလာ ပိုကြမ်းလာတယ်လို့
ခံစားမိတယ်။ သက္ကရာဇ်တွေက အလျင်လိုလာတဲ့အခါ ကျောက်ရိုးလမ်းမတွေပေါ် ကွန်ကရစ်တွေကို
ချခင်းပြီး မြို့ကလေးကို ဒရွတ်တိုက် ဆွဲခေါ်နေတော့ တာပါပဲ။
(၃)
လွန်ခဲ့တဲ့ (၁ဝ) နှစ်ကျော်လောက်က မြို့လေးဆီ
ကျနော်ပထမဆုံးရောက်လာခဲ့တော့ အစိမ်းသက်သက် ပါပဲ။ မြို့လမ်းမတွေဟာ အခုလောက်
မလှပေမဲ့ လမ်းပေါ်ကလူတွေဟာ အခုလောက် အလျင်မလိုဘူးလို့ ထင်မိတယ်။ မီးတောင်
နှုတ်ခမ်းဝက မြို့ငယ်မှာ ကျနော် ခပ်ငယ်ငယ်တုန်းက သိထားတဲ့ ဒဏ္ဍာရီဆန်ဆန် သူရဲကောင်းတွေ
နေထိုင်ခဲ့မှန်း နောက်မှ ကျနော်သိခဲ့ရတယ်။
ကျနော့်ငယ်ဘဝ
နွေရာသီကျောင်းပိတ်ရက်တွေမှာ ဖတ်မိတဲ့စာအုပ်တွေထဲက သူရဲကောင်းတွေ ဟာ
စိတ်ဝင်စားဖို့ကောင်းတယ်။ နောက်တော့ ကျနော်ရဲ့ အားလပ်ချိန်တွေကို မြို့ကလေးမှာ
အချိန်ကုန်ဖို့ ဆုံးဖြတ်ပြီး အိမ်ကထွက်ခဲ့တယ်။ ကျနော့်ခရီးဆောင်အိတ်ထဲမှာ ဒီမြို့လေးဆီလာတဲ့အခါ လူတွေယူလာ ကြလေ့ရှိတဲ့ သင်တန်း ဆင်းလက်မှတ်တခုရယ်၊ နိုင်ငံသားစိစစ်ရေး ကဒ်ပြားရယ်ပါတယ်။
နောက်တော့ မြို့အစွန်
လျှို့ဝှက်အိမ်ကြီးတခုမှာ မြို့ရဲ့ အရေးကြီးပုဂ္ဂိုလ်တွေကို ကျနော်က
မေးခွန်းထုတ်ခဲ့ တယ်။ မြို့အုပ်ချုပ်ရေးမှုးမှန်း ကျနော်မသိခဲ့တဲ့ လူကြီးတယောက်ရဲ့
မြေအောက်ခန်းမှာ တပတ်လောက်နေ ထိုင်ပြီး ကျနော်မသိတဲ့ အကြောင်းအရာတွေကို
လွတ်လွတ်လပ်လပ် စာလုံးပေါင်းခဲ့ ဖူးတယ်။
အခုတခေါက် မြို့ကလေးဆီ ပြန်လာတော့
ကျနော့်ခရီးဆောင်အိတ်ထဲ ထည့်ထားတဲ့ သင်တန်း ဆင်း လက်မှတ်ရယ်
နိုင်ငံသားစိစစ်ရေးကဒ်ပြားရယ်က ဘာမှအသုံးမဝင် လှတော့ပါဘူး။ မြို့ရဲ့နာမည်ဟာ ကျနော်အတွက်
သူစိမ်းမဟုတ်ပေမဲ မြို့နေလူထုရဲ့လျှို့ဝှက်အပြုံးကိုတော့ ကျနော်နားမလည်တော့ပါ။
ကျနော်ရောက်ပြီး မကြာခင်မှာပဲ
မြို့ကလေးဆီ နောက်ထပ်လျှို့ဝှက်တဲ့ လူစိမ်းတွေ အလျှိုလျှို ရောက် လာကြတယ်။
သူတို့မျက်နှာတွေကို ကြည့်လိုက်ရင် အိပ်မက်တခုကနေ အိပ်မက် နောက်တခုဆီ ခုန်ကူး လာတဲ့လူတွေလိုပါပဲ။
အဲဒီလူစိမ်းတွေ စကားပြောတဲ့အခါမှာ သံတူကြောင်းကွဲပဲ ထွက်တာကို သတိထားမိတယ်။
သူတို့က မြို့ခံတွေရဲ့ ညံ့ဖျင်းမှုကို အားပါးတရပြောလေ့ရှိပြီး အပြန်အလှန်အနေ နဲ့
မြို့ခံတွေကလည်း သူတို့ကို အထင်ကြီးပုံ မပြကြဘူးလေ။
(၄)
နှစ်အတန်ကြာ ဘာအဆက်အသွယ်မှမရဘဲ ဒီမြို့က
အရေးကြီးပုဂ္ဂိုလ်တယောက်ကို လိုက်ရှာရတာ မလွယ်ပါဘူး။ သူကနေရာ ခဏခဏပြောင်းတတ်သလို
ဒီနှစ်တွေမှာ စကားနည်း သွားပြီး တခုခုကို လျှို့ဝှက်နေပုံရတယ်လို့ လူတွေက
ပြောနေကြတယ်။ လူတွေကိုလည်း တူတူ တန်တန် စကားပြော ဆက်ဆံလေ့မရှိတော့ဘူးတဲ့။
နောက်ဆုံးတော့ မြို့ရဲ့ ဘုံကျောင်းပျက် တခုထဲမှာ ကျနော် လိုက်ရှာနေတဲ့ အဘိုးအိုကို
တယောက်တည်း ဂါထာတွေ မနားတမ်း ရွတ်နေတာသွားတွေ့တယ်။
"လူလေး - နေကောင်းလား၊ မင်းတနေ့
ငါဆီပြန်ရောက်လာမယ်ဆိုတာ ငါသိတယ်"
မြို့ကလေးဆီ ကျနော်ရောက်ခါစရက်တွေမှာ
လူတွေပြောတဲ့ သူအကြောင်းတွေကို ပြန်ပြောပြ တော့ အဘိုးအိုက လျှို့လျှို့ဝှက်ဝှက်
ပြုံးတယ်။ သူ့အပြုံး က တခြား မြို့ခံတွေထက်တောင် ထူးဆန်းနေပါ တယ်။
နှစ်တွေကြာလာလို့လားမသိပါဘူး၊ သူမျက်နှာက မျက်နှာဖုံးက မျက်နှာနှင့် တသားတည်းဖြစ်နေပြီး
ရုတ်တရက်ကြည့်ရင် မျက်နှာဖုံးမပါဘူးလို့ ထင်ရတယ်။ (ကျနော်ပြောဖို့မေ့နေတာက
ဒီမြို့မှာနေတဲ့ လူတိုင်းမျက်နှာဖုံးဝတ်ကြတယ် ဆိုတာပါ)။
လွန်ခဲ့တဲ့နှစ်တွေက
ကျနော်အတွေ့အကြုံတွေကို နာရီဝက်လောက်မေးမြန်းအပြီးမှာတော့
"လူလေး-မင်းကိုပြစရာရှိတယ်" ဆိုပြီး ဘုံကျောင်းရဲ့ မြေအောက်ခန်းထဲ
ခေါ်သွားတော့တယ်။ အလင်းရောင် နည်းတဲ့ အခန်းထဲမှာ ကျနော့်အသက်အရွယ်၊ လူရွယ်တွေ နှစ်ဒါဇင်လောက်
တိတ်တိတ်ဆိတ်ဆိတ် အလုပ်လုပ်နေ ကြတယ်။
သူတို့မျက်လုံးတွေက သူတို့ရှေ့က
ကွန်ပျူတာမှန်သားကိုပဲ ကြည့်နေကြတယ်၊ သူတို့လက်တွေက အဘိုးအို ရဲ့ မျက်နှာဖုံးနဲ့
မျက်နှာတသားတည်းဖြစ်နေသလိုပဲ ကွန်ပျူတာခလုတ်တွေနဲ့ တသားတည်း။
ကျနော်တို့
ပြန်ထွက်လာတဲ့အထိ ကွန်ပျူတာ ခလုတ်သံတွေကလွဲလို့ အဲဒီလူတွေဆီက စကားသံ
တလုံးမှထွက်မလာပါဘူး။
"အဘိုးရဲ့လူတွေက အလုပ်ကြိုးစားတယ်နော်"
လို့ ကျနော်က တအံတသြမေးတော့ အဘိုးအိုက အားရသလို ပြုံးနေပါတယ်။ ဒီလူတွေ
ဒီလိုအလုပ်ကြိုးစားအောင် အဘိုးအိုက လေ့ကျင့်ပေးထားပုံ ရတယ်။ နောက်တော့
ကျနော်မျက်နှာကို သေသေချာချာကြည့်ပြီး..
"လူတွေမဟုတ်ဘူးကွ၊ စက်ရုပ်တွေ။
လူတွေနဲ့ အလုပ်လုပ်ရတာ အလုပ်မဖြစ်လို့ စက်ရုပ်တွေနဲ့ လုပ်နေတာကြာပြီ။ လူတွေက
ဆင်ခြေဆင်လက်တွေများတယ်။ ပြီးတော့လူမှုရေး ကိစ္စတွေ များတယ်။ ငါမကြိုက်ဆုံးက
ဒီမြို့မှာ လူတွေအားလုံး သံတူကြောင်းကွဲတွေချည်း"
"အား-ဟုတ်တယ်။ ကျနော်လည်း
ရောက်ကတည်းက သတိထားမိတယ်"
(၅)
တချို့လသာတဲ့ညတွေမှာ အဘိုးအိုက
မယ်ဒလင်တလက်နဲ့ ကျနော် မကြားဖူးတဲ့ ရှေးသီချင်းတွေ တီးဆိုလေ့ရှိတယ်။
သူ့သီချင်းထဲမှာ ကျေးငှက်တွေအကြောင်း၊ မြစ်တွေအကြောင်း၊ နန်းတော်ကြီး
အကြောင်းတွေပါလေ့ရှိတယ်။ ဒါပေမဲ့ အဘိုးအိုက ဘယ်သီချင်းကိုမှ ဆုံးအောင်ဆိုလေ့ မရှိပါဘူး။
သီချင်းထဲကအကြောင်းအရာတွေကိုလည်း ဆွေးနွေးလေ့မရှိပါဘူး။ တခါတလေ အဘိုးအိုက
သူ့ကိုယ်ပိုင် စိတ်ကူးတွေအကြောင်းကို အိပ်မက်မက်နေသူတယောက်လို ပြောပြတတ်တယ်။
"ကောင်လေး၊ မင်းသိတဲ့အတိုင်းပဲ။
အခုတိုးတက်တဲ့နိုင်ငံတွေမှာ လူအစား စက်ရုပ်တွေကို သုံးနေကြပြီလေ ကွာ၊ အဲဒီတော့
ငါ့အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်မလုပ်နိုင်သေးတာတောင် တနိုင်တပိုင်တော့
ခေတ်ကိုအမီ လိုက်ဖို့ ကြိုးစားနေတယ်။"
အနားမှာ သက်တော်စောင့် စက်ရုပ်တရုပ်က
သူပြောသမျှကို ခေါင်းတညိတ်ညိတ်။ ကျနော်တို့ စကားပြောနေတာကို နားလည်းသလားတော့
ကျနော် မသေချာပါဘူး။ ဒါပေမဲ့ သူခေါင်းက အဘိုးအိုရဲ့ စကားဆုံးတိုင်းမှာ တညိတ်ညိတ်။
"တကယ်တော့ ငါက စက်ပစ္စည်းတွေထက်
သဘာဝကိုပို ချစ်တဲ့ကောင်ပါ။ ငါ့စက်ရုပ်တွေကိုလည်း ငါ့လိုပဲသဘာဝကိုချစ်တတ်အောင်
လေ့ကျင့်ပေးတယ်။ လူတွေက ငါ့ကို ဘယ်လိုပဲ အကောင်း မမြင်ပေမဲ့ ငါဂရုမစိုက်ပါဘူး။ လာ
မင်းကို ပြမယ်"
ပန်းချီကားတွေချိတ်ထားတဲ့ အခန်းတခန်း။
ပန်းချီကားတွေထဲမှာ လသာတဲ့ညတွေမှာ အဘိုးအို ဆိုလေ့ရှိတဲ့ သီချင်းထဲက
နန်းတော်လို့ထင်ရတဲ့ အဆောက်အဦပုံ၊ အရောင်အသွေးစုံတဲ့ ပန်းမျိုးစုံတို့ကို
တွေ့ရတယ်။ အဘိုးအိုရဲ့ ပုံတူပန်းချီကားတွေက ပုံစံအမျိုးမျိုးနဲ့ အခန်းနံရံရဲ့
ထောင့်တိုင်းမှာ။
"ဒါတွေ အဘိုးဆွဲထားတာလား"
"မဟုတ်ဘူးကွ။ ဒီပန်းချီကားတွေကို
စက်ရုပ်တွေက သူတို့ကိုယ်ပိုင် စိတ်ကူးနဲ့ ဆွဲထားကြတာ"
"သြော် "
"ဒီပန်ချီကားတွေ ဖြစ်လာအောင်
ငါကိုယ်တိုင် အနီးကပ်သင်ကြားခဲ့ရတာ။ မကြာခင်မှာ ဥရောပမှာ နေတဲ့ မိတ်ဆွေတွေနဲ့ ညှိနှိုင်းပြီး
အဲဒီနိုင်ငံတွေမှာ ပန်းချီပြပွဲတွေ လုပ်မယ်စိတ်ကူးထားတယ်။ ငွေကအဓိက မကျပါဘူး။
ကမ္ဘာာပေါ်မှာ စက်ရုပ်ရေးတဲ့ ပန်းချီဆိုတာ မပေါ်သေးဘူးလေ။ ငါတို့ရဲ့
ရှေ့ဦးတီထွင်မှုကို ကမ္ဘာာကအံ့သြသွားစေရမယ်"
အဘိုးအိုရဲ့အသံမှာ စိတ်အားတက်ကြွမှုတွေနဲ့
ပေါ့ပါးလေးနက်နေတယ်။ အင်မတန် ခေတ်ရှေ့ပြေးပြီး ရည်မှန်းချက်ကြီးတဲ့ အဘိုးအိုကို
မအံသြဘဲ မနေနိုင်ပါဘူး။ ဒီလိုနဲ့ အဘိုးအိုနှင့်အတူ ဘုံကျောင်းပျက်ထဲမှာ
စာရေးစာဖတ်ရင်း၊ စက်ရုပ်တွေရဲ့ သဘာဝကို လေ့လာရင်း၊ လသာသာညတွေမှာ အဘိုးအိုနဲ့
စကားပြော ရင်း ကျနော် အချိန်တွေ ကုန်မှန်း မသိကုန်ခဲ့တယ်။
အဘိုးကတချို့အချိန်တွေမှာ စက်ရုပ်တွေကို
ညွှန်ကြားနေလေ့ရှိပြီး အားလပ်ချိန် အတော် များများကိုတော့ စာကြည့်ခန်းထဲမှာ
စာဖတ်နေလေ့ရှိတယ်။ လူသူအရောက် အပေါက်နည်းတဲ့ ဒီဘုံကျောင်းပျက်ထဲ နေခဲ့တဲ့ ရက်တွေမှာ
အဘိုးအိုက သူရွတ်နေတဲ့ ခက်ခဲတဲ့မန္တာန်တွေကို ကျနော့်ကို အတင်း သင်မပေးသလို၊
သူဆိုနေလေ့ရှိတဲ့ သီချင်းကိုလည်း အစအဆုံး ကျနော် မကြားခဲ့မိပါဘူး။ အဲလိုပဲ
စက်ရုပ်တွေဆီကလည်း ဘယ်တော့မှ ကိုယ်ပိုင်အသံမကြားမိပါဘူး။
(၆)
နေ့တနေ့။ အဲဒီနေ့က နေရောင်ဟာ
အရင်နေ့တွေကအတိုင်းပါပဲ။ ကောင်းကင်မှာ ငှက်တွေ ပုံမှန်အတိုင်း ပျံသန်းနေကြတယ်။
မြေပြင်တနေရာမှာတော့ အဘိုးအိုနဲ့ လူစိမ်းတွေ စကားပြော နေကြတယ်။ သူတို့ မျက်နှာတွေ၊
မျက်လုံးတွေကြည့်ရတာ တခုခုအရေးကြီးနေသလိုပဲ။ လူစိမ်းတွေပြန်သွားချိန်မှာ အဘိုးအိုက
ကျနော့်ကို ခေါ်တယ်။ သူမျက်နှာဟာ မြင်နေကျထက် ပိုလေးနက်နေတယ်လို့ ထင်ရတယ်။
တခုခုကိုစိုးရိမ် နေပုံလည်းရတယ်။
"လူလေး -မင်းလည်း
ဒီမှာနေလာတာကြာပြီဆိုတော့ တချို့ကိစ္စတွေသိထားသင့်တယ်။ တကယ်တော့
မင်းလည်းသိတဲ့အတိုင်းပဲ။ ငါ့အနေနဲ့ အပြင်ကအဖြစ်အပျက်တွေနဲ့ ခပ်ကင်းကင်း၊
ခပ်အေးအေးနေတာ ကြာပြီ။ အထူးသဖြင့် ဒီမှာ မြို့အုပ်ချုပ်ရေးအဖွဲ့က လူတွေအားလုံး
ငါ့ရန်သူတွေချည်းပဲ။ တိုတိုပြောရရင် သူတို့လုပ်ပုံကိုင်ပုံတွေကို ငါသဘောမကျဘူး။
မြို့သူမြို့သားတွေလည်း သံတူကြောင်းကွဲ တွေဆိုတာ ငါပြောဖူးတယ်။"
သူစကားနိဒါန်းပျိုးနေပုံက
အရေးကြီးကိစ္စတခုကို ကျနော့်ကို ဖွင့်ပြောတော့မယ့်ပုံပါပဲ။
"စောစောက လာသွားတာ
မြို့တော်လုံခြုံရေးတာဝန်ယူထားတဲ့ လူတွေပဲ။ မကြာခင်မှာ ငါတို့နန်းတော်ကြီးအတွက်
သူတို့တခုခု လုပ်ကြတော့မယ်"
"နန်းတော် "
ကျနော် နားကြားမှားသလား။ ဒါမှမဟုတ်
ကျနော်နေ့ဘက် အိပ်မက်မက်နေသလား။ ဒါမှမဟုတ် ကျနော် ဝတ္ထုတပုဒ်မှာ ဈာန်ဝင်စားနေသလား။
တခုမှ ဟုတ်ပုံမရဘူး။ ကျနော့်ရှေ့က အဘိုးအိုက စကားကို ဆက်တယ်။ သူမျက်နှာမှာ
ဝမ်းနည်းရိပ်တွေသန်းနေပြီ။
"တကယ်တော့ ဒီမြို့ကလူတွေအားလုံးဟာ
နန်းတော်ကြီးနဲ့ပတ်သက်ရာ ပတ်သက်ကြောင်းတွေ ချည်းပဲ။ ငါတို့နန်းတော်ကို ရန်သူတွေက
သိမ်းပြီး ငါတို့ဘုရင်ကိုလည်း ဖမ်းထားတယ်။ လက်နက်ချင်းမမျှလို့ ငါတို့ ဆုတ်ခဲ့ရတယ်။
ဒါပေမဲ့ အဖမ်းခံထားရတဲ့ ငါတို့အရှင်ကို ကယ်တင်ဖို့ ငါတို့အကြိမ်ကြိမ် ကြိုးစားလာတာ
အခုဆိုရင် လူလေးတသက်ရှိတော့မယ်"
ဒါဟာဒဏ္ဍာရီထဲကအကြောင်းတွေလား။
ပြဇာတ်ထဲက ဇာတ်ဝင်ခန်းတခုလား။ ဒီလိုအဖြစ်အပျက်မျိုး ကျနော် မမွေးခင်နှစ်တွေမှာ
တကယ်ဖြစ်ခဲ့တယ်လို့ ဘယ်သူမှပြောသံ မကြားဖူးဘူး။ ကျနော် ဖတ်မိတဲ့
ဘယ်စာအုပ်တွေထဲမှာလည်း မတွေ့မိခဲ့ပါ။ အဘိုး ဖတ်ထားတဲ့ ဝတ္ထုတပုဒ်ထဲက
ဇာတ်ဝင်ခန်းတခုကို ကျနော့်ကို ပြောပြနေတာလည်း ဟုတ်ပုံမရဘူး။ ဟာသပြောလေ့မရှိတဲ့အဘိုးအိုက ကျနော့်ကို အတည်ပေါက် နောက်နေတာလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။
"အခုငါတို့အင်အားတွေ
အတော်စုမိပြီ။ ရန်သူကိုယှဉ်နိုင်တဲ့အင်အားရပြီလို့ စောစောက လူတွေက ငါ့ကို ပြောတယ်။
သူတို့မှာ လူသူလက်နက် အတော်စုဆောင်းမိပြီ။ မကြာခင်မှာ ဒီမြို့ကတပ်တွေ အားလုံး
ငါတို့နန်းတော်ကြီးဆီ ချီတက်ပြီး ငါတို့ဘုရင်ကို ကယ်တင်တော့မယ်"
အဘိုးအိုရဲ့စကားအသွားအလာကိုကြည့်ရတာ
သူ့တို့ဘုရင်ကိုကယ်တင်ဖို့ နှစ်ပေါင်းများစွာ သည်းခံစောင့် လာပြီးမှ အခုအချိန်ဟာ
အချိန်ကောင်းပဲလို့ အခိုင်အမာ ယုံကြည်နေပုံပါပဲ။ ဒီတကြိမ်မှာ အရာအားလုံးကို
စွန့်လွှတ်ဖို့လည်း သေချာနေတယ်။
"အရင်က သူတို့နဲ့ ဘယ်လိုမှ
သဘောမတူပေမယ့် ဒီလိုအရေးကြီးတဲ့အချိန်မှာတော့ အားလုံးပြန် စည်းလုံး ရတော့တယ်။
ဘုရင်ကို ကယ်တင်ဖို့ကအဓိကပဲ။ ဒါကြောင့်သူတို့ တပ်တွေနဲ့ ငါတို့လည်း ချီတက်မယ်။
ဒါပေမဲ့ ငါတို့ဟာ ဘယ်သူ့နောက်လိုက်မှ မဖြစ်ချင်ဘူး။ ငါ့ဆီက စက်ရုပ်တပ်တွေကို
ရှေ့ဆုံးက တက်တိုက် ခိုင်းမယ်၊ ငါကိုယ်တိုင် စက်ရုပ်တပ်ကို တပ်ဦးကကွပ်ကဲပြီး
ငါ့အရှင်ကို ကယ်ထုတ်မယ်။ ဒါ - နောက်ဆုံး တိုက်ပွဲပဲ"
နိဂုံး
စာဖတ်သူအနေနဲ့ ဒီဝတ္ထုကို ဘယ်လိုအဆုံသတ်သင့်တယ်လို့ထင်ပါသလဲ၊၊
ဝတ္ထုမှာ ကောင်လေးနဲ့ အဘိုးအိုနှစ်တယောက်ကြားမှာ တခုခုတော့ လွဲနေပါပြီ။
မိတ်ဆွေတယောက်ကတော့ အဘိုးရဲ့နောက်ဆုံးတိုက်ပွဲမှာ ကောင်လေးကို ဝင်တိုက်စေချင်ပါ တယ်၊ နောက်တယောက်ကတော့
ကောင်လေးအနေနဲ့ မြို့ကလေးကနေ ထွက်သွားသင့်တယ်လို့ အကြံပြုပါတယ်။ ဒါမှ မြို့ကလေးရဲ့
ဧည့်သည်ဆိုတဲ့ ခေါင်းစဉ်နဲ့လည်း ဆီလျှော်မယ်လို့ အကြောင်းပြပါ တယ်၊
နောက်တယောက်ကတော့ အဘိုးအိုကို တယောက်တည်း မထားခဲ့သင့် ဘူးလို့ ဆိုပါတယ်။
ဝဝတ္ထုကို နိဂုံးချုပ်ရတော့မယ်၊
အရမ်းစိတ် လှုပ်ရှားနေတဲ့ အဘိုးအိုက ကောင်လေးကို စူးစူးစိုက် စိုက်ပြောနေပြန်ပါပြီ။
"ဒီမှာ လူလေး၊ တကယ်လို့
တိုက်ပွဲမှာ ငါကျသွားခဲ့ရင် ငါ့ရဲအိပ်မက်တွေကို လူလေး အကောင် အထည်ဖော်ပေးပါ"
ကောင်လေးတခုခုကို ဆုံးဖြတ်ရတော့မယ်၊
စိတ်ထဲကနေ နံပါတ်တွေကို ရေတွက်နေတယ်၊
၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ - -
(ပြီးပါပြီ)
အဇ္ဇုန
စာကြွင်း၊ ၊ ဤဝထ္ထု မှာ သက္ကရာဇ်မပါပါ၊
…
မှတ်ချက်။ ။ ဤဝတ္ထုတိုသည် ၂၀၁၁ အောက်တိုဘာလက မောက္ခမဂ္ဂဇင်းတွင် ဖော်ပြပြီးဖြစ်သည်။
Comments
Post a Comment